မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနေပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ စနစ်ဆိုသည်မှာ အစိုးရက သူတို့ကိုရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူလူထု၏ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသည့် စနစ်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုများကို စိတ်ချမ်းသာပျော်ရွှင်ရန် အတတ်နိုင်ဆုံးဖန်တီး ပေးသည့်စနစ်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်သူ များလည်း လွတ်လပ် ရမည်၊လုံခြုံရမည်၊စည်ပင်သာယာ ဝပြောမှုလည်းရှိရမည့် စနစ်တစ်ခုကို အစိုးရကဖန်တီးပေးရန်ဖြစ်ပါကြောင်း၊ သို့သော် စနစ်နှင့် ဆန့်ကျင်သည့် အာဏာရှင်စနစ်သည် လုံခြုံရေးကို အဓိကထားပြီး အစိုးရနှင့်ပြည်သူများအကြား ဆက်ဆံရေးကို တည်ဆောက် ထားခြင်းဖြစ် ပါကြောင်း၊လုံခြုံရေးဆိုသည့်နေရာတွင် နိုင်ငံတော်လုံခြုံရေးဟူ၍ နာမည်တပ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့်ပြည်သူများ ဆက်ဆံသည့်အခါ အဆင့်များစွာ ဖန်တီးထားခြင်းရှိပါကြောင်း၊ အဆင့်များစွာ ဖန်တီးထားသည့်အတွက်ကြောင့် လုံခြုံရေး ရှိလိမ့်မည်ဖြစ်ကြောင်း၊သို့သော် ၎င်း အဆင့်များကို ဖြတ်သန်းရသည့်အခါတွင် ပြည်သူများကြီးစွာသော စိတ်မသက်မသာဖြစ်မှုများ ကြုံရပါကြောင်း၊ထိုသို့ ဖြတ်သန်းရသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာသည့်အတွက်ကြောင့် စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပရန် ခွင့်ပြုချက်တောင်းခံရသည်မှာ အဆင့်ဆင့် ဖြတ်သန်းရသည့်အတွက် စိတ်ဆင်းရဲခြင်းများစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြောင်းလဲချိန်တန်ပြီဆိုသည့် ကြွေးကြော်သံနှင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ပေးလိုက်သည့် အစိုးရသစ် လက်ထက်တွင် မဖြစ်သင့်သည့် အနေအထားဖြစ်ပါကြောင်း၊ စာပေဟောပြောပွဲများ၊ တရားပွဲများကျင်းပသည့်အခါတွင် ယခုလိုအဆင့်အများကြီးမဖြတ်သန်းရဘဲနှင့် လွယ်လွယ်ကူကူ ပြည်သူများကို စည်းရုံးကျင်းပသည့်သူများလည်း စိတ်ချမ်းသာစွာဖြင့် မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ လျှောက် ထားနိုင်ရန်အတွက် အဆင့်များ ကို လျှော့ချပေးရန်၊ အဲဒီကြိုးနီစနစ်ကို ဖျက်သိမ်းပေးရန် ပြည်ထောင်စုအစိုးရမှ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
တည်ဆဲဥပဒေများဖြစ်သော ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (စ)နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ၁၄ (က) (၁) တို့အရ စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှစ၍ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့်ထောက်ခံချက်များဖြင့် တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ယခုလိုထောက်ခံ ချက်များ ရယူနိုင်ရေးအတွက်လည်း ပိုမိုလွယ်ကူလာစေရန် ၂၀၁၅ ခုနှစ်မှစ၍ မြို့နယ်အလိုက် OSS ရုံးများ ဖွင့်လှစ်ဆောင် ရွက်ပေး လျက်ရှိပါကြောင်း၊ သို့ရာတွင် ယခုအခါ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဆွေးနွေးအတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေး ဆောင် ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဥပဒေ (မူကြမ်း) ၏ ပုဒ်မ ၁၃ ပုဒ်မခွဲ (စ) သည် အများပြည်သူ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးှမှူးမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူတာဝန်ခံ၍ ကျင်းပစေခြင်း ဟု ဖော်ပြထားရှိပါကြောင်း၊ သို့ပါ၍ အဆိုပါဥပဒေ (မူကြမ်း) ကို အတည်ပြုပြဋ္ဌာန်းပြီးပါက အဆင့်ဆင့် ထောက်ခံချက် ရယူတင်ပြရန် မလိုအပ်သည့်အတွက် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
