စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် ဆင်းရဲနွမ်းပါး၍ လယ်ယာမြေပိုင်ဆိုင်မှုမရှိသော မိသားစုများစွာတို့သည် ရွှေကျင်ခြင်းဖြင့် အသက်ရှင်ရပ်တည်ခဲ့ကြ သည်မှာ ၁၀ စုနှစ်ပေါင်းများစွာရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ရွှေကျင်ခြင်းနှင့် အခြားလက်လုပ်လက်စား တွင်းထွက်သယံဇာတထုတ်ယူမှုများကြောင့် ပတ်ဝန်းကျင်ကို အနည်းနှင့်အများထိခိုက်မှု ရှိသည် ဖြစ်သော်လည်း လုပ်ငန်းကြီးများနှင့်နှိုင်းယှဉ်လျှင် သိသာစွာထိခိုက်မှုမရှိပါကြောင်း၊ ယခင် သတ္တုတွင်း ဥပဒေ(၁၉၉၄)အရ လက်လုပ် လက်စားထုတ်ယူခြင်းလုပ်ငန်းကို စက်ကိရိယာမပါဘဲ လက်ဖြင့်သာ ထုတ်ယူသည့်လုပ်ငန်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ ယင်းကို ပုဒ်မ ၁၀ အရ သက်ဆိုင်ရာ သတ္တုတွင်းလုပ်ငန်း သို့မဟုတ် ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းထားသည့်အရာရှိက ခွင့်ပြုမိန့်ထုတ် ပေးနိုင်ပါကြောင်း၊
၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော သတ္တုတွင်းဥပဒေကိုပြင်ဆင်သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၇၂)အရ လက်လုပ်လက်စားထုတ်ယူခြင်းကို ဥပဒေအရ သတ်မှတ်ထား သောမြင်း ကောင်ရေထက်မပိုသည့် စက်ကိရိယာကိုအသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီးရှိ လုပ်ကွက်စိစစ်ချထားရေးအဖွဲ့က ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန် ပြင်ဆင်ခဲ့သည့်ကို တွေ့ရှိရသော်လည်း သက်ဆိုင်ရာနည်းဥပဒေများ အဆင်သင့်မဖြစ်သေးသဖြင့် ယခုတိုင်ခွင့်ပြုမိန့် ချထားနိုင်ခြင်း မရှိသေးပါကြောင်း၊ လက်လုပ်လက်စားသမားများမှာ ဥပဒေနှင့်အညီ ခွင့်ပြု ချက် မရ ရှိနိုင်ပါသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ဥပဒေပြင်ပမှ တရားမဝင်လုပ်ကိုင်ရှာဖွေ ရုန်းကန် စားသောက်နေကြရသည် တွေ့မြင်နေရပါကြောင်း၊ ယခုအခါ ဥပဒေနှင့်အညီလုပ်ကိုင်ခွင့်ရရှိရန် အခက်အခဲဖြစ်နေသည့်အတွက် အခြေခံပြည်သူလူထုမှာ စားဝတ်နေရေးခက်ခဲကာ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် သတ္တုတွင်းဆိုင်ရာမူဝါဒများ၊ ဥပဒေသစ်များ၊ နည်းဥပဒေများ ပြီးစီးရန် စောင့်ဆိုင်းနေဆဲ ကာလတွင် လက်လုပ်လက်စားတွင်းထွက်တူးဖော်နေသူများအား သင့်လျော်သော အမိန့်၊ ညွှန်ကြား ချက်များဖြင့် စည်းကမ်း၊ နည်းလမ်းများချမှတ်ကာ တရားဝင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သတ္တုသယံဇာတကဏ္ဍတွင် သယံဇာတများနှင့်စပ်လျဉ်းပြီး ယေဘုယျအားဖြင့် အမျိုးအစား ခြောက်မျိုးခွဲခြားထားသည့်အနက် အုပ်စု(၃)မှ အုပ်စု(၆)အထိဖြစ်သည် ရွှေနှင့်အဖိုးတန်သတ္တုများ၊ ရွှေနှင့်အဖိုးတန်သတ္တုမှအပ အခြားသတ္တုများ၊ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းများနှင့် ကျောက်များ အတွက်ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ထုတ်လုပ်ခြင်းများကို မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ စိစစ်ပြီးတော့ ခွင့်ပြုပေးလျက် ရှိပါကြောင်း၊
မြန်မာ့သတ္တုတွင်းဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကနေပြီးတော့ ၆-၉-၁၉၉၄ ရက်စွဲပါဥပဒေအမှတ် (၈/၉၄)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး မြန်မာ့သတ္တုတွင်းနည်းဥပဒေကိုတော့ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက ၃၀-၁၂-၁၉၉၆ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၂၅/၉၆)ဖြင့် ဆက်လက်ထုတ်ပြန်ခဲ့ပါကြောင်း၊ ထုတ်ပြန်ထားသော သတ္တုတွင်း ဥပဒေပုဒ်မ ၁၀နှင့် မြန်မာ့သတ္တုတွင်းနည်းဥပဒေ ၄၄ အရ ဓာတ်သတ္တုလက်လုပ်လက်စားများကို လုပ်ကိုင်ခွင့်များပေးခဲ့ပါကြောင်း၊ ယခုအချိန်တွင် ခွင့်ပြုထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခု တွင် လက်လုပ်လက်စား ၃၁ ဦး ရှိပါကြောင်း၊ မြန်မာ့သတ္တုတွင်း ဥပဒေ(၁၉၉၄)ကို ပြင်ဆင်သည့် ဥပဒေကို ၂၄-၁၂-၂၀၁၅ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၇၂)ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၆ တွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ဆောင်ရွက်ခွင့်ရှိသော သတ္တု၊ စက်မှု တွင်းထွက်ကုန်ကြမ်းပစ္စည်း သို့မဟုတ် ကျောက်များနှင့်စပ်လျဉ်း၍ လက်လုပ်လက်စား ထုတ်လုပ်ခြင်း ကို လုပ်ကိုင်လိုသည့် နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းသည် ခွင့်ပြုမိန့်ရရှိရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်နှင့် ဖွဲ့စည်းတာဝန်ပေးအပ်သည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ကွက်စိစစ်ချထားရေးအဖွဲ့ကို သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၁၀တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ လုပ်ကွက် စိစစ် ချထားရေးအဖွဲ့သည် နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းသို့ သတ္တုစက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်း သို့မဟုတ် ကျောက်နှင့်စပ်လျဉ်း၍ လက်လုပ်လက်စားချထားခြင်း ခွင့်ပြုမိန့်ထုတ် ပေးရန် ပုဒ်မ ၆ အရ လျှောက်ထားချက်ကိုစိစစ်ပြီး ဝန်ကြီးဌာနနှင့်ညှိနှိုင်းသဘောထားရယူ၍ ခွင့်ပြု မိန့်ကိုထုတ်ပေး နိုင်သည်ဟုလည်းကောင်း ဖော်ပြထားပါကြောင်း၊
အထက်ဖော်ပြပါ ပုဒ်မ ၆ နှင့် ပုဒ်မ ၁၀ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရှိ လုပ်ကွက် စိစစ်ချထားရေးအဖွဲ့ကို ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖွဲ့စည်း ပေးနိုင်ကြောင်းကို ပုဒ်မ ၆(က)တွင် ထပ်မံပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါသတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ လက်လုပ်လက်စားလုပ်ကိုင်ခွင့်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်လုပ်ကွက် စိစစ်ချထားရေးအဖွဲ့သို့ တင်ပြလျှောက်ထားရမည်ဖြစ် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို နည်းဥပဒေအသစ်မှာ ထည့်သွင်းပြုစုထားပါကြောင်း၊ ယခုအခါ မြန်မာ့သတ္တုတွင်း နည်းဥပဒေကြမ်း ကို ရေးဆွဲပြီးဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ၁၁-၁-၂၀၁၇ ရက်နေ့တွင်ပေးပို့ ထားပြီးဖြစ်ကြောင်းနှင့် သဘောထားပြန်ကြားချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်အတည်ပြုပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမြန်ဆုံးထုတ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ကြောင့် နည်းဥပဒေအသစ်မထုတ်ပြန်မီ ကာလတွင် ၁၉၉၄ ခုနှစ် ဥပဒေအရခွင့်ပြုထားသည့် လက်လုပ်လက်စားလုပ်ကွက်များကိုသာ တည်ဆဲနည်းဥပဒေပါအတိုင်း သက်တမ်းတိုးခြင်းအားဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရွှေအပါအဝင် ဓာတ်သတ္တု၊ စက်မှုတွင်းထွက် ကုန်ကြမ်းနှင့်ကျောက်လက်လုပ်လက်စား လုပ်ကွက်အသစ်များကို ဥပဒေနှင့်အညီ တစ်ပြေးညီ တည်းဖြစ်စေရန်အတွက် နည်းဥပဒေအသစ်ထွက်ရှိမှသာ ခွင့်ပြုပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
