မြန်မာတိုင်းရင်းဆေးပညာရှင်ကြီးများအနေဖြင့် တိုင်းရင်းဆေး ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရန် ရှေးယခင်ကပင် ကြိုးစားလာခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ဝိဓမ္မာတောင်သာ သဘာဝဓမ္မ ဆေးပညာနှင့် သိမ်ဖြူဆေးသိပ္ပံသည်လည်း အလွန်ထင်ရှားအောင်မြင်ခဲ့ပြီး တိုင်းရင်းဆေး ဆရာအဖွဲ့ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ကြပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးသည် ၁၉၅၃ ခုနှစ်မှစတင်၍ ကျန်းမာရေးဦးစီးဌာနအောက် ဆရာဝန်များ၏ စီမံ အုပ်ချုပ်မှုနှင့် ရပ်တည်လာခဲ့သော်လည်း ၁၉၈၉ ခုနှစ် တိုင်းရင်းဆေးပညာဦးစီးဌာန စတင်တည် ထောင်ခဲ့ချိန်မှ စ၍ ယနေ့အထိ အနောက်တိုင်းဆေးပညာရှင် ညွှန်ကြားရေးမှူးချုပ် ၁၀ ဦး စီမံအုပ်ချုပ် ခဲ့ပါကြောင်း၊ တိုင်းရင်းဆေးပညာဌာနတွင် တိုင်းရင်းဆေးပညာရှင်များက အဓိက ဦးဆောင်မှု တာဝန်ယူခွင့် ရရှိခြင်းမရှိဘဲ အနောက်တိုင်းဆေးပညာရှင်များ၊ ဆရာဝန်များသာ ဦးဆောင်နေသည့်အတွက် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါကြောင်း၊ တိုင်းရင်းဆေး သိပ္ပံကို ၁၉၇၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ရာတွင် တိုင်းရင်းဆေး ဒီပလိုမာရရှိသူ ၂၁၈၇ ဦး၊ တိုင်းရင်းဆေး တက္ကသိုလ်မှ မြန်မာ့တိုင်းရင်းဆေး ပညာဘွဲ့ရရှိသူ ၁၀၉၇ ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ အခြားဘွဲ့လွန်နှင့် ပါရဂူဘွဲ့များ၊ တိုင်းရင်းဆေး ပညာ သုံးဘာသာ၊ လေးဘာသာနှင့် တိုင်းရင်းဆေးပညာ ၁ နှစ်သင်တန်းဆင်းများရှိသဖြင့် ယခုအခါ တိုင်းရင်းဆေးဆရာအင်အားသည် ၇၀၀၀ ခန့်အထိ ရှိပြီး ခေတ်ပညာတတ် တိုင်းရင်းဆေး ပညာရှင်များလည်း အလုံအလောက်ရှိနေသောကြောင့် တိုင်းရင်းဆေး ပညာဦးစီးဌာနကို ဦးဆောင်နိုင်စွမ်းရှိပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြား ဦးစီးဌာနများကဲ့သို့ ကျန်းမာရေးဦးစီးဌာနအောက်မှာ တိုင်းရင်းဆေးပညာဦးစီးဌာနကို တိုင်းရင်းဆေးပညာရှင်များ အဓိကဦးဆောင်သည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသော အခြေအနေ၊ အချိန်အခါ ကောင်းကို ရောက်ရှိနေပြီဟု ရိုးသားစွာယူဆပါကြောင်း။ ထို့ကြောင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှာ တိုင်းရင်း ဆေးပညာရှင်များကို အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးတာဝန်များ အထိ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
တိုင်းရင်းဆေး ပညာဦးစီးဌာန၏ လုပ်ငန်းဆောင်တာများတွင် တိုင်းရင်းဆေးပညာရှင်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကုသရေးလုပ်ငန်းများသာမက စီမံခန့်ခွဲရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများ၊ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းများ၊ ဆေးရုံလုပ်ငန်းများ၊ စက်ရုံလုပ်ငန်းများ၊ ပြတိုက်လုပ်ငန်းများ၊ ဉယျာဉ် လုပ်ငန်းများစသဖြင့် ပါဝင်နေပြီး ၎င်းလုပ်ငန်းများနှင့်သက်ဆိုင်သည့် တိုင်းရင်းဆေးပညာရှင်မဟုတ်သည့် ကျွမ်းကျင်သူပညာရှင်များလည်း လိုအပ်သည်ကို တွေ့ရှိရ သောကြောင့် တိုင်းရင်းဆေး ပညာဦးစီးဌာနအား ဦးဆောင်ဦးရွက်ပြုလုပ်မည့်သူအနေဖြင့် အဆိုပါ လုပ်ငန်းနယ်ပယ်အားလုံးအား ကျွမ်းကျွမ်းကျင်ကျင်၊ နှံ့နှံ့စပ်စပ်သိနားလည်ပြီး လမ်းညွှန်မှုပြု ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အနာဂတ်ကာလတွင် တိုင်းရင်းဆေးပညာရှင်များထဲမှ ထိုသို့ဦးဆောင်ဦးရွက်ပြုနိုင်မည့်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာသည့်အချိန်တွင် တာဝန်များ အဆင့် တိုးမြှင့်ပေးရန် စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးမြင့်ဦး(သနပ်ပင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မကြာခင်အချိန်က တိုင်းရင်းဆေးညွှန်ကြားရေးမှူးချုပ် လစ်လပ်ခဲ့ရာတွင် အနောက်တိုင်းဆေးပညာရှင်ဆရာဝန်ကြီးတစ်ဦးကို ခန့်အပ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင်လည်း တိုင်းရင်းဆေးတက္ကသိုလ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ကြီးတစ်ဦး လစ်လပ် လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၏ ဦးဆောင်ဦးရွက်ပြုသူသည် တိုင်းရင်းဆေး ပညာရှင်သာ ဖြစ်သင့်ပါကြောင်း။ တိုင်းရင်းဆေးရုံဆိုပါကလည်း ဆေးရုံအုပ်သည် တိုင်းရင်းဆေး ပညာရှင်ပဲဖြစ်သင့်ပါကြောင်း၊ ထို့ကြောင့် ယခု လစ်လပ်လျက်ရှိသော ရာထူးနေရာများသို့ တိုင်းရင်းဆေးဆရာ ပါမောက္ခများ၊ မဟာဘွဲ့ရသူများ၊ Ph.D ဘွဲ့ရသူများရှိသည့်အနက် အတွေ့အကြုံရှိရှိသူများကို ခန့်အပ်ရန်အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရာထူးတိုးမြှင့်ရေးကို စဉ်းစားဆောင်ရွက်ရာတွင် တိုင်းရင်းဆေး ဆရာများအပါအဝင် ဆရာဝန်များအားလုံးကို တန်းစီဇယားနှင့် စဉ်းစားပြီး ၎င်းတို့၏ အတွေ့အကြုံ၊ ဘွဲ့ရရှိသော အမှတ်၊ လုပ်သက်ရမှတ်များကို ဘုတ်အဖွဲ့နှင့် စဉ်းစား ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းအားလုံးကို နှံ့နှံ့စပ်စပ်နှင့် သတ်မှတ်ထားသည့် အရည်အချင်း များနှင့် ပြည့်စုံသော တိုင်းရင်းဆေးပညာရှင်ထွက်ပေါ်လာသည့်အချိန်တွင် တိုင်းရင်းဆေးပညာ ရှင်များ ခန့်ထားပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
