(ဂ)-တိုင်းရင်းသားသတင်းမီဒီယာများ အပါအဝင် ပုဂ္ဂလိက သတင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း၊ နိုင်ငံပိုင်သတင်းစာများသည် ပြည်သူ့ ကိုယ်စားပြု သတင်းစာများ အဖြစ်သို့ ရောက်ရှိနိုင်ရန် မည်သို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံနှင့်အဝန်းဖြစ်ပျက်နေသည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန်၊ မြန်မြန် ဆန်ဆန်၊ တိတိကျကျ သိရှိနိုင်ရန် တိုင်းရင်းသားသတင်းမီဒီယာ၊ ပုဂ္ဂလိကသတင်းမီဒီယာများ ဖွံ့ဖြိုးအားကောင်းလာရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မူဝါဒ ငါးရပ်၊ ရည်မှန်းချက် ၂၇ ချက် ပုဂ္ဂလိက သတင်းမီဒီယာများ အားကောင်းလာရေးအတွက် အားပေးဆောင်ရွက်ရန် မူဝါဒပါရှိခြင်းမရှိပါကြောင်း၊
ယခုအချိန်တွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လာသည့်နှင့်အညီ မီဒီယာအခန်း ကဏ္ဍတွင် ပြုပြင် ပြောင်းလဲမှုများ၊ ဖြေလျော့မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ပုဂ္ဂလိကသတင်းစာနှင့် ဂျာနယ်စောင်ရေများစွာသည် နိုင်ငံတော်ပိုင် သတင်းစာများနှင့် အပြိုင် ဈေးကွက်စီးပွားရေးစနစ်ကို ယှဉ်ပြိုင်ဝင်ရောက်ခဲ့ကြပါကြောင်း၊ နိုင်ငံတော်ပိုင်သတင်းစာများအနေဖြင့် နိုင်ငံတော်ဘဏ္ဍာကို သုံးစွဲနိုင်ခြင်း၊ ဝန်ကြီးဌာနများ၏ သတင်းအရင်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာရရှိနိုင်ခြင်း၊ တစ်နိုင်ငံလုံးတွင် ကိုယ်ပွားသတင်းစာတိုက်များ ရှိနေခြင်း၊ ဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်များ၊ ဝန်ထမ်းခေါ်ယူသည့်ကြော်ငြာများ၊ တရားရုံးနှင့်ဆိုင်သော ကြော်ငြာများ၊ သာရေးနာရေးကြော်ငြာများ အလျှံအပယ် ရရှိနေခြင်း၊ ဈေးနှုန်းကို လျော့ချရောင်းနိုင်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦး၊ စက်ယန္တရား၊ ဝန်ထမ်းများဖြင့်လည်ပတ်နိုင်ခြင်း စသည့်အားသာချက်များရှိနေသော်လည်း တိုင်းရင်းသားနှင့် ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များမှာ အထက်ပါအခွင့်အရေးများမရှိခြင်းကြောင့် ဆက်လက် ရပ်တည်နိုင်ခြင်းမရှိသကဲ့သို့ တစ်ချို့သည် ခက်ခက်ခဲခဲ ကြိုးစားရပ်တည်နေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသတင်းစာများ ဖွံ့ဖြိုးတိုးတက်မှုကိုက်ညီစေရန်အတွက် ပုဂ္ဂလိကသတင်း ဂျာနယ်ထုတ်ဝေမှု အားကောင်းလာစေရန်အတွက် နိုင်ငံတော်ကလိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက် ပေးသင့်ပါကြောင်း၊
ယခုအချိန်တွင် အထူးသဖြင့် နိုင်ငံပိုင်ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများသည် ပြောင်းလဲခြင်း မရှိသည်ကိုတွေ့ရှိရပြီး ပုဂ္ဂလိကသတင်း စာနယ်ဇင်းများကသာ ပြည်သူတစ်ရပ်လုံး စိတ်ဝင်စားသည့် သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေ သည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် မေးခွန်း(၁) တိုင်းရင်းသားသတင်းမီဒီယာများအပါအဝင် ပုဂ္ဂလိကသတင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က မည်သို့ကူညီဆောင်ရွက်ပေးပါမည်၊ နိုင်ငံပိုင်သတင်းစာများအား ပြည်သူ့ကိုယ်စားပြု သတင်းစာများအဖြစ် ရောက်ရှိနိုင်ရန် မည်သို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဖွဲ့အစည်းများ၏ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေမှုများကို ဦးစွာတင်ပြလိုပါကြောင်း၊ အစိုးရသစ်တက်လာပြီးနောက်ပိုင်းဝန်ကြီး ဌာနအလိုက် ပြောရေးဆိုခွင့်အဖွဲ့များ ဖွဲ့စည်းပြီး ပြေရေးဆိုခွင့်ရ ပုဂ္ဂိုလ်များအတွက် လိုအပ်သည့် သတင်းမီဒီယာများနှင့် ဆက်ဆံပြောဆိုမှုဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့သည့်အပြင် သတင်းအချက်အလက် ရယူခြင်းနှင့် ပတ်သက်သည့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ပေး ခဲ့ပါကြောင်း၊ ထိုဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဝန်ကြီးဌာနများက ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများအပြင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီမှ ပုဂ္ဂိုလ်များပါ တက်ရောက် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊
နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် ဝန်ကြီးဌာနအသီးသီး၏ Website များ၊ Facebook များမှ နောက်ဆုံးရသတင်းများကို ထုတ်ပြန်ပေးလျက်ရှိသကဲ့သို့ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်များကလည်း ပြည်တွင်းပြည်ပ မီဒီယာများ၏ တင်ပြချက်များကို ဖြေကြား ပေးလျက်ရှိသည့်အပြင် နောက်ဆုံးရသတင်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်း နိုင်ပါရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်အဖွဲ့မှ အရာရှိကြီးနှစ်ဦး၏ ရုံးဖုန်းနှင့် လက်ကိုင်ဖုန်း၊ အီးမေးလ်များကို ဖော်ပြကြေညာပေးပြီး မေးမြန်းသမျှကို ဖြေကြားခြင်းများ ဆောင်ရွက်ပေး လျက်ရှိခြင်းဖြင့် နိုင်ငံပိုင်သတင်းမီဒီယာများ၊ ပုဂ္ဂလိကသတင်းမီဒီယာများ သတင်းရယူ ပိုင်ခွင့် တပြေးညီရရှိစေရေးအတွက် ဆောင်ရွက်နေပါကြောင်း၊
ပထမမေးခွန်းနှင့်စပ်လျဉ်းပြီး ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ သတင်းစား ၃၉ စောင် ထုတ်ဝေခွင့်ပြုခဲ့သည့်အနက် တိုင်းရင်းသား သတင်း မီဒီယာ ချင်းတိုင်းရင်းသားဘာသာနှင့် ထုတ်ဝေသော သတင်းစာ လေးစောင်၊ ဂျာနယ် ၄၇၆ စောင် ခွင့်ပြုခဲ့သည့်အနက် တိုင်းရင်းသားဘာသာဂျာနယ်အစောင် ၄၀၊ မဂ္ဂဇင်း ၃၇၀ ခွင့်ပြုခဲ့သည့်အနက် တိုင်းရင်းသားဘာသာမဂ္ဂဇင်း ခုနစ်စောင် ပါဝင်ပါကြောင်း၊ ယခုအချိန်ထိ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ ပုံနှိပ်လုပ်ငန်းများနှင့် သတင်းအေဂျင်စီလုပ်ငန်းများ လျှောက်ထားသူပေါင်း ၃၄၃၁ ဦးရှိ သည့်အနက် ၃၄၂၉ ဦး ကို ထုတ်ပေးခဲ့ပြီး သတင်းမီဒီယာများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးနေပါကြောင်း၊
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် သြဂုတ်လကစတင်ပြီး စာမူကြိုတင်စီစဉ်သည့်စနစ်ကို ပယ်ဖျက် ခဲ့ပြီး နောက် လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ရရှိခဲ့ပါကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းသော မီဒီယာများထွက်ပေါ်လာနိုင်ရန်နှင့် မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ UNDP၊ UNESCO၊ IMS၊ DW Academic၊ Action Aid၊ Article 19၊ USAID အစရသော နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂနှင့် တိုင်းရင်းသား မီဒီယာများ ပူပေါင်းပြီး့ Conference ၊ Seminar ၊ workshop, dialogue စသဖြင့် ကျင်းပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲများ၊ ညီလာခံများမှတစ်ဆင့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာ နယ်ပယ်အသီးသီးတွင် လက်ရှိကြုံတွေ့နေရသော ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာ အခက်အခဲ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေး အဖြေရှာ နိုင်ခဲ့ကြပါကြောင်း၊
တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအနေနှင့် တိုင်းရင်းသားများ၊ မီဒီယာများစုပေါင်း ပါဝင်သော (BNI-Burma News International) အဖွဲ့ကို နိုင်ငံအတွင်း မီဒီယာ လုပ်ကိုင်ခွင့်၊ တိုင်းရင်း မီဒီယာညီလာခံများ ကျင်းပပြုလုပ်ခြင်းများကိုလည်း အားပေးကူညီ ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ၂၀၁၃ ခုနှစ်ကစတင်ပြီး တိုင်းရင်းမီဒီယာညီလာခံများကို နှစ်စဉ်ကျင်းပခဲ့ရာ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ချင်းပြည်နယ် ဟားခါးမြို့နှင့် စတုတ္ထအကြိမ်မြောက်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် တိုင်းရင်းသားမီဒီယာသမားများ၏ လိုလားချက်များကို ဆွေးနွေးဖော်ထုတ်နိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားပုံနှိပ်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေမှုကို ဖြည့်စွက်ပြီးပြောလိုပါကြောင်း၊ မော်လမြိုင်ရှိ ကိုယ်ပွားသတင်းစာတိုက်တွင် တိုင်းရင်းသားတို့၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်မှုသတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများကို မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအို့ဝ်ဘာသာများနှင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်စုံစာမျက်နှာ လေးမျက်နှာနှင့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ထည့်သွင်း ထုတ်ဝေဖြန့်ချိပေးလျက်ရှိပါကြောင်း၊
ပြန်ကြားရေးဝန်ကြီးဌာနတွင် တိုင်းရင်းသားမီဒီယာအဖွဲ့ ၁၀ ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ ကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရလဒ်များကို အခြေခံကာ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းလုပ်ဆောင်နိုင်မည့် အစီအစဉ်များ ညှိနှိုင်းဆဲဖြစ်ပါကြောင်း၊
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တွင် မြန်မာစာဖွံ့ဖြိုး တိုးတက်ရေးနှင့် ပုဂ္ဂလိကမီဒီယာများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်၊ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲနှင့် စာအုပ်ဈေးရောင်ပွဲတော်စသည်များ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် တိုင်းရင်းသား စာပေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တို့ကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ၁၀-၁၁-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၆၆ ဦး တက်ရောက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းများသည် တိုင်းရင်းသားမီဒီယာများ၊ စာပေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊
ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့အစိုးရသည် ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရ ဖြစ် သည့်အတွက် အစိုးရ၏ မူဝါဒများနှင့် ဆောင်ရွက်ချက်များကို ပြည်သူများပြန်လည် သိရှိစေရန် အတွက် နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ဖော်ပြပေးပြီး ပြည်သူ့ကိုယ်စားပြု သတင်းစာများအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီစနစ် ထွန်းကားအောင်မြင်ရန်အတွက် မတူညီသည့် အယူ အဆ၊ ငြိမ်းချမ်းစွာယှဉ်ပြိုင်ရပ်တည်နိုင်ရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ရရှိစေရန် လိုအပ်သည့်အတွက် သတင်းစာများတွင် အစိုးရ၏ လုပ်ဆောင်ချက်များသာမက ပြည်သူများ၏ သဘောထား၊ ထင်မြင်ယူဆချက်များကိုပါ ဖော်ပြပေးလျက်ရှိပါကြောင်း၊
ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြတင်ဆက်မှုများသည် အစိုးရဝါဒဖြန့် ပုံစံ သဘောမျိုးမဟုတ်ဘဲ ပြည်သူနှင့်အစိုးရကြား အပြန်အလှန် ထိတွေ့ဆက်ဆံနေသော ကြားခံယန္တရား သဖွယ် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ သတင်းတိကျမှု ခိုင်မာမှုများကို ပိုမိုလုပ်ဆောင်ပြီး ပြည်သူ့အကျိုးပြုသတင်းများကို အမြန်ဆုံးဖော်ပြနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများက လွတ်လပ်စွာ ထုတ်ဖော်နိုင်ရန် ကြေးမုံသတင်းစာတွင် ပြည်သူ့သဘောထားစင်မြင့်ဆိုသည့် ကဏ္ဍအသစ် တစ်ရပ်ကိုလည်း အပတ်စဉ်ဖော်ပြပေးနေပါကြောင်း၊ လူငယ်များ၏ သဘောထားများကို တင်ပြနိုင်ရန် အတွက် မျိုးဆက်သစ်ရင်ပြင်ကဏ္ဍအသစ်ကို ဖွင့်လှစ်ပေးထားတာရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးခြင်းသည် အနာဂါတ်စာပေပညာရှင်များပေါ် ထွန်းလာရေးနှင့် ကလေးအရွယ်ပါမကျန် စာဖတ် ဝါသနာ ပါရှိစေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံပိုင်သတင်းစာများသည် ပြည်သူနဲ့အစိုးရကြားပေါင်းကူးဆောင်ရွက်ပေးည့် မီဒီယာ ဗဟုဝါဒကျင့်သုံးပြီး ပြည်သူများသတင်းအမှန်၊ ဖြစ်ရပ်အမှန်သိစေရန်၊ ပြည်သူများ အသိပညာ ဗဟု သုတရရှိစေရန်၊ အကိုးအကားပြုစေနိုင်မည် ခိုင်မာသော သတင်းအချက်အလက်များ ရရှိရန်ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့ကိုယ်စားပြု သတင်းစားများဖြစ်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေ ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိမေးခွန်း၏ ရည်ရွယ်ချက်သည် ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကမီဒီယာများနှင့် နိုင်ငံပိုင် သတင်းမီဒီယာများ ယှဉ်ပြိုင် ထုတ်ဝေရာတွင် သတင်း၊ စာနယ်ဇင်းလုပ်ငန်းတွင် အစိုးရဘက်က ပိုမိုအသာရပြီး ပုဂ္ဂလိကဘက်ကကြည့်ပါက နိုင်ငံတော်က အထောက်အကူ မပေးသည့်အတွက် ပုဂ္ဂလိကသတင်းမီဒီယာများ တဖြည်းဖြည်း တိမ်မြုပ်သွားပါကြောင်း၊ အစိုးရဗဟိုပြု သတင်းစာကနေ ပြည်သူ့ဗဟိုပြုသတင်း စာဖြစ်လာရန်အတွက် ကိုယ့်တစ်ယောက်တည်း ဆောင်ရွက်၍ မရဘဲ ပုဂ္ဂလိက သတင်းမီဒီယာများပူးပေါင်းပြီး နှစ်ဖက်ဘက်မျှအောင် ကူညီပေးနိုင်မည်ဆိုပါက ပိုမို ထိရောက်ပြီး တာရှည်သွားမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးအောင် နိုင်ငံတော်က မည်သို့ကူညီမည်ကို သိလိုခြင်းဖြစ်ပါကြောင်း၊ ဆက်စပ် မေးလိုသည်မှာ သတင်းစာ ယှဉ်ပြိုင်ရာတွင် အသာစီးရထားသော တရားရုံးများ၏ ကြော်ငြာနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာခြင်းမှာ တရားဝင်ခြင်း ရှိ/မရှိ၊ အစိုးရ၏သတင်းများကို နိုင်ငံပိုင်မျက်နှာ ဖုံးသတင်းစာများတွင် ထည့်ပေးရန် မူရှိ/ မရှိ၊ တိုင်းရင်းသား ၁၃၅ မျိုးအတွက် ရေဒီယို FM များ ထုတ်လွှင့်မည့်အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
နိုင်ငံပိုင် သတင်းစာများ ထုတ်ဝေနေခြင်းသည် ပြည်သူကို အစီရင်ခံရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် စီးပွားရေးရှုထောင့်က လုပ်ကိုင်ဆောင်ရွက်နေခြင်း မဟုတ်ဘဲ အစိုးရ သတင်းစာ များသည် ပုဂ္ဂလိကသတင်းစာများနှင့် ဈေးကွက်မှာ ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်လည်းမရှိပါကြောင်း၊ အစိုးရသတင်းစာရှိနေခြင်းကြောင့် ပုဂ္ဂလိကသတင်းစာများ ရပ်တည်ရန် ခက်ခဲတိမ်မြုပ်ပျောက်ကွယ် သွားနိုင်သည့်အထိ စိုးရိမ်ပူပန်ရန် မလိုပါကြောင်း၊ ရေဒီယိုအစီအစဉ်များနှင့် ပတ်သက်၍ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် ရုပ်သံအစီအစဉ်များကို တိုင်းရင်းသားများအတွက် တတ်နိုင်သရွေ့ ရန်ပုံငွေ၊ ဘဏ္ဍာငွေရှိသည့်အပေါ်မူတည်ပြီး တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေဒီယိုများနှင့် ပတ်သက်၍ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်များရှိသကဲ့သို့ ပုဂ္ဂလိကရေဒီယို၊ အဖွဲ့အစည်းများ၏ ရေဒီယိုများ လည်း ထုတ်လွှင့်ခွင့်ရအောင် ဆောင်ရွက်ပေးရန်ရှိပါကြောင်း၊ ရုပ်သံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးပါက ရုပ်သံဥပဒေတွင်ပါဝင်သော ရုပ်သံကောင်စီ ရှိလာမည်ဖြစ်ပြီး FM ရေဒီယို အပါအဝင် ရုပ်သံအစီအစဉ်များလည်း စည်းမျဉ်းစည်းကမ်းချက်များအလိုက် ပေါ်ပေါက်လာ မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
