(င)-ဗန်းမောက်မြို့နယ်တွင်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၁၁.၂၀၁၆)

ဗန်းမောက်မြို့နယ်သည် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၄၇ ခု စုစုပေါင်းရပ်ကွက်ကျေးရွာအုပ်စု ၅၀ ရှိပြီး ရွာပေါင်း ၂၂၁ ရွာရှိပါကြောင်း၊ဦးကျော်စိုး လူဦးရေ ၁၁၀၀၀၀ ကျော်ခန့် နေထိုင်လျက်ရှိပြီး တိုင်းရင်းသား လူမျိုးများဖြစ်သော ရှမ်းနီလူမျိုး၊ ကဒူးလူမျိုး၊ ဂဏန်းလူမျိုး တိုင်းရင်းသားအများစု နေထိုင်ကြပြီး ဗမာ၊ ကချင်၊ ချင်း လူမျိုးအနည်းစုသာ နေထိုင်ရာဒေသ ဖြစ်ပါကြောင်း၊ မြို့နယ်အကျယ်အဝန်း ၈၄၄၆၆၈ ဧက ရှိပြီး စိုက်ပျိုးမြေဧက ၃၆၄၂၅ ဧကသာ ရှိပါကြောင်း၊စိုက်ပျိုးမြေဧကနည်းပါးသည့်အတွက် မြို့နယ်အတွင်း ဆန်၊ စပါး ဖူလုံမှုအတွက်သာ ထုတ်လုပ်နိုင်ပြီး စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိပါကြောင်း၊ပထဝီအနေ အထားအရ တောတောင်များထူထပ်ပြီး မူးမြစ်၊ မဲဇာမြစ်၊ ချောင်းကြီးချောင်းတို့ မြစ်ဖျားခံရာ ရေဝေရေလဲဒေသလည်း ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသဖြင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်မှ နှိမ်‌့ကျကျန်ခဲ့ပါကြောင်း၊

ဗန်းမောက်မြို့နယ်တွင် သစ်တောကြီးများ ၇၅ ရာခိုင်နှုန်းကျော် ဖုံးလွှမ်‌းပါကြောင်း၊ ကျွန်းနှင်‌့ သစ်မာများ အများအပြား ထွက်ရှိသည့်အပြင် ရွှေ၊ သတ္တုများလည်း ထွက်ရှိသဖြင့် နိုင်ငံတော်အတွက် သယံဇာတများ ထုတ်လုပ်ပေးရန် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယခင်က ရွှေတူးဖော်ခြင်းလုပ်ငန်းများ များစွာ လုပ်ကိုင်ခဲ့ခြင်းကြောင့် လယ်ယာမြေများဆုံးရှုံးပြီး လယ်မဲ့၊ ယာမဲ့ ဘဝ ရောက်ရှိသူအများအပြားရှိခဲ့ပြီး စာဝတ်နေရေး မပြေလည်ခဲ့သည်များလည်း ရှိခဲ့ကြ ပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမား များ ပေါများခြင်း၊ နေရာဒေသအသီးသီးမှ ဝင်ရောက်လာသူများ ပေါများခြင်းနှင့်အတူ မူးယစ်ဆေးများ ပေါများခြင်းကြောင့် အိမ်ထောင်ဦးစီးဖခင်များ မူးယစ်ဆေးဝါးစွဲပြီး သားသမီးများ ဆက်လက် ပညာမသင်ကြားနိုင်သော အရေအတွက် ပိုမိုများပြား လျက်ရှိပါကြောင်း၊

ဗန်းမောက်မြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၉၅ ကျောင်းရှိပြီး မူလတန်းအဆင့်သင် ကျောင်းသား ၁၄၈၁၁ ဦး၊ အလယ်အဆင့်သင်ကျောင်းသား ၇၃၃၇ ဦးနှင့် အထက်အဆင့်သင်ကျောင်းသား ၁၃၈၂ ဦး ပညာသင်ကြားလျက်ရှိရာ အထက်တန်း အဆင်‌့သင် ကျောင်းသားအရေအတွက်သည် အနည်းငယ်သာ ဆက်လက်ပညာသင်ကြားနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ စီးပွားရေးအခြေအနေအရ ပညာမသင်နိုင်ဘဲ ကျောင်းထွက်သွားသူအများအပြား ရှိကြောင်းကိုလည်း သိရှိရပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းနှင့် ပြည်နယ်များမှ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများကို တိုးတက်လာစေရန် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး ဒေသဖွံ့ဖြိုးစေရန်အတွက် အနာဂတ် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များကို အ‌ခြေခံဆောင်ရွက်လျက်ရှိသည်ကို သိရှိ ရပါကြောင်း။

ဗန်းမောက်မြို့နယ်သည် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသ၊ ဆက်သွယ်ရေးခက်ခဲပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်မှ နိမ့်ကျလျက်ရှိသောဒေသ၊ သယံဇာတပေါများပြီးမှ သယံဇာတကျိန်စာသင်‌့ခံရသောဒေသ၊ ပညာရေးနက်နက်ရှိုင်းရှိုင်း နိမ့်ကျသောဒေသဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍  တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးအတွက် အနာဂတ် လူငယ်များ၏ ပညာရေးမြှင့်တင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော ဗန်းမောက်မြို့နယ်တွင်  တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးထာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဗိုလ်ချုပ်သန်းထွဋ်နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ရန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် နယ်စပ်ဒေသအသီးသီး၌ ၄၄ ကျောင်းအထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး   သင်တန်းကျောင်း ၆ ကျောင်း (ကလေး၊ ခန္တီး၊ ပင်လည်ဘူး၊ လေရှီး၊ လဟယ်၊ နန်းယွန်း) တို့တွင် ဖွင့်လှစ် ထားရှိပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဖောင်းပြင်)ကို တည်ဆောက်ဖွင့်လှစ်ရန် လျာထားပြီးလည်း ဖြစ်ပါကြောင်း၊

၂၀၁၆-၁၇ ပညာသင်နှစ်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လည်ဘူး)၌ ဗန်းမောက်မြို့နယ်မှ တိုင်းရင်းသားလူငယ်ကျောင်းသားများအနေဖြင့် ပဉ္စမတန်း ၁ ဦး၊ ဆဋ္ဌမတန်း ၆ ဦး၊ သတ္တမတန်း ၃ ဦး၊ အဋ္ဌမတန်း ၆ ဦး စုစုပေါင်း ၁၆ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ဗန်းမောက်မြို့နယ်ရှိ တိုင်းရင်းသား ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ပင်လည်ဘူးမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြားနိုင်ခြင်းကြောင့်လည်းကောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်နှင့် စီမံကိန်းလျာထားချက်များ တွင်လည်း ထည့်သွင်းလျာထားမှုမရှိခြင်းတို့ကြောင့် ဗန်းမောက်မြို့နယ်တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။