(က)-ဆည်မြောင်းစီမံကိန်းနှင့် ရေအရင်းအမြစ်အ သုံးချရေးစီမံကိန်းများကိုရေပေးမြောင်းစနစ်များသာ မက ရေထုတ်မြောင်း စနစ်များကိုပါ ထည့်သွင်း၍ တစ်ပါတည်းပူးတွဲတည်ဆောက်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၁)ရက်မြောက်နေ့ (၃.၇.၂၀၁၅)

ဦးကြည်ပြုံး (စဉ့်ကိုင်) မိမိတို့နိုင်ငံတွင် တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးသီးနှံများကို ရေပေးဝေသည့် လုပ်ငန်းများတွင် မလိုလားသည့်ပိုလျှံသောမိုးရေ၊ ချောင်းရေ၊ မြောင်းရေများကို အလျင်အမြန် စွန့်ထုတ်နိုင်ခြင်းအားဖြင့် သီးနှံများပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရေနုတ်မြောင်းများကို တူးဖော်ခြင်း၊ အသစ်တူးဖော်ခြင်း လုပ်ငန်းများကို မိမိတို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပင်လယ်ရေငန်ထိန်းတာပေါင်များ၊ မြစ်ရေထိန်းတာပေါင်များကိုလည်း လိုအပ်သလို ပြုပြင်ပေးသည်ကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများမှာလည်း စိုက်ပျိုးရေရရှိခြင်းအားဖြင့် တောင်သူဦးကြီးများ သီးနှံစိုက်ဧက တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ရန်အတွက် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေပေးမြောင်းများကိုလည်း ရရှိသည့်ရန်ပုံငွေအရ နှစ်စဉ်ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မူလတည်ဆောက်ပြီးသည့် ဆည်ရေသောက်ဧရိယာများတွင် ရေနုတ်မြောင်းများကိုလည်း ရရှိသည့်ရန်ပုံငွေအရ ပြုပြင်ပေးလျက်ရှိကြောင်းကိုလည်း တွေ့ရပါသည်။ သို့သော်လည်း အသစ်တည်ဆောက် လျက်ရှိသည့် တည်ဆောက်ရန်လျာထားသော ဆည်မြောင်းစီမံကိန်းနှင့် ရေအရင်းအမြစ် အသုံးချရေး စီမံကိန်းများ၏ ရေသောက်ဧရိယာများမှာ ရေပေးမြောင်းစနစ်များသာမက ရေထုတ်မြောင်းစနစ်များကိုပါ ကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်၍ တစ်ပါတည်း ပူးတွဲတည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးခင်ဇော်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနများအနေဖြင့် နိုင်ငံတော်တစ်ဝှမ်းတွင် တည်ဆောက်ပြီးသော ရေလှောင်တမံ၊ ရေလွှဲဆည်၊ ဆည်ရေသောက်စနစ်နှင့် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျထိန်းသိမ်းပြီး စိုက်ပျိုးရေးအတွက် လိုအပ်သောရေကို လိုအပ်သည့်အချိန်တွင် လိုအပ်သောပမာဏအတိုင်း လေလွင့်မှုအနည်းဆုံးဖြင့် ပေးဝေနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ်မြုပ်ခြင်း၊ ရေငန်ဝင်ရောက်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် ရေဘေးကာကွယ်ရေးတာတမံ၊ ရေငန်တားတမံနှင့် ရေတံခါးများတည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဒေသ လိုအပ်ချက်အရ ဦးစားပေးအစီအစဉ်သတ်မှတ်ကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆည်ရေသောက် စနစ်အသီးသီးတွင် ရေပေးမြောင်းများမှ စိုက်ပျိုးရေရယူပြီးနောက် ပိုလျှံရေများကို ပြန်လည်ထုတ်နုတ် လျှော့ချ နိုင်ရန်နှင့် မိုးရာသီတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လယ်မြေများအတွင်းမှ ပိုလျှံသောမိုးရေများအား ထုတ်နုတ်ပေးနိုင်ရန်အတွက် မူလတည်ရှိပြီးဖြစ်သည့် သဘာဝရိုးများ၊ ချောင်းများကို ရေနုတ်အားကောင်းစေရန် ပြုပြင်တူးဖော်ပေးခြင်းနှင့် ဒီဇိုင်းတွက်ချက်မှုအရ ထပ်မံလိုအပ်သော ရေနုတ်မြောင်းနှင့် ရေနုတ်အဆောက်အအုံများ ထည့်သွင်းတည်ဆောက်ခြင်းများကို ဆောင်ရွက်ထားရှိပါကြောင်း၊ တည်ဆောက်ဆဲ ဆည်မြောင်းစီမံကိန်းများ၏ ရေသောက်စနစ်များ ဆောင်ရွက်ရာတွင်လည်း လယ်မြေများမှတစ်ဆင့် ထွက်ရှိလာသောပိုလျှံရေများကို စုစည်းထုတ်နုတ်ပေးမည့် လယ်ကြားရေနုတ်မြောင်းများ၊ ၎င်းလယ်ကြားရေနုတ်မြောင်းများမှ ထုတ်နုတ်ရေများကို အဆင့်ဆင့်စုစည်းပေးမည့် ရေနုတ်မြောင်းခွဲများနှင့် စိုက်ပျိုးဧရိယာပြင်ပသို့ ထုတ်နုတ်ပေးနိုင်မည့် ပင်မ ရေနုတ်‌မြောင်းများကို ဆည်ရေသောက်ဧရိယာ၏ မြေမျက်နှာပြင်အနေအထားနှင့် လိုက်လျောညီထွေဖြစ်အောင် ဒီဇိုင်းပုံစံရေးဆွဲ၍ စီမံကိန်းကုန်ကျစရိတ်တွင် ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် မြေယာပြုပြင်မှုစနစ်ဖြစ်သော အဆင့်မြင့်စက်မှုလယ်ယာများ ဖော်ထုတ်ခြင်းလုပ်ငန်းကို နိုင်ငံအနှံ့တွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ထိရောက်ကောင်းမွန်သော ရေပေးမြောင်းစနစ်နှင့်အတူ ရေနုတ်မြောင်းနှင့် ရေနုတ်အဆောက်အအုံများကို စနစ်တကျထည့်သွင်း တည်ဆောက်ပေးထားပြီး စိုက်ပျိုးရေးကဏ္ဍတွင် ရေနုတ်မြောင်းစနစ်သည် အရေးပါပြီး တောင်သူလယ်သမားများသိရှိ ဆောင်ရွက်လာစေရန်လည်း ပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန် လျာထားသည့် ဆည်မြောင်း စီမံကိန်းများနှင့် မြစ်ရေတင်စီမံကိန်းများ၏ ဆည်ရေသောက်စနစ်များတွင် ရေပေးမြောင်းများသာမက ပိုလျှံရေများကို ထုတ်နုတ်နိုင်မည့် ရေထုတ်မြောင်းများကိုပါ တစ်ပါတည်းပူးတွဲ တည်ဆောက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။