(ဂ)-သစ်တောမြေများအတွင်းအမှန်တကယ်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် လယ်မြေများအားဌာနမှ စွန့် လွှတ်ပေးရန်နှင့်သစ်တောဌာန၏သီးနှံ၊သစ်တောရောနှော စိုက်ခင်းများအောင်မြင်ရေးစီမံဆောင်ရွက် ထားသည့် အစီအစဉ်များရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၇)

ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး (ကလေး)မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသည့်နိုင်ငံဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကအခြေခံလိုအပ်ချက်သည် စိုက်ပျိုးမြေဖြစ်ပါကြောင်း၊ စုစုပေါင်းမြေဧရိယာ ဟတ်တာ ၆၇.၆၆ သန်း၊ ဧက ၁၇၁.၈၅ သန်း၊ အသားတင်စိုက်ဧက ဟတ်တာ ၁၀.၉၅ သန်း၊ ၃၀.၃၅ သန်းဧက၊ အသာတင်စိုက်ပျိုးမြေဧက ပါဝင်မှု ၁၇.၇ ရာခိုင်နှုန်း၊ လယ်မြေဧရိယာဧက ၁၄.၈ သန်းရှိတာ ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအတွင်း ဆန်အများဆုံးတင်ပို့သည့် နိုင်ငံများထက် စိုက်ဧက နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ၎င်းနိုင်ငံများသည် မိမိတို့နိုင်ငံဧရိယာထက် ကျဉ်းမြောင်းသည်ကို တွေ့ရှိရပါကြောင်း၊

မိမိတို့နိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်မှု အခြေအနေမြင့်မားလာသည့် ယခုနှစ်များအတွင်း စက်မှုလယ်ယာတို့ ထုံးစံအတိုင်း လယ်ယာလိုအပ် ချက်မြင့်မားလာတာနှင့်အညီ လုပ်ကွက်ငယ်လယ်သမားအချို့ မြေနေရာရွှေ့ပြောင်းမှုများလာခဲ့ပါကြောင်း၊ လက်လွှတ်ခဲ့ရသည့် လယ်သမားအချို့သည် အစားပြန်ရရန်အတွက် နီးစပ်ရာတောစပ်များတွင် ဓမ္မဦးချလယ်ယာမြေများ ဖော်ထုတ်ပြီး ရပ်တည်ကြရပါကြောင်း၊ ထို့ကြောင့်လည်း အသားတင်စိုက်ဧက ကျဆင်းမသွားခြင်း ဖြစ်သည်ဟု ယုံကြည်ရပါကြောင်း၊  ၎င်းနေရာတွင် အခက်အခဲဖြစ်နေသည်မှ လယ်ယာမြေများကို အစားပြန်ရရန် လယ်သစ်တည်ရသည့် တောင်သူများသည် သစ်တောဌာနပိုင်ကြိုးဝိုင်းများအတွင်း ကျရောက်သွားကြရခြင်း ဖြစ်ပါကြောင်း၊ သစ်တောဌာနအနေဖြင့်လည်း ကြိုးဝိုင်းများကို လယ်မြေမဖြစ်ခင်အချိန် ကတည်းက သတ်မှတ်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင်‌့ ထိန်းချုပ်ဟန့်တားရန် နှောင်‌့နှေးခဲ့ရပါကြောင်း၊ ၎င်းကိုဖြေရှင်းနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် ကြိုးဝိုင်းများအတွင်းရှိ လယ်မြေများကို ဌာနမှ အချက်အလက်များကောက်ယူပြီး စွန့်လွှတ်ပေးခဲ့ သော်လည်း အောင်မြင်မှုနည်းခဲ့ပါကြောင်း၊ ယခုလိုအောင်မြင်မှုနည်းခဲ့ရခြင်းသည် သစ်တောဌာန၏ အားနည်းချက်တစ်ခု မဟုတ်ဘဲ ဝင်ရောက်စိုက်ပျိုးသူတစ်ချို့၏ ပူးပေါင်းဆောင်ရွက်မှု အားနည်း ချက်များလည်း ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊  ဌာနမှ အချက်အလက်ကောက်ယူစဉ် တစ်ချို့ တောင်သူများသည် အမှန်တကယ် လယ်အဖြစ်စိုက်ပျိုးနေကြသော်လည်း ယာမြေဖြစ်ကြောင်း တင်ပြ ခဲ့ခြင်းများရှိသလို ၂၀၁၃ ခုနှစ်တွင် ယာမြေများသည်လည်း ယခုအချိန်တွင် လယ်မြေများအဖြစ် တိုးတက်လာ  ခြင်းများလည်းရှိပါကြောင်း၊

တစ်နိုင်ငံလုံး၏ အတိုင်းအတာနှင့် သစ်တောမြေအတွင်း ဝင်ရောက်စိုက်ပျိုးနေ သည့် ဧကပေါင်းမည်မျှရှိသည်ကို မခန့်မှန်း၊ မတွက်ချက်နိုင်သော်လည်း  မိမိမဲဆန္ဒနယ်အတွင်း သစ်တော မြေအတွင်းဝင်ရောက်စိုက်ပျိုးနေသည့် ဧကပေါင်း ၁၀၀၀၀ ထက်မနည်းရှိသည်ကို လူထုတွေ့ဆုံ ပွဲများတွင် တောင်သူများ၏တင်ပြချက်အရ အကြမ်းဖျင်းသိရှိရပါကြောင်း၊  သစ်တောဌာန၏ အခြေခံမူဝါဒများမှ တစ်ခုဖြစ်သည့် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကျော်ကို သစ်တောများ အစဉ်ထာဝရ ဖုံးလွှမ်းရေးဆိုတာကို ထိန်းထားနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အထဲတွင် ကြိုးဝိုင်း အတွင်း စိုက်ပျိုးနေသည့် တောင်သူများကို မြေယာမဆုံးရှုံးစေဘဲ စဉ်ဆက်မပြတ်စိုက်ပျိုး နိုင်သည့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းများကို ဌာနရည်မှန်းချက်အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက် နေသည်ကိုသိရသည့်အတွက် တောင်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်း၊

သို့သော်ရည်ရွယ်ချက်သည် ယာစိုက်ခင်းများအတွက် အဆင်ပြေသောလည်း ၂၀၁၃ ခုနှစ် စာရင်းကောက်ယူရာတွင် အကြောင်းအမျိုးမျိုးကြောင့် လယ်မြေအဖြစ်စာရင်း မပေါက်သည့် လယ်မြေများနှင့် နောက်ပိုင်း မြေအမျိုးအစား တိုးတက်လာသည့် လယ်မြေများအတွက် သီးနှံရောနှောစိုက်ပျိုးရေးစနစ်သည် လယ်မြေ၏သဘောသဘာဝအရ သဟဇာတမဖြစ်နိုင်ဟု ထင်ပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် မိမိလယ်ယာမြေများ တည်တံ့ရေးအတွက် အထွက်နှုန်းတိုးတက်ရန် သွင်းအားစုများကို ဖြည့်ဆည်းရန်လိုအပ်သည့် အတွက် နိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြုမှုသည် အရေးတကြီးလိုအပ်နေပါကြောင်း၊ ထို့ကြောင့် သစ်တောမြေများ အတွင်း အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခဲ့သည့်  လယ်မြေများအားဌာနမှ စွန့်လွှတ်ပေးရန်ရှိ/မရှိနှင်‌့ သစ်တောဌာန၏ သီးနှံ၊ သစ်တောရောနှော စိုက်ခင်းများအောင်မြင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက် ထားရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။



 

ဖြေကြားသူ
သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
အဖြေ

သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဦးအုန်းဝင်း1နိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃ ရက်စွဲပါစာအရ သယံဇာတနှင်‌့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြိုးဝိုင်းနှင်‌့ကြိုးပြင်ကာကွယ်တောများ၊ သစ်တောနယ်မြေအတွင်း နှစ်ကာလ အတိုင်းအတာတစ်ခုအထိ ကျုးကျော်အခြေချနေသည့် ရွာစုနှင်‌့အိမ်ထောင်စုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့မှ ပူးပေါင်းပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီး တွင်ရှိသည့် မြေပြင်စာရင်းကောက်ယူခြင်းကို ကြီးကြပ်မှုကော်မတီ အဆင်‌့ဆင်‌့မှနေပြီး ၂၀-၂-၂၀၁၃ ရက်နေ့မှ ၂၅-၃-၂၀၁၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကောက်ယူခသည့် လုပ်ငန်းအဆင်‌့ (၄)ရပ်ရှိပါကြောင်း၊ (၁) အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက်ရွာများ၊ (၂) အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်မ ပေါက်ရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်မြေ/ အများပိုင်မြေများကို  သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်း၊ (၃) အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာများနှင်‌့ အမည်မပေါက်သော်လည်း အခိုင်အမာ တည်ဆောက်ပြီးဖြစ်သည့် ကျေးရွာများအတွက်  ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်မြေ/ အများပိုင်မြေများကို  ပယ်ဖျက်ပေးခြင်း၊ (၄) အိမ်ခြေ ၅၀ အောက်မှာ ပြန့်ကျဲနေသည့် အိမ်ထောင်စု များမှ ပြင်ပမှကျူးကျော်ဝင်ရောက်နေသည့် လယ်ယာမြေများကို စိစစ်ပြီး  ဖွဲ့စည်းနေရာချ ထားပေး ခြင်းနှင်‌့ သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်းတို့ဖြစ်ပါကြောင်း၊ ပထမအဆင်‌့၊ ဒုတိယအဆင့်၊ တတိယအဆင့်အနေနှင့် အားလုံးပယ်ဖျက် ပေးပြီးသည့် လယ်မြေဧကပေါင်း ၄၁၉၈၆၅.၂၄ ဧက ဖြစ်ပါကြောင်း၊ ကြိုးဝိုင်းနှင်‌့ ကြိုးပြင်ကာကွယ်တောများတွင်  နှစ်ကာလအတိုင်းအတာ အထိ တရားမဝင်ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေသည့် အိမ်ခြေများအတွက် ကျေးရွာသစ်များ ဖွဲ့စည်းနေရာချထားခြင်းလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာများ၏ မြို့ပြနှင်‌့ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းနှင့်အညီ အချိန်ယူစိစစ်ပြီး ဆက်စပ်ဝန်ကြီးများ၊ ဌာနများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူပေါင်းပြီး  ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၁၂-၁၂-၂၀၁၅ ရက်နေ့ ပဲရစ်မြို့တွင် ကတိပြုထားသည့်အတိုင်း နိုင်ငံမြေ၏  ၃၀ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော၊ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေ အဖြစ်ဖွဲ့ရမည်ဖြစ်ပါကြောင်း၊ ယခုလောလောဆယ် ကြိုးဝိုင်း/ကြိုးပြင်နှင့် ကြိုးပြင်ကာကွယ်တောနှင့်သဘာဝနယ်မြေ စုစုပေါင်း သည် ၃၀ ရာခိုင်နှုန်းသာ ရှိပါသေးကြောင်း၊ တစ်နည်းအားဖြင်‌့ ၁၀ ရာခိုင်နှုန်းဖွဲ့ရန် ကျန်သေးပါကြောင်း၊ ၁၀ ရာခိုင်နှုန်း ဖြစ်သည့်အတွက် မြန်မာပြည်၏ ဧရိယာနှင့်တွက်လျှင် ၁၆.၇ သန်းကို ၂၀၃၀ ခုနှစ်တွင် ဖွဲ့ရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင်‌့ တစ်ဖက်က တင်ပြထားသည့်လုပ်ငန်းစဉ် (ဃ)မှာပါသည့် အိမ်ခြေ ၅၀ အောက်ပြန့်ကျဲအိမ်ထောင်စုများအနက် ပြင်ပကကျူးကျော်ဝင်ရောက်လာသည့် ကော်မတီများကို စိစစ်ရန်အတွက် ၂၀၁၃ စာရင်းဇယားများအရဆိုပါက  တစ်နိုင်ငံလုံးတွင် လယ်မြေ ဧက စုစုပေါင်း ၂၀၀၀၀၀ နီးပါးကို ပယ်ဖျက်ပေးရမည်ဖြစ်ပါကြောင်း နှင့် ၎င်းကာလ စာရင်းကောက်ယူရာတွင် မပါဝင်ပါက ပယ်ဖျက်ခွင်‌့ပြုရေး ကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း။

ဒုတိယပိုင်းအနေဖြင့် သစ်တောဌာန၏ သီးနှံသစ်တောရောနှော စိုက်ခင်းများ အောင်မြင်ရေး စီမံဆောင်ရွက်ထားသည့် အစီအစဉ်နှင့်ပတ်သက်၍ သီးနှံသစ်တောစိုက်ပျိုးရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် စာရင်းများအရ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန် အထိ စုစုပေါင်းအိမ်ခြေ ၅၀ နှင့် အထက် ကျေးရွာဧရိယာ၏ ၁၅၁၁၆၂ ဧကကို CF အဖြစ် လက်မှတ်ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိနေသေး သည့် ၇၁၃၇၅ ဧကကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဆောင်ရွက်ခွင်‌့လက်မှတ်ရရှိရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊  ကျန်ယာမြေ  ၆၂၉၃၄၁ ဧက ကို မိမိတို့ ယခု ဆောင်ရွက်နေသည့် ၂၀၁၇-၁၈ မှ ၂၀၂၆-၂၇ မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းအစီအစဉ်ဖြင့် သီးနှံသစ်တောစိုက်ပျိုးခြင်း နည်းစနစ်များကို ဒေသခံအစုအဖွဲ့ပိုင် သစ်တောများလုပ်ငန်းတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ ဆောင်ရွက်ခြင်းကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်အတူ ပြည်တွင်း/ပြည်ပမှာရှိသည့် NGO များ၊ INGO များနှင်‌့ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ၎င်းမှတဆင့် ဖွဲ့စည်းထားသည့်  အမျိုးသားအဆင်‌့ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Community Forestry National Working Group-CFNWG)နှင့် သစ်တောဦးစီးဌာနမှ ဖွဲ့စည်းထားသည့် CF Unit (Community Forestry Unit) များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြီး သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ်နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်ခြင်း များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

သစ်တောဦးစီးဌာနမှ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်ကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ ဆောင်ရွက်ခြင်း အောင်မြင်ရန်အတွက် နှစ်စဉ်ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကိုလည်း ကူညီပံ့ပိုးပေးထားပါကြောင်း၊ CF အဖွဲ့တွင်ပါသည့် Unit များမှနေပြီး လစဉ်ပုံမှန်စစ်ဆေးပါကြောင်း၊ နှစ်စဉ်ဆောင်ရွက်သည့်လုပ်ငန်း တိုးတက်မှုများကိုလည်း နှစ်စဉ်သုံး သပ်ပြီး အခါအားလျော်စွာ အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပြီး အားနည်းချက်/အားသားချက်များကို လည်း ဖော်ထုတ်ပြီး အကြံဉာဏ်ပြုခြင်းများကိုလည်း ဆောင်ရွက်ပေးပါကြောင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုး၍ အောင်မြင်သည့် ဒေသခံအစုအဖွဲ့များကို မအောင်မြင်သည့် တစ်နည်းအားဖြင့် ဆက်လက်ဆောင်ရွက်နေဆဲ အဖွဲ့အစည်းများမှ လေ့လာခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ကြောင့် အထက် ဖော်ပြပါနည်းလမ်းများနှင်‌့ အစုအဖွဲ့ပိုင်သစ်တောများအောင်မြင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။