၂၀၁၆ ခုနှစ် ဖြစ်ပေါ်လာမည့် အယ်လ်နီညိုအကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအပေါ် ယခုလာမည့် နွေရာသီတွင် ဖြစ်ပေါ်နိုင်သည့် လျှပ်စစ်ဓာတ်အားအခြေအနေများကို အသေးစိတ်ဆွေးနွေး တင်ပြခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ၎င်း ဆွေးနွေးခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်အပေါ်တွင် ၆၀ ရာခိုင်နှုန်းကျော် အမှီပြုနေရသည့်အတွက် ရေအားလျှပ်စစ် ထုတ်ပေးနေသော ဆည်များသည် ရေအဝင်နည်းခြင်း၊ ဆည်ထဲရှိသည့်ရေများ ရေငွေ့ပျံနှုန်းမြှင့်မားခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်တိုင်း ထုတ်ပေးနိုင်ခဲ့ခြင်းမရှိသည်ကို နှစ်စဉ်ကြုံတွေ့ခဲ့ရပါကြောင်း၊ အထူးသဖြင့် ယခုနှစ်တွင် အယ်လ်နီညို သက်ရောက်မှုကြောင့် ရေလျော့နည်းဆုံးရှုံးမှု ပိုမိုဖြစ်နိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုလျော့နည်းနိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ အစီအမံများ ချမှတ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၆ ခုနှစ်၊ နွေရာသီတွင် အယ်လ်နီညိုသက်ရောက်မှုကြောင့် ရာသီဥတုပူပြင်းပြီး ရေလျော့နည်းမှုများ ပိုမိုဖြစ်လာနိုင်သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင် သက်ရောက်မှုများ ရှိလာနိုင်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လက်ရှိလောင်စာ အမျိုးအစားအလိုက် စက်တပ်ဆင်အင်အားများ ရေအား ၆၄.၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးတွင် ၃၃.၃၅ ရာခိုင်နှုန်း၊ ဒီဇယ်က ၁.၉၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် စက်တပ်ဆင်အင်အားကို ပြန်ကြည့်မည်ဆိုပါက ရေအားက ၇၂.၃၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးက ၂၂.၇၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေးက ၂.၉၃ ရာခိုင်နှုန်းဖြစ်ပြီး ဒီဇယ်က ၁.၉၃ ရာခိုင်နှုန်း ဖြစ်သည့်အတွက်ကြောင့် ရေအားလျှပ်စစ်ဓာတ်အား စက်ရုံများသည် ဓာတ်အားထုတ်လုပ်မှု ကျဆင်းခဲ့သည့်အတွက် ဓာတ်အားစနစ် တည်ငြိမ်မှုရရှိစေရန် ဝန်အားလျှော့ချပြီး အလှည့်ကျဓာတ်အားပေးရသည့် အခြေအနေများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့ကျသွားသည့် ပမာဏကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် အချိန်တိုအတွင်း ဓာတ်အားထုတ်လုပ်ပေးနိုင်သော သဘာဝဓာတ်ငွေ့သုံးအင်ဂျင်စက်များ ငှားရမ်းသည့် စနစ်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်း၊ ခွဲဝေရရှိသည့် သဘာဝဓာတ်ငွေ့လောင်စာကို အသုံးပြုပြီး စက်စွမ်းရည် ပိုမိုကောင်းမွန်စေရန် ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် နွေရာသီကာလများတွင် ဝန်အားလျှော့ချရခြင်းမရှိဘဲ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရေအားစက်ရုံများ၏ ရေလှောင် တမံများအတွင်း ရေဝင်ရောက်မှုအခြေအနေများကို ယခင်နှစ်များနှင့် နှိုင်းယှဉ်ကြည့်သည့် အခါတွင် ရဲရွာရေလှောင်တမံ ၁၄.၄၇ ပေ၊ ဇောင်းတူရေလှောင်တမံ ၉.၅၈ ပေ၊ သဖန်းဆိပ် ရေလှောင်တမံ ၁၃.၁ ပေ၊ ရဲနွယ်ရေလှောင်တမံ ၇.၉၄ ပေ၊ ခပေါင်းရေလှောင်တမံ ၁၀.၀၅ ပေ၊ ဆည်တော်ကြီးရေလှောင်တမံ ၄.၁၀ ပေ အသီးသီးမြင့်တက်ပြီး ရေသိုလှောင်ထားနိုင်သည်ကို တွေ့ရပါကြောင်း၊ သို့သော် မိုးဗြဲရေလှောင်တမံ ၂.၅၃ ပေ၊ ရွှေကျင်ရေလှောင်တမံ ၉.၈၇ ပေ၊ အထက်ပေါင်း လောင်းရေလှောင်တမံ ၄.၈၉ ပေ၊ ကျွန်းချောင်းရေလှောင်တမံ ၅.၃ ပေ၊ ကင်းသားရေလှောင်တမံက ၆.၀၄ ပေ၊ ဖြူးချောင်းရေလှောင်တမံက ၄.၁၃ ပေ၊ ကြီးအုံကြီးဝ ရေလှောင်တမံက ၁၄.၂၀ ပေ နှင့် သောက်ရေချပ်(၂)ရေလှောင်တမံက ၉.၃၂ ပေ အသီးသီး လျော့နည်းလျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်၊ နွေရာသီကာလတွင် အယ်လ်နီညိုသက်ရောက်မှုကြောင့် ရေလျော့နည်းမှု အနည်းငယ်ရှိသော်လည်း ရေအားစက်ရုံများ အနေဖြင့် ပုံမှန်လည်ပတ်မောင်းနှင်လျက်ရှိပါကြောင်း၊
၂၀၁၆ ခုနှစ်၊ နွေရာသီကာလမှာ ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တွက်ချက်ရာတွင် အများဆုံး ၂၇၃၀ မဂ္ဂါဝပ် ဖြစ်ပြီး ထုတ်လုပ်နိုင်မှုထက် ၂၈၀ မဂ္ဂါဝပ်ခန့် ထပ်မံလိုအပ်မည်ဟု ခန့်မှန်းရပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ နွေရာသီ အယ်လ်နီညို သက်ရောက်မှုကြောင့် ရေလျော့နည်းဆုံးရှုံးမှုဖြစ်ပေါ်ပါက ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ဖေဖော်ဝါရီလမှ ဇွန်လအထိ ၁၀၀ မဂ္ဂါဝပ်၊ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့မှ ကုဗပေ သန်း ၄၀ နှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများဖြစ်သည့် ကျောက်ဖြူ(Gas Turbine Engine)က ၄၅ မဂ္ဂါဝပ်၊ မြင်းခြံ(Gas Engine)က ၁၃၀ မဂ္ဂါဝပ်၊ သီလဝါ(Gas Turbine) ၂၅ မဂ္ဂါဝပ် စုစုပေါင်း ၃၀၀ မဂ္ဂါဝပ် ဓာတ်အားတိုးတက်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ နွေရာသီအတွက် တွက်ချက်မှုများအရ တိုးတက်လာမည့် ဓာတ်အားပမာဏ လိုအပ်ချက် ၂၈၀ မဂ္ဂါဝပ်အတွက် ဝန်ကြီးဌာနမှ ပုံမှန်ထုတ်လုပ်သည့် ၂၄၅၀ မဂ္ဂါဝပ်အပြင် ၃၀၀ မဂ္ဂါဝပ်အား ထပ်တိုးထုတ်လုပ်နိုင်ရန် စီစဉ်ထားရှိပြီး ဓာတ်အား ပို့လွှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အယ်လ်နီညိုရာသီဥတု သက်ရောက်မှုကြောင့် ရေလျော့နည်းဆုံးရှုံးမှုဖြစ်ပေါ်နိုင်သည့် ၂၀၁၆ ခုနှစ်၊ နွေရာသီကာလတွင် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်အားပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေး ကဏ္ဍအားလုံးတွင် ကြိုတင်ပြင်ဆင်စီမံထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
