(ဂ)-မြန်မာနိုင်ငံရှိရဲဘက်စခန်းများအားဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၄.၁၂.၂၀၁၆)

ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)၁၉၈၈ခုနှစ် နောက်ပိုင်းတွင် ရာဇဝတ်အကျဉ်းသားတွေသာမက၊ နိုင်ငံရေးအကျဉ်းသားများကိုပါ ရဲဘက်ခေါ်သည့်သတင်းများ နှင့် အခြေအနေ တော်တော်ဆိုးသည့် သတင်းများကို မိမိတို့ကြားရ ပါကြောင်း၊ သို့သော် IC ၊ RC များ ဝင်လာပြီးနောက်ပိုင်းတွင် အခြေအနေ တော်တော်လေး တိုးတက် လာသည်ကို ကြားရပါကြောင်း၊ အကျဉ်းသားများ၏ လုပ်အားကို နိုင်ငံတော် တည်ဆောက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးချခြင်းဖြစ်ပါကြောင်း၊ ၎င်းပုံစံကို အရင်တုန်းက နာဇီခေတ် တွင် တွေ့ဖူးပါကြောင်း၊ ဆိုဗီယက်ခေတ်က ဆိုက်ဗေးရီးယားကိုပို့သည့် Concentration Cent များ၊ ကမ္ဘောဒီးယားတွင် ခမာနီခေတ်များတွင် တွေ့ဖူးပါကြောင်း၊  အဓိကကတော့ အာဏာရှင်၊ ကွန်ပျူနစ် အာဏာရှင်ခေတ်တွင်သာ တွေ့ဖူးပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ သည် ဒီမိုကရေစီနိုင်ငံတော် ကို တည်ဆောက်နေပါကြောင်း၊ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေသည့်အခါ အခြားသော ဒီမိုကရေစီနိုင်ငံများသည် ယခုလိုအကျဉ်းသားများ၏ လုပ်အားကို ရယူခြင်းရှိ/မရှိဆိုသည်ကို မိမိ မသိပါကြောင်း၊ထို့ကြောင့် ရဲဘက်စနစ်၊ ရဲဘက်အကျဉ်းသားများ၏ လုပ်အားကိုရယူသည့်စနစ်နှင့် ရဲဘက်စခန်းများကို ယခုအစိုးရလက်ထက်တွင် ဖျက်သိမ်းသွားဖို့ အစီအစဉ် ရှိ/မရှိ ကိုသိလို ပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးပြည်ထဲရေးဝန်ကြီးဌာန၊အကျဉ်းဦးစီးဌာနသည် အင်္ဂလိပ်နယ်ချဲ့၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နဲ့အတူ စတင်ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ကိုလိုနီခေတ်တွင် ရက်စက်ကြမ်းကြုတ်ခြင်းသည် ရာဇဝတ်မှု မဖြစ် နိုင်ဟူသော အယူအဆနှင့်ဖိနှိပ်ကွပ်မျက်ရေးကို ကရိယာအဖြစ်အသုံးပြုခဲ့သည်ကို လေ့လာတွေ့ရှိရပါ ကြောင်း၊ လွတ်လပ်ရေးရပြီးသည့်နောက်  ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက် တွင် ပြစ်မှုကိုကြွေးချွေးဖြင့်ဆပ်ရမည် ဆိုသည့် ဆောင်ပုဒ်ဖြင့် အလုပ်စခန်းများပေါ်ပေါက်ပြီး အလုပ်စခန်းရှိအကျဉ်းသားများကို ရဲဘက်ဟု တရားဝင်ထုတ်ပြန်ထားခြင်းမရှိသည့် အခေါ်အဝေါ် များ ပေါ်ပေါက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ၁၈.၉.၁၉၈၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အဖွဲ့ လက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီး အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေး အဖွဲ့ကိုဖွဲ့စည်းပြီး မိမိဘဏ္ဍာငွေဖြင့် ကိုယ်ပိုင်ရပ်တည်ပြီး လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ခဲ့ သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် အကျဉ်းထောင်၊ အကျဉ်းစခန်းများ ကို အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းများအဖြစ် ပြောင်းလဲရန်ကြိုးပမ်း ဆောင်ရွက် မှုများ ပြုလုပ်လာပါကြောင်း၊ ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄ တွင် နိုင်ငံတော်အစိုးရ သည် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား များကိုထားရှိရန်အတွက် အကျဉ်း ထောင်များကို ဥပဒေနှင့်အညီ ခွဲခြားဆောက်လုပ်ပေးရမည်ဟူ၍ လည်းကောင်း၊ ယင်းအက်ဥပဒေ ပုဒ်မ ၇ ၌ အကျဉ်းထောင်များတွင် လုံခြုံစွာနှင့် အဆင်ပြေမှုရှိအောင် အကျဉ်းသား အရေအတွက် သတ်မှတ်ပြီး ၎င်းသတ်မှတ်ချက်ထက်ပိုမိုများပြားလာလျှင် အခြားအကျဉ်းထောင်သို့ ပြောင်းရွေ့ပေး ရမည်၊ ၎င်းအပြင် မည်သည့်အကျဉ်းထောင်မဆို အကျဉ်းသားများ ကူးဆက်ရောဂါ ဖြစ်ပွားခြင်းကြောင့် လည်းကောင်း၊ အခြားကိစ္စတစ်ရပ်ရပ်ကြောင့်လည်းကောင်း လိုအပ်ပါက ၎င်းအကျဉ်းသားများကို စည်းကမ်းချက်နှင့်အညီ လုံခြုံစွာထိန်းသိမ်းထားရှိနိုင်ရန်အတွက် ယာယီအကျဉ်း ထောင်တစ်ခု သို့မဟုတ်  ယာယီစခန်းတစ်ခုဆောက်လုပ်ပေးရမည်ဟုလည်းကောင်း ပြဋ္ဌာန်းချက်များရှိသဖြင့် ဥပဒေ နှင့် အညီစခန်းများ ကိုလိုအပ်သ လို ဖွင်‌့လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊

အကျဉ်းထောင်လက်စွဲအပိုဒ် ၄ အပိုဒ်ခွဲ ၃ တွင်  စခန်းသို့မဟုတ် ပြင်ပအကျဉ်းထောင်များ ပြင်ပ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အစိုးရမှ အခါအားလျော်စွာ သတ်မှတ်သည့်အတိုင်း အလုပ်လုပ်ရန် ချထားပေးသော အကျဉ်းသားချုပ်နှောင်ထားရှိရန်အတွက် ရည်ရွယ်သည့်အကျဉ်းထောင် အမျိုးအစား ဖြစ်သည်ဟု ပြဋ္ဌာန်းထားသဖြင့် စခန်းများဖွင့်လှစ်ထားရှိခြင်းကိုလည်း သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ အကျဉ်းထောင် လက်စွဲအပိုဒ် ၅၁၅ တွင် လူပြည့်ကြပ်ပွတ်သိပ်နေမှုမရှိစေရေးအတွက် ပြောင်းရွေ့စီစဉ်ရာတွင် အကျဉ်း ထောင်တာဝန်ခံများသည် အကျဉ်းသားများကိုရွေးချယ်ရန် သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ အကျဉ်းထောင်လက်စွဲအပိုဒ် ၉၉၆ တွင် ခွင့်ပြုသတ်မှတ် ထားသည်‌့ ဦးရေထက်ပို၍ အကျဉ်းသားများကို ချုပ်နှောင်ထားခြင်းကို ရှောင်ရှားရန် အတွက်အချိန် အခါအားလျော်စွာ အစီအစဉ်များပြုလုပ်ရမည်ဟု  ပြဋ္ဌာန်းထားရှိပါကြောင်း၊

လက်ရှိ အကျဉ်းဦးစီးဌာနအောက်တွင် အကျဉ်းထောင် ၄၆ ခုရှိပါကြောင်း၊ အကျဉ်းသားဝင်ဆံ့မှုမှာ ၇၄၄၁၁ ဦးဖြစ်ပြီး လက်ရှိအကျဉ်းသား နှင့်  အချုပ်သားဦးရေမှာ ၇၄၈၉၃ ဦးရှိသည့် အတွက် အကျဉ်း ထောင်ဝင်ဆံ့မှုထက် လူပေါင်း ၃၀၀၀၀ ကျော် ပိုနေသည်ကိုတွေ့ရှိရပါကြောင်း၊ အကျဉ်းထောင် ၄၆ ခုတွင် အကျဉ်းသား ၅၈၀၀၀ ဦးကိုထားရှိပြီး ပိုနေသည့်အကျဉ်းသား ၁၅၀၀၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင်‌့ အသက်မွေးမှုအတတ်သင်စခန်းများတွင် စခန်းတစ်ခုတွင် အကျဉ်းသား ၅၀၀ ဦးဖြင့် ၁၅၀၀၀ ခန့်ကို ရွေးချယ်ထားရှိပါကြောင်း ၊ ၁၇.၄.၁၉၇၈ ရက်နေ့မှစပြီး စိုက်ပျိုးမွေးမြူရေး အလုပ် စခန်းများ ဖွင့်လှစ်ပြီးနောက်  ၁၂.၅.၂၀၀၄ ရက်နေ့တွင် ၎င်းစခန်း ၃၆ ခုအနက် ၂၉ ခုကိုချန်ထားပြီး ၎င်းစခန်းများကို စိုက်ပျိုးမွေးမြူရေးအလုပ်စခန်းများ နှင့် ကုန်ထုတ်စခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ် ခဲ့ပါကြောင်း၊၂၅.၇.၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အမှတ်စဉ် (၂၃/ ၂၀၁၃) တွင် သဘောတူခွင့်ပြုချက်အရ အကျဉ်းဦးစီးဌာနတွင်ရှိသည့် စိုက်ပျိုးမွေးမြူရေးအလုပ်စခန်း များကို စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းများအဖြစ် ပြောင်းလဲသတ်မှတ်ခြင်း ကို ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးရုံး မှ  ၁၆.၈.၂၀၁၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၆၉၀/၂၀၁၃)ဖြင့်လည်းကောင်း ၊ ၁.၁၁.၂၀၁၅ ရက်နေ့တွင် တောင်လေးလုံး စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ထပ်မံဖွင့်လှစ် ခဲ့သည့်အတွက် ယခုအခါ စခန်းပေါင်း ၃၀ ကို ဖွင်‌့လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနသည် အကျဉ်းသား များ ကို အပြစ်ပေးရန်မဟုတ်ဘဲ စာရိတ္တပြုပြင်ရေး ရည်ရွယ်ချက်ဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များ ပြုပြင်ပြောင်းလဲပေးရန် တရားစခန်းများ ဖွင်‌့လှစ်ပေးခြင်း၊ စာပေပညာသင်ကြားစေခြင်းအပြင် အသက်မွေးမှုပညာရပ်များကိုပါ လေ့ကျင်‌့သင်ကြားပေးမှုများ အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၁၆.၈.၂၀၁၃ ရက်နေ့မှစ၍ စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်စခန်းများ အဖြစ် ပြောင်းလဲဖွင်‌့လှစ်ထားရှိပြီး အကျဉ်းထောင်များ၌ အကျဉ်းသားများ လူဦးရေကြပ်တည်းမှုကို ဖြေရှင်းခြင်း၊ အကျဉ်းသားများ ကို ပြစ်ဒဏ်ပေး အကျဉ်းချထားရန် သက်သက်မဟုတ်ဘဲ စာရိတ္တပြုပြင် ရေးရည်ရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးခြင်းနှင့် ပြစ်ဒဏ်မှုလွတ်မြောက်သည့်အခါ ဘဝရပ်တည်မှုအတွက် အသက်မွေးပညာရပ်များ၊ သင်ကြားခြင်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်နေပေးသည့် အပြင် စခန်းများစနစ်တကျရှိစေရေးအတွက်ကိုလည်း တာဝန်ရှိသူ အဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အတွက် စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေး အတက်သင်စခန်းများကို ဖျက်သိမ်းရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ဦးမြင့်လွင်(တွံတေး)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အကျဉ်းသားများ မဆံ့သည့်အတွက် ထောင်များကို ထပ်ပြီးတိုးချဲ့ပြီး စိုက်ပျိုးမွေးမြူရေး အတတ်ပညာ သင် စခန်းများသည် ထောင်မှလွတ်သည့်အခါတွင် အတတ်ပညာတစ်ခုခု တတ်မြောက်ရန် ရည်ရွယ် သည့်အတွက် ကောင်းမွန်ပါကြောင်း၊ ကျောက်ထု ခြင်းများသည်  အတတ်ပညာသင်စရာ မလိုပါဟု ထင်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးမဟုတ်ဘဲ ကျောက်ထုစခန်းမျိုး အခုလက်ရှိ အခြေ အနေတွင် ရှိ/မရှိကိုသိလိုပါကြောင်းနှင့်  ရှိသည်ဆိုပါက မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးမှုပညာသင်တန်းစခန်း ၃၀ အပြင် အကျဉ်းဦးစီးဌာနအောက်တွင် ဖွင့်လှစ်ထားသည့် ကျောက်ထုတ်စခန်းအနေဖြင့် လက်ရှိတွင် (က)အဆင့်ကုန်ထုတ်စခန်း (၁၁) ခုနှင့် (ခ) အဆင့်ကုန်ထုတ်စခန်း (၇)ခု စုစုပေါင်း ၁၈ ခုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄.၂.၂၀၁၆ ရက်နေ့ရက်စွဲပါစာအမှတ် ဖြင့် ကျောက်ထုတ်လုပ်စခန်းများကို ကုန်ထုတ်စခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့သည့်အတွက် လက်ရှိတွင် ကျောက်ထုတ်စခန်းစုစုပေါင်း ၁၈ ခု ကို ဖွင့်လှစ်ထားရှိပါကြောင်း၊ အကျဉ်းသားများကို ထောင်မှ အပြင်ကိုထုတ်သည့် အခါ အကျဉ်းထောင်လက်စွဲများတွင် ထည့်သွင်း ပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ၎င်း ပြဋ္ဌာန်းချက်နှင့်ကိုက်ညီသည့် အကျဉ်းသားများကို ခွဲခြားပြီး အကျဉ်းထောင်တွင် မဆံ့သည့်လူများကိုခွဲထုတ်သည့် အပြင် အသက်မွေးမှုပညာသင်ကြားမှုအတွက် လိုအပ်သည့် လူများကိုလည်း ခွဲထုတ်ပါထားပါကြောင်း၊ ထို့အပြင် အကျဉ်းထောင်နှင့် ပတ်သက်ပြီး အကျဉ်းသားများ နှင့်အကျဉ်းထောင်အတွက် ၎င်းတို့၏လုပ်အားကို ဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ တစ်ဖက်တစ်လမ်းမှ ခြိုးခြံချွေတာနိုင်ရန်နှင့် အကျဉ်းသားများ၏ လုပ်အားနှင့် ငွေကြေး ရရှိနိုင်ရေး အတွက် ကို ဆောင်ရွက်ခဲ့ပါကြောင်း၊  အဓိကအားဖြင့် မိမိတို့ နိုင်ငံတော် ဘဏ္ဍာငွေမှ နေပြီး ကျခံသုံးစွဲခြင်းမရှိသည့် အကျဉ်းသားများ၏ ကျန်းမာရေးကိစ္စ၊ ထောင်ထဲတွင်စာသင်ကြားပေးသည့် ကိစ္စ၊ အသင်းသားများ စာမေးပွဲဖြေဆိုသည့် အခါ ကုန်ကျစရိတ် စသည့်လူမှုရေးဆိုင်ရာကိစ္စများ၊ အထွေထွေအားကစား ဆိုင်ရာကိစ္စရပ်များ အားလုံးကို ၎င်းအကျဉ်းသားများ၏ လုပ်အားခရရှိသည့် ငွေများဖြင့် စနစ်တကျသုံးစွဲခြင်းဖြစ်ပါကြောင်း၊ ၎င်းငွေများကိုလည်း သက်ဆိုင်ရာငွေ စာရင်းများတွင် စနစ်တကျထားရှိပြီး နှစ်စဉ်ပုံမှန်စာရင်းစစ်ရုံး၏ စာရင်းစစ်ဆေးမှုလည်း ခံယူပါ ကြောင်း၊ ဒါကြောင့် တစ်ဖက်တွင် အကျဉ်းသားများကို ပြစ်ဒဏ်ကျခံပေးသလို တစ်ဖက်မှာလည်း လိုအပ်သည့် နိုင်ငံတော် ၏ ပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သည့်စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာသင်စခန်းများ ဖွင့်လှစ် သကဲ့သို့ ပြဋ္ဌာန်းထား သည့်သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လူများကို ကုန်ထုတ်စခန်းများသို့ ပို့ပြီး နိုင်ငံတော်အတွက်  တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်မည့် လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေတွင် ကုန်ထုတ် စခန်းများ နှင့် သက်မွေးမှု ပညာအတတ်သင် စခန်းများကိုတော့ လက်ရှိအတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။