(င)-ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိသော ရွှေတူးဖော်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသော အရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ကြွေးကျန်များ ကျန်ရှိမှု မရှိအောင် ကောက်ခံသွားရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၇)

ဦးဇာနည်မင်း (ရွှေကူ)ပြည်ထောင်စုအစိုးရမှ သတ္တုသယံဇာတများ ထုတ်ယူသုံးစွဲရာတွင် နိုင်ငံ့အကျိုးစီးပွားကို အထောက်အကူပြု စေရန်နှင့်စီမံခန့်ခွဲနိုင်ရန်အတွက်လည်း ထုတ်လုပ်သူများမှလည်း ချမှတ်သည့်မူဝါဒ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်စေရန်အတွက်လည်းကောင်း နောက်တစ်ခါ ပြည်ထောင်စုအစိုးရတွင် လိုငွေပြနေသည့် ဘဏ္ဍာရေးအခန်းကဏ္ဍကို တစ်စိတ်တစ်ဒေသ အကျိုးပြုနိုင်ရန် အတွက်လည်း ရည်ရွယ်ပါကြောင်း၊ ၂၀၁၅-၁၆၊ (၉/၂၀၁၇) အစီရင်ခံစာတွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ထုတ်ယူသုံးစွဲခံစားသည့် စနစ်ဖြင့် လုပ်ငန်းရှင်များမှ နိုင်ငံတော်မှ ရရှိရန် အကြွေးကျန်သည့် ရွှေစင်ကျပ်သား ၁၀၇၅၆၀.၉ ကျပ်သားအထိ ကျန်ရှိနေသည်ကိုလည်း အစီရင်ခံစာများ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ နောက်တစ်ခါ အစိုးရအဖွဲ့အစည်းတို့မှ ရရန်ကျန်ရှိသည့် ငွေကျပ်အနေဖြင့် ၇၉၀.၅၃၂ သန်းအထိ ကျန်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် လိုငွေပြနေသည်မှာ ဆေးဝါးများဖြစ်ပါကြောင်း၊ ဆေးဝါးပစ္စည်းများကို လျာထားချက်အတိုင်း ၂၀၁၆-၁၇ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာတွင် ဝန်ကြီးမှပြောကြားသွားခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ချက် ဆောက်လုပ်ရေးပိုင်းအနေဖြင့် နိုင်ငံတိုးတက်နိုင်ရန်အတွက် ASEAN Level Infrastructure များကို တည်ဆောက်မည်ဆိုလျှင် အနည်းဆုံး US ဒေါ်လာ ဘီလီယံ ၆၀ လိုအပ်လျက်ပါကြောင်း၊ ယခုလို ကျန်ရှိနေသည့် အကြွေးများကို စနစ်တကျကောက်ယူပြီးမှ သုံးစွဲမည်ဆိုလျှင် နိုင်ငံအတွက် လိုငွေပြနေသည့် ဘတ်ဂျက်ကိုလည်း အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ထို့နောက် သတ္တုတွင်းဝန်ကြီးဌာနမှ ကျန်ရှိနေသည့် အကြွေးများကို မူဝါဒ (၄) ရပ်နှင့် ချမှတ်ပြီးမှ တောင်းယူရမည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အကြွေးကျန်များကိုလည်း သက်ဆိုင်သည့် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့်  အကြွေးစာရင်းမှ ပယ်ဖျက်ရမည်ဟု ပါရှိရပါကြောင်း၊ ၎င်းတို့အထဲတွင် ဒီမိုကရေစီစံနှုန်းအရ လွှတ်တော်၏ အခန်းကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်၏ အခန်းကဏ္ဍမပါရှိသည့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့် မညီသည့် မူဝါဒ (၄) ရပ် ကိုလည်း ပြန်လည်ဆန်းစစ်သင့်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေတူးဖော်ရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသောအရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ကြွေးကျန်များ ကျန်ရှိမှုမရှိအောင် ကောက်ခံသွားရန် အစီအစဉ်အစီရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဦးအုန်းဝင်းကြွေးကျန်နှင့်ပတ်သက်ပြီး စိစစ်ရာတွင် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်နိုင်သော်လည်း နိုင်ငံတော်ကို ပေးသွင်းရန် ပျက်ကွက်မှုကြောင့် ကျန်ရှိသည့်အကြွေး၊ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် လုပ်‌ငန်း ဆောင်ရွက်နိုင်မှု မရှိသောကြောင့် ဖြစ်ပေါ်သည့်အကြွေး၊ မြေပြင်ရှိလုပ်ငန်းကို အမှန်တကယ်ဆောင်ရွက်ခြင်း မရှိသော်လည်း စာချုပ်ပါစည်းမျဉ်းများအရ ပေးသွင်းရန် တာဝန်ရှိသည့်အတွက်ကြောင့် ဖြစ်ပေါ်လာသည့် အကြွေးကျန်များ ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ ၎င်း အကြွေးကျန်များနှင့် ပတ်သက်ပြီး ၃၀-၈-၂၀၁၃ ရက်မှစပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်အရ ၎င်း ကြွေးကျန်များကို နည်းလမ်းလေးသွယ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပါကြောင်း၊ နယ်မြေမငြိမ်းချမ်းသော ဒေသများတွင် ဖြစ်ပေါ်နေသည့် ကုမ္ပဏီများက ကြွေးကျန်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး နယ်မြေမငြိမ်းချမ်းမှုအတွက် သက်ဆိုင်ရာဒေသ အစိုးရ အဖွဲ့၏ ထောက်ခံချက်ဖြင့် ရွှေကြွေးကျန်စာရင်းအား ပယ်ဖျက်ခြင်း၊ ဌာနနှင့်ဆက်သွယ်မှု မရရှိသည့် ကုမ္ပဏီများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ အတည်ပြုပြီး ယင်းကုမ္ပဏီများ၏ ကြွေးကျန်စာရင်းများကို စုံစမ်းစစ်ဆေးရေး အဖွဲ့များနှင့်စစ်ဆေးပြီး ရွှေကြွေးကျန်စာရင်းမှ ပယ်ဖျက်ခြင်း၊ ရွှေပေးသွင်းရန် ကျန်ကုမ္ပဏီများအချို့မှ တချို့တစ်ဝက် ပေးသွင်းထားပြီး ကုမ္ပဏီများမှ ပေးသွင်းရန်ကျန်သည့် အကြွေးများကို စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့်စစ်ဆေးပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အကြေတောင်းခံသွားရန်နှင့် ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများကို  သက်ဆိုင်ရာတရားရုံးများမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်း၊ လုံးဝပေးသွင်းနိုင်ခြင်း မရှိသည့် ကုမ္ပဏီများကို ပေးသွင်းရမည့် ရွှေကြွေးကျန်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီးကုမ္ပဏီများကို သက်ဆိုင်ရာ တရားရုံးနှင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်းဆိုပြီး နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့သည့်အခါ ၃၀-၉-၂၀၁၇ ရက်နေ့အထိ ကြွေးကျန်ရွှေစင်က  ၁၄၁၂၁.၃၂ ကျပ်သားကျန်ပါကြောင်း၊ ၎င်းကြွေးကျန်များကို နည်းလမ်းလေးသွယ်ဖြင့် ကောက်ခံသည့်အခါ ပထမဆုံးနည်းလမ်းအရ ကုမ္ပဏီ ၄၆ ခုအတွက် ပယ်ဖျက်ပေးရသည့် ရွှေစင် ၂၁၀၅.၅၉ ကျပ်သားဖြစ်ပါကြောင်း၊ ကျန်ရှိသည့်  တတိယနည်းလမ်းနှင့် စတုတ္တနည်းအရ တရားစွဲဆိုထားသည့် ကုမ္ပဏီ ခြောက်ခုအနက် ခုနှစ်ခုသော ရာစုကုမ္ပဏီက ၂၃.၁၄ ကျပ်သား၊ ထိုနည်းတူ တရားရုံးတွင် ပြန်လည်ပေးသွင်းရန် အမိန့်ချမှတ် ထားပါကြောင်း၊ အံ့ဖွယ်ကမ္ဘာကုမ္ပဏီ၊ အောင်စစ်သွေးကုမ္ပဏီ၊ သိင်္ဂီအောင်ကုမ္ပဏီ၊ ဝင်းဝါရွှေစင်ကုမ္ပဏီ အကောင်းဆုံးရွှေစင်ကုမ္ပဏီစုစုပေါင်းက ပေးသွင်းရန်ကျန်ရှိသည့် ရွှေစင် ၃၅၉.၁၂ ကျပ်သားကို တရားရုံးတွင် တရားစွဲဆိုအမှုရင်ဆိုင်လျက် ရှိပါကြောင်း၊ နောက်ထပ်ကျန်ရှိသည့်  ကုမ္ပဏီလေးခုဖြစ်သည့် ရွှေစင်ဟိန်းကုမ္ပဏီ၊ မိုးဟိန်းထွန်းကုမ္ပဏီ၊ ဌေးဝင်းထွန်းကုမ္ပဏီနှင့် နီလာနှင်းဆီ ကုမ္ပဏီတို့က ကျန်သည့်  ၅၂၈.၃၆ ကျပ်သားကို တရားစွဲဆိုရန်အတွက် တရားမအဆိုလွှာမူကြမ်းတင်ပြပြီး တရားရုံးတွင် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကုမ္ပဏီ ၁၃၀ ခုမှ ကျန်သည့်ရွှေစင် ၁၁၁၀၅.၁၂ ကျပ်သားအပေါ် တရားရုံးတွင်  တရားစွဲရန်အတွက် ရှေ့နေသတိပေးစာ (Lawyer Notice) သုံးကြိမ်ပို့ထားပြီး တရားစွဲရန်အတွက် ပြင်ဆင်နေပါကြောင်း၊ ထို့အပြင် ကျော်မိုးနန်းကုမ္ပဏီ၊ ဥဒါန်းသစ်ကုမ္ပဏီ၊ ခိုင်ရွှေတန်းကုမ္ပဏီ၊ ဌာနေအောင်ကုမ္ပဏီ၊ ဆန်းလင်းအောင်ကုမ္ပဏီ များ၏ စုစုပေါင်း ၈၂၇.၁၈ ကျပ်သားအပေါ် နည်းလမ်းလေးသွယ်အရ စုံစမ်းပြီးမှ အထောက်အထား ခိုင်လုံမှုရှိလျှင်  တရားစွဲဆိုမည့် စာရင်းကပယ်ဖျက်ပြီး ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ စာရင်းမှ ပယ်ဖျက်ရန် ဆောင်ရွက်နေပါကြောင်း၊ ထို့နောက် မိုးကြိုးခြင်္သေ့ကုမ္ပဏီ၊ သွေးမိသားစုကုမ္ပဏီ၊ ရွှေမြနန္ဒာ ကုမ္ပဏီတို့က ကျန်ခဲ့သည့်ကြွေးပေါင်း ၄၂.၂၇ ကျပ်သားမှ မိမိထံသို့ ၅.၀၅ ကျပ်သားကို အရစ်ကျပေးသွင်းပြီး ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိုးထိမိုးမိတွင်ရှိသည့် အမျိုးသားကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီ၏ လုပ်ကွက် (A)၊ ရွှေမိုးယံကုမ္ပဏီ၏ လုပ်ကွက် (B)၊ ရှမ်းပြည်နယ်ကလောမြို့နယ် ရွှေမင်းဘုံဒေသတွင် အာရှကမ္ဘာမြေစက်မှု၊ သတ္တုတူးဖော်ရေးကုမ္ပဏီလုပ်ကွက် (D) တို့သည် မိမိတို့ထံသို့ တင်သွင်းပေးရမည့် ရွှေ အားလုံးရခြင်းက ၈၀၈၀ ပိဿာရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ငါးနှစ်သက်တမ်း စာချုပ်ချုပ်ထားပါကြောင်း၊ သို့သော်လည်းပဲ ၎င်းကုမ္ပဏီသုံးခု သတ္တုတွင်းထူထောင်သည့်အခါ ထူထောင်မှုမလုံလောက်ခြင်း၊ နိုင်ငံတကာအဆင့်မီ သတ္တုတွင်း ထူထောင်ရာတွင် အဆင့်မြင့်နည်းပညာနှင့် အရင်းအနှီးများ လိုအပ်သည့် အတွက်ကြောင့် နိုင်ငံတကာနည်းပညာ အကူအညီခေါ်ယူပြီး ရေရှည်လုပ်ကိုင်ရန် စာချုပ်အား ငါးနှစ်မှ ရှစ်နှစ်ကို ၂၆-၁၁-၂၀၁၇ ရက်နေ့တွင် ပြင်ဆင်ပေးထားပါကြောင်း၊ သို့သော်လည်း ၎င်းကုမ္ပဏီသည် စာချုပ်ပါတည်ထောင်မှုအတွင်း ယခင်စာရင်းစစ်၏ ကန့်ကွက်ချက်ဖြစ်ပေါ်သည့် ရွှေစင်များပေးသွင်းရခြင်း၊ သတ္တုဓာတ်များ ပိုမိုရှာဖွေရခြင်း၊ အဆင့်မြင့်သန့်စင်စက်ရုံများ တိုးခဲြ့ရခြင်း၊ လုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံမှု ပိုမိုထက်ရခြင်းစသည့် အခက်အခဲများကြောင့် လစဉ်ပေးသွင်းရမည့် လျာထားချက်များကို ပြောင်းလဲပြီး စာချုပ်ချုပ်ဆို ရန်ဒုတိယအကြိမ် ပြင်ဆင်ခဲ့ပါကြောင်း၊

ဒုတိယအကြိမ်စာချုပ် ပြင်ဆင်ပြီးသည့်အခါ ရွှေစင်များကို ပေးသွင်းရမည့် ကုမ္ပဏီများသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး မြေအောက်လမ်းကြောင်းများ ခက်ခဲသည့်အတွက်ကြောင့် ထုတ်ယူရန်ခက်ခဲလာခြင်း၊ သတ္တုကုမ္ပဏီများ တည်ဆောက်ရန်အလိုမကျမှု၊ စက်ရုံများတည်ဆောက်ရန်အလိုမကျမှု၊ အချိန်ယူရခြင်း၊ ရင်းနှီးငွေများ အခက်အခဲရှိလာခြင်း၊ ရွှေပါဝင်မှုနည်းလာခြင်း၊ မတည်ငြိမ်ခြင်း၊ လုပ်သားကျွမ်းကျင်မှု ကြံ့ခိုင်မှု လိုအပ်ခြင်းတို့ကြောင့် ထပ်မံပြီး ရွှေစင်ပေးသွင်းရမည်ကို ပြန်လည်ညှိနှိုင်းပြီး စာချုပ်ချုပ်ဆိုပေးပါဟု တောင်းဆိုခဲ့ပါကြောင်း၊ အဲဒီတင်ပြမှုပေါ်မှာ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် Third Party ကို မိမိတို့ဘက်မှ ဖွဲ့စည်းပါကြောင်း၊ ဖွဲ့စည်းတဲ့အခါ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၁၀၆.၀၁၅၇ ပိဿာ အကြွေးပေါ် ၎င်း၏ အာမခံငွေသိန်းပေါင်းတစ်သောင်းကို နုတ်ပြီး ညီမျှသည့် ရွှေ ၁၁.၂၆၁၂ ပိဿာကို လက်ခံရရှိပြီး ပြန်လည်ပေးသွင်းခိုင်းပါကြောင်း၊ ပေးသွင်းခိုင်းပြီး ကျန်ရှိသည့် ရွှေစင်များဖြစ်သည့် ၄၂ ထပ်မံကောက်ခံသည့်အခါ ရွှေစင် ၄၂.၉၈၆၆ ပိဿာကို ရရှိခဲ့ပါကြောင်း၊ ထိုနည်းအတူ ရွှေမိုးယံကုမ္ပဏီကလည်း ပေးသွင်းရန်ကျန်သည့်ရွှေ ၆၂.၇၅၃၆ ပိဿာကို ပေးသွင်းရန်အတွက် အာမခံစပေါ်ငွေသိန်းပေါင်းတစ်သောင်းထဲက ၎င်းနှင့်ရွှေတန်ဖိုးသင့်ပြီး ပြန်နုတ်သည့် ရွှေများထဲက ၅.၈၀၀၅ ပိဿာ ရရှိခဲ့ပါကြောင်း၊ ထိုနည်းအတူ အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်မှုကုမ္ပဏီမှ ပေးသွင်းရန် ကျန် ရွှေ ၂၅.၆၉၈၂ ပိဿာပေါ်တွင်  အာမခံစပေါ်ငွေ ကျပ်သိန်းပေါင်းတစ်သောင်းကို နုတ်ယူပြီး တန်ဖိုးသင်‌့ ငွေ ၁၀.၉၈၉၀ ပိဿာကို လက်ခံရရှိပြီး အကြွေးပေးသွင်းသည့်အခါ ၈.၄၈၂၀၅ ကို ရရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်း ကုမ္ပဏီများသည် ရွှေစင်ပေးသွင်းရမည့် ကုမ္ပဏီ (A) က ၁၀၆.၀၁၇၅ ပိဿာ၊ လုပ်ကွက် (B) က ၆၂.၇၅၃၆ ပိဿာ၊ လုပ်ကွက် (D)က ၂၅.၆၉၈၂ ပိဿာအပေါ် အချိန်မီပြည်‌့မီနိုင်ရေးအတွက် ဆောင်ရွက်သည့် နေရာတွင် ပြီးခဲ့သည့်လ ၉ လပိုင်း ၃၀ ရက်နေ့အထိ (A) က ၅၀.၂၄၇ ပိဿာ၊ (B) က ၁၆.၇၈၉၅ ပိဿာနှင့် လုပ်ကွက်ကြီး (D) ရွှေစင် ၁၉.၄၇၁၀၅ ပိဿာရရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။