(ခ)-မာန်အောင် မြို့နယ်ပင်လယ်ကမ်းခြေမြေနိမ့် ပိုင်းရှိရပ်ကွက်၊ကျေးရွာများအား လေမုန်တိုင်းဒဏ် ခံအဆောက်အဦ(Cyclone Shelter)များ ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၁၆.၁၁.၂၀၁၆)

မာန်အောင်ရခိုင်ပြည်နယ်ရှိ မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိသော ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါကြောင်း၊စတုရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာပေါင်း ၁၃၇ ကျော်ရှိပြီး လူဦးရေအားဖြင့် ၆၁၂၀၀ ကျော်နေထိုင်လျက်ရှိပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ပင်လယ် ကမ်းခြေကျေးရွာများတွင် နေထိုင်လျက်ရှိကြပါကြောင်း၊ မြို့နယ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၂၀ ခန့်သည် ပင်လယ်ရေပြင်အထက် ၄ ပေမှ ၆ ပေ အထက်တွင်ရှိသော ပင်လယ်ကမ်းခြေ မျက်နှာပိတ်ရပ်ကွက် ကျေးရွာများတွင် နေထိုင်ကြရပါကြောင်း၊ မြို့နယ်ရပ်ကွက် ၅ ခုနှင့် ခေါင်ဦးမူကျေးရွာအုပ်စုကြီး ကျေးရွာ ၅ ရွာ၊ ကုန်းတန်း၊ လိုင်ပလ၊ ချောင်းဝနှင့် ငေါတင်ဆိပ်၊ဆလပ်တင်၊ ရေမျက်ဝ၊ မကျီးကုန်း၊ ကျောက်ကုန်း၊ ဇီးတော၊မြို့တော်ဦး၊ ပြားကြီးကျေးရွာနဲ့  ခိုဝါကျေးရွာများဟာသည် ပင်လယ်နှင့် အလွန်နီးကပ်စွာတည်ရှိပြီး ရေနိမ့်ပိုင်း၌ ရှိကြပါကြောင်း။

၁၉၃၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် မိမိတို့ မာန်အောင်ရှိ ပင်လယ်ကမ်းခြေကျေးရွာတွင် နေထိုင်သော လူဦးရေ ၁၄၄ ဦး မုန်တိုင်းကြောင့် သေကျေခဲ့ကြရပါကြောင်း၊ နှစ် ၁၀၀ ပတ်ဝန်းကျင်တွင် အပြင်းအထန်ဆုံး လေမုန်တိုင်းကြီးများ တိုက်ခတ်လျက်ရှိပါကြောင်း၊ ယခု နှစ် ၁၀၀ နီးလာပြီ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုများသည် အလွန်ပြင်းထန်လာပြီး လူသားများအတွက် သတိထားပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် လိုအပ်လှပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးတွင် တိုက်ခတ်ခဲ့သော နာဂစ်တိုက်ခတ်စဉ်ကကဲ့သို့ အခြေအနေမျိုးမကြုံရလေအောင် အပြင်းအထန်ဆုံး သဘောဝဘေးအန္တရာယ် လေမုန်တိုင်းကြီးများ ကျရောက်လာနိုင်သည့် အတွက် လေမုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အဦများ ဆောက်လုပ်ပေးစေလိုပါကြောင်း၊ ပင်လယ်ကမ်းခြေအနီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လေမုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အဦ (Cyclone Shelter) ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
အဖြေ

ပြည်ထောင်စုဝန်ကြီးရခိုင်ပြည်နယ်သည် ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်တွေ့ကြုံခံစားရသည့် ဒေသဖြစ်သကဲ့သို့ မုန်တိုင်းဒဏ်ခံ ခိုလှုံရာအဆောက်အဦများကိုလိုအပ်ချက်ပေါ်မူတည်၍ ဆောက်လုပ်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့် နေရာချထားရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်သော  နေရာများဖြစ်သည့် မြေပုံမြို့နယ်တွင် (Cyclone Shelter) နှစ်လုံး၊  ပေါက်တောမြို့နယ်တွင် (Cyclone Shelter) နှစ်လုံး စုစုပေါင်း ၄ လုံးကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တို့၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြေပုံမြို့နယ်တွင် (Cyclone Shelter)  ၃ လုံးနှင့် တောင်ကုတ်မြို့နယ်တွင် ၃ လုံး စုစုပေါင်း ၆ လုံး ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်လည်း စစ်တွေမြို့နယ်တွင် (Cyclone Shelter) ၄ လုံး၊ ပေါက်တောမြို့နယ်တွင် (Cyclone Shelter) ၁ လုံး၊ မင်းပြားမြို့နယ်တွင် (Cyclone Shelter) ၁ လုံး၊ မြေပုံမြို့နယ်တွင် (Cyclone Shelter) ၂ လုံး၊ ကျောက်ဖြူမြို့နယ်တွင် (Cyclone Shelter) ၁ လုံး၊ တောင်ကုတ်မြို့နယ်တွင် (Cyclone Shelter) ၁ လုံး၊ စုစုပေါင်း ၁၀ လုံးကို ဆောက်လုပ်ပေးပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌဖြစ်သူ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ရခိုင်ပြည်နယ်ဒေသ တွင်း ပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ၃/၂၀၁၆ အစည်းအဝေးကို ၂၄-၉-၂၀၁၆ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးခန်းမ စစ်တွေမြို့တွင် ကျင်းပပြုလုပ်စဉ် လွှတ်တော်ကိုယ်စားလှယ်များမှ ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် Shelter နှင့် သက္ကယ်ကုန်းများ တည်ဆောက်ပေးနိုင်ရေးတင်ပြခဲ့ရာ တည်ဆောက်မည့်နေရာ မြေနေရာ အကျယ်အဝန်း လိုအပ်သည့်အရေအတွက်တို့ကို ပြန်ကြားပေးရန် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၈-၉-၂၀၁၆ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းခဲ့ပါကြောင်း။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မာန်အောင်မြို့တွင် ပင်လယ်ကမ်း‌ခြေမြေနိမ်‌့ပိုင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ (Cyclone Shelter)နှင့် သက္ကယ်ကုန်းတည်ဆောက်ပေးနိုင်ရန် ပထမဦးစားပေးအနေဖြင့် ဇီးတောကျေးရွာ ၂ ဧက၊ ဒုတိယဦးစားပေးအနေဖြင့် ကုန်တန်းရွာ (တောင်ပိုင်း) ၂ ဧက၊ တတိယဦးစားပေးအနေဖြင့် အုတ်ချောင်းကျေးရွာ ၂.၁၂ ဧက၊ စတုတ္ထဦးစားပေးအနေဖြင့် ရေမျက်ဝကျေးရွာ ၂.၅ ဧက၊ ပဉ္စမဦးစားပေးအနေဖြင့် ကြူကျေးရွာ ဝ.၅ ဧကတို့တွင် ဆောက်လုပ်ပေးနိုင်ရန် ၇-၉-၂၀၁၆ ရက်နေ့တွင် ညှိနှိုင်းပြန်ကြားလာပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြချက်အရ လတ်တလောအားဖြင့် မာန်အောင်မြို့နယ်တွင် ဦးစားပေး အဆင်‌့(၁) ဇီးတောကျေးရွာနှင့် ဦးစားပေးအဆင်‌့(၂) ကုန်းတန်းရွာ(တောင်ပိုင်း)တို့တွင် လိုအပ်လျက်ရှိသော (Cyclone Shelter) တစ်လုံးစီကို  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျခံသုံးစွဲတည်ဆောက်ခွင့်အားဥက္ကဋ္ဌထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသဖြင့် ရန်ပုံငွေကျပ်သိန်း ၂၅၉၁.၆  အား ယခုနိုဝင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။