သနပ်ပင်မြို့နယ်၊ ကသစ်ခုံ ကျေးရွာသည် စစ်တောင်းမြစ်ဝတွင် တည်ရှိပြီး အိမ်ထောင်စု ၃၆၅ စု၊ လူဦးရေ ၁၈၀၀ ခန့်ရှိပါကြောင်း၊
၎င်းကျေးရွာတွင် ၂၀၁၅ ခုနှစ် နှစ်လယ်ခန့်က ဒီရေတိုက်စားကမ်းပါးပြိုခြင်းများ စတင်ဖြစ်ပွားကာ လယ်မြေဧက ၇၀၀၀ ခန့် ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီ၊ သောက်ရေကန်များနှင့် အိမ်ခြံမြေ များအားလုံးနီးပါး ပျက်စီးခဲ့ပါကြောင်း၊
ကျေးရွာရှိပြည်သူများအနေဖြင့် လယ်ယာမြေနှင့် အိမ်ခြံမြေများ ပျက်စီးကြခြင်းကြောင့် အလုပ်လက်မဲ့ဘဝနှင့် နီးစပ်ရာများကို ရွှေ့ပြောင်းနေထိုင်ကြရပြီးတော့ လုံခြုံစိတ်ချမှုမရှိဘဲ နေထိုင်ကြရပါကြောင်း၊ ယခု မိုးတွင်း ကာလတွင် စားဝတ်နေရေးနှင့် လုံခြုံစွာနေထိုင်ရေးကိုပါ စိုးရိမ်နေကြရပါကြောင်း၊ ယင်းကျေးရွာအတွက် နိုင်ငံတော် အစိုးရအနေမှ အိမ်ထောင်စု ၁၄၈ ခုကို တစ်အိမ်ထောင်စုလျှင် ရွှေ့ပြောင်းစရိတ် ၅၀၀၀၀ နှင့် ပစ္စည်းအချို့သာ ထောက်ပံ့ပေးခဲ့ပါကြောင်း၊
ထို့ကြောင့် သနပ်ပင်မြို့နယ်ရှိ ဒီရေတိုက်စားကမ်းပါးပြိုသည့် ကသစ်ခုံ ကျေးရွာအား လုံခြုံစိတ်ချရသော နေရာတွင် စနစ်တကျ ပြန်လည်နေရာချထားပေးရန်နှင့် ဘေးဒုက္ခ ရောက်နေသောပြည်သူများအား ထိရောက်သည့် ပံ့ပိုးကူညီမှုများ အလျင်အမြန်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်းတို့ ပေါင်းစည်းမှုကြောင့် ဖြစ်တည်လာသော စစ်တောင်းမြစ်သည် မုတ္တမပင်လယ်ကွေ့သို့ စီးဝင်ရာ၌ ရေစီးရေလာကြမ်းတမ်းမှုနှင့် ဒီရေ အတက်အကျတို့ကြောင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျွဲတဲ၊ ကမ်းပြို၊ ရွှေအိုး၊ သနပ်တန်းနှင့် ကသစ်ခုံကျေးရွာ အုပ်စုတို့တွင် မြေတိုက်စားမှု၊ ကမ်းပါးပြိုကျမှုတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များသည် စစ်တောင်းမြစ်ဘေးရှိ ရေမြေသဘောသဘာဝ အနိမ့်ပိုင်းဖြစ်သည့်အတွက် နှစ်စဉ်ရေကြီးနစ်မြှုပ်မှုများ၊ ကမ်းပြိုမှုများ ကို ရှေးယခင် ၁၀ စုနှစ်များစွာ ကပင် ကြုံတွေ့ခဲ့ရသော ဒေသများဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၄-၁-၂၀၁၆ ရက်နေ့တွင် စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဒဏ်ခံနေရသည့် ပဲခူးခရိုင်၊ သနပ်ပင် မြို့နယ် ကသစ်ခုံကျေးရွာသို့ ကွင်းဆင်း၍ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု ၁၈၄ စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၅၀၀၀၀ ဖြင့် ငွေကျပ် ၇၄ သိန်းတိတိကိုလည်ကောင်း၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီတို့က ကသစ်ခုံကျေးရွာရှိ အိမ်ခြေ ၃၆၈ လုံး၊ အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေစုစုပေါင်း ၁၇၇၆ ဦးအတွက် ဆန်များနှင့် ရိက္ခာများ ထောက်ပံ့ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်း ကိုးမျိုးအားလည်းကောင်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကသစ်ခုံကျေးရွာအုပ်စု ကသစ်ခုံကျေးရွာသည် စစ်တောင်းမြစ်ရေတိုက်စားရာမှ ကမ်းပါးပြိုကျ မှု ကြောင့် ၂၀၁၀ ခုနှစ်တွင် အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၁၆၃ ဦး၊ ၂၀၁၃ ခုနှစ်တွင် အိမ်ထောင်စု ၂၇၃ စု၊ လူဦးရေ ၁၃၃၇ ဦး၊ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၇၈ ဦး စုစုပေါင်း အိမ်ထောင်စု ၃၄၄ စုနှင့် လူဦးရေ ၁၆၇၈ ဦးတို့သည် အဆင်ပြေရာနေရာများသို့ အသီးသီးပြောင်းရွှေ့နေထိုင်ခဲ့ကြသဖြင့် ယခုအချိန်တွင် မူလကသစ်ခုံ ကျေးရွာ၌ လုံးဝပြောင်းရွှေ့ခြင်းမရှိသေးသည့် အိမ်ထောင်စု ၂၆ စုနှင့် လူ ၁၁၀ ဦးသာကျန်ရှိပါကြောင်း၊
ကသစ်ခုံကျေးရွာတွင် ရေတိုက်စားခံရမှုကြောင့် စိုက်ပျိုးမြေ ၆၄၈၃.၇၉ ဧကရှိသည့်အနက် လယ်မြေ ၅၇၉၉ ဧက ပြိုကျပျက်စီးခဲ့သဖြင့် ယခုအချိန်တွင် လယ်မြေ ၆၈၄.၇၉ ဧကသာ ကျန်ရှိခဲ့ပြီး အဆိုပါလယ်မြေများအား ကသစ်ခုံ ကျေးရွာတောင်သူ ၁၂၄ ဦးနှင့် အခြားတောင်သူ ၃၁၆ ဦး စုစုပေါင်းတောင်သူ ၄၄၀ ဦးမှ လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါကြောင်း၊
ယခုအချိန်တွင် ကမ်းပါးပြိုကျမှုပြင်းထန်စွာခံစားနေရသည့် ကသစ်ခုံကျေးရွာအား လုံခြုံစိတ်ချရသော နေရာသို့ စနစ်တကျပြန်လည်နေရာချထားပေးနိုင်ရန်အတွက် ကျွဲဖြူချောင်း ကျေးရွာအုပ်စု ကွင်းအမှတ် (၉၇၂) ကသစ်ပင်တောင်ကွင်းရှိ လယ်မြေဧရိယာ ၃၁.၂၄ ဧက၌ ပြောင်းရွှေ့နေထိုင်ကြရန် ဆုံးဖြတ်ခဲ့ပြီး လယ်ပိုင်ရှင်နှင့် ဈေးနှုန်းညှိနှိုင်း၍ ရွာသူရွာသားများဘက်မှလည်း သင့်လျော်သည့်အချိုးကျငွေထည့်ဝင်ပေးသွားရန် ဆွေးနွေးညှိနှိုင်း ခဲ့ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
