၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ သစ်တောများထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းမှုပြုလုပ်ရန် နိုင်ငံတော်က စီစဉ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံပိုင် သစ်ထုတ် လုပ်ရေး လုပ်ငန်းပိုင် ဆင်အကောင် ၆၀ ကို အလောင်းတော်ကဿဖဘုရားဖူး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုသည်ဆိုသည်မှာ စာစောင်များ၊ မဂ္ဂဇင်းများတွင်သာ တွေ့ရှိရပါကြောင်း၊ ပုဂ္ဂလိက ပိုင်ဆင်များအနေဖြင့် သစ်ထုတ်လုပ်သည့် လုပ်ငန်းဒေသများ ပြောင်းရွှေ့သွားလာပြီး အလုပ်ရှာဖွေလုပ်ကိုင်သည့် နေရာတွင် ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရန် သစ်တောဦးစီးဌာန က မျှောစာနှင့်ခွင့်ပြုချက်များရယူ၍ ပြောင်းရွှေ့သွားလာပြီး သက်ဆိုင်ရာမြို့နယ်များတွင် ဆင်များကိုမှတ်ပုံတင်ရပါကြောင်း၊ သစ်တောဦးစီးဌာနအဆင့်ဆင့်ကလည်း မျှောစာများနှင့် ပြောင်းလာသည့် ဆင်များကိုမှတ်ပုံတင်ဖြင့် ထိန်းသိမ်း၍ သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးပြီး ဆောင်ရွက်စေပါကြောင်း၊ ယခုလိုသက်တမ်းတိုး ဆောင်ရွက်သေည့်အခါ ဆင်အတော်များများ သက်တမ်းတိုးမှု မလုပ်ကြခြင်းများ တွေ့ရှိရပါကြောင်း၊ မိမိတို့လှိုင်းဘွဲ့မြို့နယ်တွင် ၁၉၉၇-၉၈ မှ ၂၀၁၁-၁၂ ထိ မှတ်ပုံတင်သည့် ဆင်အကောင် ၉၃ ကောင်ရှိသည့်အနက် အမှန်တကယ် သေဆုံးခြင်းဟုတ်/မဟုတ် စိစစ်ရန်ခက်ခဲသည့်ဆင်က ၂၂ ကောင်၊ ကျန်သည့် ၇၁ ကောင်မှာ သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးပျက်ကွက်ခြင်းများ တစ်ကြိမ်မြောက်ပျက်ကွက်ခြင်းက ၂၁ ကောင်၊ နှစ်ကြိမ် မြောက်ပျက်ကွက်ခြင်းက ၁၆ ကောင်၊သုံးကြိမ်မြောက်ပျက်ကွက်ခြင်းက ရှစ်ကောင်၊ လေးကြိမ်မြောက် ပျက်ကွက်ခြင်းက ခုနစ်ကောင်နှင့် ငါးကြိမ်မြောက်ပျက်ကွက်ခြင်းက လေးကောင် ပျက်ကွက်သည့် အကောင်ပေါင်း ၅၆ ကောင်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ခရိုင်စိစစ်ရေးအရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ဖာပွန်မြို့နယ်တွင်လည်း အလားတူအခြေအနေမျိုးများရှိသည် တွေ့ရှိရပါကြောင်း၊ မိမိတို့ ကရင်ပြည်နယ် သည် တစ်ဖက်ယိုးဒယားနိုင်ငံနှင့် နီးစပ်သည့်ဒေသ ဖြစ်ပါကြောင်း၊ပုဂ္ဂလိကပိုင် ဆင်များသည် လုပ်ငန်းရှိရာဒေသများကို ပြောင်းရွှေ့သွားလာသည့် သဘာဝရှိသည့် အတွက်ကြောင့် စနစ်တကျ ထိန်းသိမ်းရန်လည်း တော်တော်ခက်ခဲပါကြောင်း၊ လက်ရှိဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုများမရှိခြင်းကြောင့် ဆင်များအတွက် လုပ်ငန်းများမရှိသဖြင့် ၎င်း ဆင်များကို တစ်ဖက်နိုင်ငံတွင် တရားမဝင် သွားရောက် ရောင်းချခြင်းမျိုးလည်း ရှိလာနိုင်ပါကြောင်း၊ နိုင်ငံပိုင်ဆင်များအပြင် နိုင်ငံသားပုဂ္ဂလိကပိုင် သစ်ဆွဲဆင်များသည်လည်း နိုင်ငံ၏ရတနာများဖြစ်သည့်အတွက် နိုင်ငံအတွက်မလိုလားအပ်သော ဆုံးရှုံးမှုများ ရှိလာမည် ဖြစ်သည့် အတွက် စိုးရပါကြောင်း၊ထို့ကြောင့် နိုင်ငံသားပုဂ္ဂလိကပိုင် ဆင်များနှင့်ပတ်သက်၍ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများမရှိစေရေးအတွက် တရားမဝင်ရောင်းဝယ်မှု များကြောင့် နိုင်ငံ၏ ရတနာများ လျော့ နည်း ပျောက်ဆုံးမသွားစေရေး တာဝန်ရှိသူများအနေဖြင့် ကာကွယ်တားဆီးရေးနှင့် အလုပ်အကိုင်ဖန်တီး ပေးနိုင်မည့်အစီအစဉ်များ ဆောင်ရွက်ထားနိုင်ခြင်းရှိ/မရှိနှင့် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို ရှင်းလင်းဖြေကြားပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆင်များကို မြန်မာနိုင်ငံ၏ အလွန်မြင့်မားသည့် တောင်ပေါ်ဒေသမှလွဲပြီး နေရာအနှံ့အပြားတွင် တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် သဘာဝတောများမှာ အဓိကကျက်စားပါကြောင်း၊ အိမ်မွေးဆင် မှတ်ပုံတင်စာရင်းများအရ ဆင်ဦးရေမှာ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပုဂ္ဂလိကပိုင်ဆင်အားလုံး ဆင်ပေါင်း အရေအတွက် ၄၀၀၀ ကျော်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းလက်ထက် ကတည်းကပင် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထားပြီး ၁၈၇၉ ခုနှစ်တွင် ပြဋ္ဌာန်းထားခဲ့သည့် ဆင်ထိန်းသိမ်းရေး ဥပဒေသည် မြန်မာနိုင်ငံအတွက် ပထမဆုံးတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ဥပဒေဖြစ်ပါကြောင်း၊ တောရိုင်း တိရစ္ဆာန်များနှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄) အရ ဆင်များကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊ ဤဝန်ကြီးဌာနအနေဖြင့် တောဆင်ရိုင်းများကို ဘေးမဲ့တောများအဖြစ် စုစုပေါင်းဧရိယာ ၉၂၀၅.၀၄ စတုရန်းမိုင်တွင် ထားရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝတောတောင် အခြေအနေအရ ယဉ်ပါးအောင် လေ့ကျင့်ထားသည့် သစ်ဆွဲဆင်များကို သဘာဝတောများက သစ်ထုတ်နိုင်ခြင်းအတွက် စီးပွားရေးအရတွက်ခြေကိုက်ပြီး သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်ပါကြောင်း၊ သဘာဝသစ်တောများမှ ထုတ်လုပ်မှုလျော့ကျလာခြင်းကြောင့် သစ်ဆွဲဆင်များ လိုအပ်မှုနည်းပါး၍ သဘာဝတောဆင်ရိုင်းများကို သစ်ထုတ်လုပ်ရေးအတွက် ဖမ်းဆီးခြင်းကို ခွင့်ပြုပေးခြင်းမရှိပါကြောင်း၊ သစ်ဆွဲဆင်များသည် လူနှင့်ယဉ်ပါးအောင် လေ့ကျင့်ထားပြီးသား ဖြစ်သည့်အတွက် သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် အသုံးမလိုသည့် ဆင်ယဉ်များကို သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism) နှင့် ဆင်စခန်း (Elephant Camp) များ တည်ထောင်ပြီး ဆင်စီးခြင်းတို့အတွက် အသုံးပြုမည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သစ်ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းထားသော်လည်း နှစ်စဉ်ပုံမှန်လုပ်နေကျအတိုင်း ဌာနဆင်များကို အစာရေစာကောင်းမွန်သည့် စားကျက်များတွင် ဆင်ငါးကောင်မှ ဆင်ခုနစ်ကောင်အထိပါဝင်သည့် ဆင်ဝိုင်းများအဖြစ် ဖွဲ့စည်းပြီး ဆင်ခေါင်း၊ ဆင်အုပ်၊ ဆင်ဝိုင်းတာဝန်ခံ၊ ဆင်ဆေးကု၊ နယ်တာဝန်ခံနှင့် ဒေသတာဝန်ခံတို့ကအဆင့်ဆင့် တာဝန်ယူပြီး စစ်ဆေးအုပ်ချုပ်လျက်ရှိပါကြောင်း၊ နေ့စဉ် ဆား/မန်ကျည်း ပုံမှန်ကျွေးပေးခြင်း၊ နှစ်စဉ် လည်ချောင်းကွဲ ကာကွယ်ဆေးနှင့် ဒေါင့်သန်းရောဂါဆေးထိုးပေးခြင်း၊ သွေးမှန်ကျင်ကြီး/ကျင်ငယ်စစ်ဆေးပြီး ရာသီအလိုက် သံချဆေး ကျွေးပေးခြင်းများကို ဆောင်ရွက်ပါကြောင်း၊ အရေးပေါ်ကျန်းမာရေးကျဆင်းမှု ဖြစ်ပေါ်လာသည့်ဆင်များကို ကုသပေးခြင်း၊ ဖြည့်စွက်အစာပေးခြင်းများကို ဆောင်ရွက်ပေးပါကြောင်း၊ ဌာနဆင်များအပြင် ပုဂ္ဂလိကပိုင်ဆင်များ ကျန်းမာရေးကုသရန်ကိုလည်း လိုအပ်ပါက ဌာနမှာ ရှိသည့် နယ်လှည့်ဆေးကုများမှ ဆင်များကို မော်တော်ယာဉ်များဖြင့် သွားရောက်ပြီး ကုသပေးခြင်း၊ ဆင်များမုံကျပြီး လွတ်မြောက်ခြင်းရှိပါကလည်း မေ့ဆေးများဖြင့် ပစ်ခတ်ပြီး ထိန်းသိမ်းပေးခြင်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိဝန်ထမ်းများမှ ဌာနဆင်များကို လစဉ်စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို၊ အစီရင်ခံစာများကို ပုံမှန်တင်ပြပေးခြင်းအားဖြင့် ဆင်များ၏ ကျန်းမာရေးများကို စောင့်ရှောက်ထားရှိပါကြောင်း၊
အခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့သစ်လုပ်ငန်းက သစ်များကို ပြန်လည်ထုတ်ပါကြောင်း၊ ထုတ်သည့်အခါတွင် မြန်မာ့သစ်လုပ်ငန်း ဆင်များအပြင် ပုဂ္ဂလိကဆင်များကိုလည်း အသုံးပြုပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာ့သစ်လုပ်ငန်းမှ အလုပ်လုပ်နိုင်စွမ်းမရှိသည့် အနားပေးဆင်များကို သဘာဝကို အခြေခံသည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်စီမံထားရှိပြီး ပုဂ္ဂလိကပိုင်ဆင်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း၊ဆင်များ၏အနာဂတ်နှင့်ပတ်သက်ပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးပြောဆိုခြင်းများကို ဆောင်ရွက်ထားရှိပါကြောင်း၊ နှစ်စဉ် ဆင်ဘက်ဆိုင်ရာလုပ်ငန်း အလုပ်ရုံများဆွေးနွေးပွဲ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း ၂၄-၁၀-၂၀၁၆ ရက်နေ့မှ ၂၆-၁၀-၂၀၁၆ ရက်နေ့အထိ မြန်မာ့သစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်း ဌာနလက်အောက်တွင်ရှိသည့် အမှတ် (၁) လေ့ကျင့်ရေးသင်တန်းကျောင်း၊ နန်ချွန် တွင် ပြည်တွင်း/ပြည်ပခရီးသွား လုပ်ငန်းအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဆင်ပိုင်ရှင်များအသင်းမှ ကိုယ်စားလှယ်တော်များ ဖိတ်ကြားပြီး ဆင်ဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ဆင်များ၏ အနာဂတ်ကောင်းမွန်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆင်များနှင့်ပတ်သက်ပြီး သြစတြေးလျနိုင်ငံ၊ ဗီယက်နမ်မြို့ အခြေစိုက် INGO ဖြစ်သည့် ဖောဘောဆိုသော အဖွဲ့အစည်းမှ မြန်မာ့သစ်လုပ်ငန်းတွင်ရှိသည့် ဆင်အို၊ ဆင်နာများ၊ ဆင်ငယ်များကို ပြုစုစောင့်ရှောက်ရန်အတွက် နှစ်ရှည်စီမံကိန်းကိုလည်း ပြုလုပ်ရန်အတွက် MOU ထိုးရန်အတွက် ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
