မိမိတို့နိုင်ငံတော်တွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ သည်မှာ ၂၀၁၀ မှ ၂၀၁၅ အထိ ပထမအကြိမ် လွှတ်တော်သက်တမ်း ပြီးဆုံးခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှစတင်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စတင်ခဲ့သည်မှာ ယခုအချိန်တွင် စတုတ္ထပုံမှန်အစည်းအဝေးအထိ တစ်နှစ်ကျော်ကာလ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် အရ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး အာဏာသုံးရပ်ကို အပြန်အလှန် ထိန်းကျောင်းပြီး ပိုင်းခြားကျင့်သုံး ခဲ့သည်မှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေခဲ့ပြီဖြစ်ပါကြောင်း၊
ပြည်သူများအနေဖြင့် ပြည်သူ၏ လိုအင်ဆန္ဒနှင့်အညီ ဖော်ဆောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် များကို လွတ်လပ်စွာရွေးချယ်ပေးအပ်ခဲ့သည်မှာ ရွေးကောက်ပွဲနှစ်ကြိမ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ သို့သော် ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် တစ်ဦးဦးသည် ၎င်းဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ သတ်မှတ်ထားသည့် အရည်အချင်းများ၊ အကျင့်စာရိတ္တများ ချို့ယွင်းလာပြီး ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်လာမည်ဆိုပါက ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို ယနေ့အထိ ပြည်သူများ မရှိသေးကြောင်း သတိပြုနေကြပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိကျင့်သုံးနေကြသော အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းအခွင့်အရေးကို ဒီမိုကရေစီစနစ်နှင့်အညီ ပေးအပ်သင့်ပြီဆိုသည့် ပြည်သူများ၏ အသံကိုလည်း ကြားသိနေရပါကြောင်း၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ မှာ တင်ပြပါအတိုင်း ဖော်ပြထားပါကြောင်း၊ အပိုဒ်ခွဲ(က) တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို အကြောင်းအရပ် ၅ ရပ်ဖြင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ အပိုဒ်ခွဲ(ခ) မှ (င) အထိတွင် လုပ်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြထားပါကြောင်း၊ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဟု ပါရှိပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို တင်သွင်းခဲ့ပြီး (၇၃) ရက် မြောက်နေ့တွင် ဆွေးနွေးခဲ့သည်ကို သိရပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ၁၃-၈-၂၀၁၅ ရက်စွဲပါစာအမှတ် ၃၈/စမ-စည်း(၂)(၂၉)ကမရ ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံ ယင်းဥပဒေကို ဆောလျင်စွာ ပြဋ္ဌာန်းပေးရန် ပေးပို့ခဲ့သည်ဟု သိရပါကြောင်း၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၇၇) ရက်မြောက်နေ့တွင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာကို ထပ်မံတင်သွင်းခဲ့ပြီး (၇၈) ရက်မြောက်နေ့တွင် ယင်းဥပဒေ အတည်ပြုရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရန် ဆိုင်းငံ့ရန် သင့်/မသင့်ကို ကိုယ်စားလှယ် ၁၃ ဦးဆွေးနွေးခဲ့ကြရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက် မဲ ၂၃၅ မဲ၊ ကြားနေမဲ ၁၂ မဲဖြင့် ယင်းဥပဒေကို ဆိုင်းငံ့ခဲ့သည်ဟု သိရပြီး ယနေ့အထိ ထွက်ပေါ်လာခြင်း မရှိသေးပါကြောင်း၊
မိမိတို့ လက်ရှိ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ပြုစုတင်ပြခဲ့သော ဦးစားပေးပြဋ္ဌာန်းရမည့် ဥပဒေ ၄၈ ခု ရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပါဝင်လာခြင်း မရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ယင်းနေ့ရက်မှာပင် တရားဥပဒေစိုးမိုးရေး (Rule of Law) နှင့် ပတ်သက်ပြီး ပြည်သူများနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော တရားမျှတမှုရှိသည့် ဥပဒေများ ပေါ်ထွန်းလာရေးနှင့် ယင်းဥပဒေကို ပြည်သူများအားလုံးက လိုက်နာကျင့်သုံးရေးဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ဥပဒေအရအုပ်ချုပ်ရေး (The Rule by Law) ကို အုပ်ချုပ်မှုအာဏာပိုင်က တရားမျှတမှုရှိခြင်း/မရှိခြင်း၊ ဖော်ဆောင်မှုရှိခြင်း/မရှိခြင်း၊ ရှင်းလင်းလွယ်ကူမှု ရှိခြင်း/မရှိခြင်း စသည့်အချက်များကို အဓိကမထားဘဲ သူတို့၏ အလိုကျ ရေးဆွဲထားသည့် ဥပဒေများနှင့် အုပ်ချုပ်သည်ဟု ဖော်ပြခဲ့သည်ဟု တွေ့ရပါကြောင်း၊ ယင်းတွေ့ရှိချက်များအရ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်နေပြီဟု မီးမောင်းထိုးပြခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ရန် အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းလိုက်နာဆောင်ရွက်ရန်၊ ဒီမိုကရေစီစနစ် ပီပြင်အောင်ဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်းပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလ ၂၇-၈-၂၀၁၂ ရက်နေ့က ၁ ကြိမ်၊ နောက် ၁၃-၈-၂၀၁၅ ရက်နေ့တွင် ၁ ကြိမ် ပြည်ထောင်စုလွှတ်တော်နာယကထံကို လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို တင်ပို့ပေးခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်များ အသီးသီးဆွေးနွေးခဲ့ကြပါကြောင်း၊ ဆွေးနွေးချက်များ ထဲတွင် အထူးအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(ခ) ၌ ပြဋ္ဌာန်းထားသော သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရမည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြခြင်း များပါကြောင်း၊ ယင်းဆွေးနွေးမှုတွင် ၁ ရာခိုင်နှုန်းအစား နိုင်ငံအသီးသီးတွင် ကျင့်သုံးကြသည့် မဲဆန္ဒရှင်၏ ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် မဲဆန္ဒရှင်၏ ၃ ပုံ ၁ ပုံ အင်အားရှိမှ သာ ပြန်လည်ရုပ်သိမ်းခွင့်ပြုထားပါကြောင်း အသီးသီးဆွေးနွေး ကြပြီးနောက် သဘောတူညီမှုမရဘဲ ဆိုင်းငံ့ထားရန် အဆိုတင်သွင်းခဲ့ရာ၌ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု၍ ယင်းဥပဒေ ကျန်နေခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ကျင်းပချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့ကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လေ့လာသုံးသပ်ပြီး လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပြည့်ပြည့်စုံစုံ ရေးဆွဲပြီး ထပ်မံတင်ပြပေးရန် မိမိတို့ကို လမ်းညွှန်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာလွှတ်တော်များနှင့် ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်မှအတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသောင်းအေး (ပျော်ဘွယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယင်းဥပဒေကို ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ရေးဆွဲပြီး ဆောင်ရွက်နေသည်ဟု သိရှိရသည့်အတွက် မည်သည့်အချိန်တွင် တင်ပြနိုင်မည်နှင့် မည်သည့်အချိန်တွင် အတည်ဖြစ်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးအောင်မြင့် အဖွဲ့ဝင်
မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပထမအကြိမ်လွှတ်တော်တွင် ဆွေးနွေးထားသော လွှတ်တော်ကိုယ်စားလှယ်အသီးသီး၏ ဆွေးနွေးချက်များကိုလည်း လေ့လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် မူဘောင်နှင့်အညီ ဖြစ်နိုင်သရွေ့ ပြည့်ပြည့်စုံစုံဖြစ်အောင် ဥပဒေကြမ်းရေးဆွဲပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေဆိုသည်မှာ အထူးအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သည့် ဥပဒေဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရေးဆွဲသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး မိမိတို့ ရေးဆွဲထားသည့်အပေါ် ပြန်လည်ပြင်ဆင်ဖြည့်စွက်နိုင်ရန် လွှတ်တော်ရောက်သည့်အခါ Issue များ များစွာ မပေါ်ပေါက်စေရန် ဆွေးနွေးရန်အတွက် မိမိတို့ စီစဉ်ထားပါကြောင်း၊ မိမိတို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေကြမ်း တစ်ရပ် ရေးဆွဲပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
