(စ)-နိုင်ငံတော်သမ္မတသည်အမျိုးသားလုံခြုံရေးကောင် စီ၏ထောက်ခံချက်ဖြင့်အကျဉ်းသူ၊အကျဉ်းသားများ အားလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတတိယနေ့ (၁၈.၁၁.၂၀၁၆)

ဦးခင်ဇော်(ကော့သောင်းမဲဆန္ဒနယ်)ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ၃၁-၈-၂၀၁၆ ရက်နေ့ကစပြီး ၃-၉-၂၀၁၆ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ၏ သမိုင်းကိုလေ့လာ ရလျှင် ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရများက နေ့ထူးနေ့မြတ် များတွင် ပြစ်ဒဏ်ကျခံနေ ရသည့် ထောင်တွင်းက အကျဉ်းသားအကျဉ်းသူများကို အကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်ကို တွေ့ရ ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်ကာလများက ၂၀၁၁ ခုနှစ် မှ ၂၀၁၂ ခုနှစ်အထိ လွတ်ငြိမ်းချမ်း သာခွင့် နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်နှင့် နိုင်ငံတော်သမ္မတရုံး၏ ၂၉-၇-၂၀၁၅ ရက်နေ့စွဲနှင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၆၇၆၈ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ကို သိရပါကြောင်း၊၃၁-၈-၂၀၁၆ ရက်နေ့နှင့် ၃-၉-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံသည် နှစ်ပေါင်း ၇၀ နီးပါး လက်နက်စွဲကိုင်ခဲ့သည့် တိုင်းရင်းသားများကို ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးညှိနှိုင်းခဲ့သည့် နေ့ထူးနေ့မြတ် တစ်ခုလည်းဖြစ်ပါကြောင်း၊ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို  ကြိုဆိုထောက်ခံသောအားဖြင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းကျနေသော အကျဉ်းသားအကျဉ်းသူများကို (၁) နိုင်ငံတော်သမ္မတ တစ်ဦးတည်း သဘောဆန္ဒဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် (၂) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရ နိုင်ငံတော် သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက် ခဲ့သူများကို တရား ဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ပါကြောင်း၊ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် အကျဉ်းသားများအနက် နိုင်ငံတော်သမ္မတသည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့အရ အကျဉ်းသူ/သား များကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်များ ပေးပိုင်ခွင့်ရှိပါကြောင်း၊

၎င်းအပြင် နိုင်ငံတော်သမ္မတသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းချက်ထား၍လည်းကောင်း သို့မဟုတ် စည်းကမ်းချက်မထား၍လည်းကောင်း အကျဉ်းသူ/သားများ ကျခံလျက်ရှိသည့် ပြစ်ဒဏ်များအပေါ်တွင်လည်း လျော့ပေါ့ပြီး လွတ်ငြိမ်း သက်သာခွင့်များ ပေးနိုင်ပါကြောင်း၊ သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကို ၃၁-၈-၂၀၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီးဖြစ်ပါသဖြင့် ယခုအချိန်တွင် ကြိုဆိုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။