(ခ)- နမ္မတူမြို့နယ်ရှိ မုံးရင်ရွာနှင့် အီနိုင်းလမ်းခွဲ (၁၈)မိုင်မှ ၄ မိုင် ၆ ဖာလုံသာ ကတ္တရာလမ်း ဖြစ် ပါ၍ ကျန်ရှိနေသော အမာခံလမ်း ၁၃ မိုင် ၂ ဖာလုံ အား ကတ္တရာလမ်း အဖြစ် အဆင့်မြှင့် တင်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၉.၃.၂၀၁၇)

ဒေါ်နန်းခမ်းအေး (နမ္မတ)ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာအုပ်စု၊ ရိန်းနန်ကျေးရွာအုပ်စု၊ မန်ဆာ လုံ ကျေးရွာအုပ်စုနဲ့ ဖားဆောင်းကျေးရွာအုပ်စုတို့သည် မြေသားလမ်းဖြင့်သာ  ဆက်သွယ်သွား လာ နိုင်သည့် ကျေးရွာအုပ်စုများဖြစ်ပါကြောင်း၊ မိုင်းရင်ကျေးရွာသည် နမ္မတူမြို့နယ်မှ ၁၄ မိုင်သာ ကွာဝေး သော်လည်း ရွှံ့တော မြေသားလမ်းများဖြစ်သည့်အတွက် မိုးတွင်းကာလများတွင် မည်သို့မျှ သွားလာနိုင်ခြင်းမရှိဘဲ ဝန်ထမ်းများအနေဖြင့်လည်း မိခင်ဌာနများ ရုံးစိုက်ရာ ဖြစ်သည့် နမ္မတူမြို့ကို အစည်းအဝေးသွားရန် များစွာအခက်အခဲရှိပါကြောင်း၊ မိုင်းရင်မှတစ်ဆင့် လားရှိုးမြို့နယ်ရှိ အီနိုင်းလမ်းခွဲအထိ(၁၈)မိုင်၊ ထိုမှတစ်ဆင့် ၃၂ မိုင်သွားမှသာ နမ္မတူမြို့နယ်ကို ရောက်ရှိမည် ဖြစ်ပါကြောင်း၊ အဆိုပါ မိုင်းရင်ကျေးရွာနှင့် အီနိုင်းလမ်းခွဲ (၁၈)မိုင်အမာခံလမ်းသည် ၄ မိုင် ၆ ဖာလုံခန့် သာ ကတ္တရာလမ်းဖြစ်ပြီး ကျန်ရှိ ၁၃ မိုင်နှင့် ၂ ဖာလုံသည် မြေကြီးလမ်းများ ဖြစ်ပါသောကြောင့် မိုးရာသီတွင်သွားလာရန် လွယ်ကူခြင်းမရှိပါကြောင်း၊ အဆိုပါကျေးရွာအုပ်စုများသည် အဓိက ကုန်ထုတ်စွမ်းအားစု ဒေသတစ်ခုဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကို ဆောင်ရွက်ပေးမည် ဆိုပါက အများကြီး အထောက်အကူပေးမည်ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းအား ကာလတိုအတွင်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်နိုင်ပါက ကျေးလက်တောရွာများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူပေးမည်ဖြစ်သည့်အပြင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် အဆင်ပြေချောမွေ့စေမည်ဖြစ်ကာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလည်း လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ခြင်းကြောင့် ကျန်ရှိနေသောလမ်း ၁၃ မိုင် ၂ ဖာလုံကို အမြန်ဆုံး ဆောင်ရွက်ပေး နိုင်ရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဒေါ်နန်းခမ်းအေး (နမ္မတူ မဲဆန္ဒနယ်) (ကိုယ်စား)  ဦးစိုင်းမွန်း (လဲချား မဲဆန္ဒနယ်) မှ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ်ရှိ အီနိုင်း-မိုင်းရင်လမ်းသည် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး လားရှိုး-မန်စံလမ်း၊ မိုင် ၉/၀ (အီနိုင်းရွာ)မှ ခွဲထွက်ကာ မိုင်းရင်ရွာအထိ လမ်းအရှည် ၁၈ မိုင်ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်း တစ်မိုင်ဆောင်ရွက်ခဲ့ပြီး ၃၁-၃-၂၀၁၇ ရက်နေ့အထိ လမ်းအခြေအနေသည် ကတ္တရာလမ်း ၄ မိုင် ၆ ဖာလုံ၊ ကျောက်လမ်း ၆ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၆ မိုင် ၄ ဖာလုံနှင့် မြေလမ်း ၂ ဖာလုံ ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ကျန်ရှိ မြေသားလမ်း ၂ ဖာလုံကို ကျောက်ခင်းလမ်းအဖြစ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ၂ မိုင် ဆက်လက်ဆောင်ရွက်ရန် လျာထားပြီးဖြစ်သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် စုစုပေါင်း ၆ မိုင် ၆ ဖာလုံသည် ကတ္တရာလမ်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး လမ်းမိုင်တစ်လျှောက် ရာသီမရွေးသွားလာနိုင်ဖြစ်ပါကြောင်း၊  ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ကတ္တရာလမ်းအဆင့်ဖြစ်ရန် ကျန်ရှိ ၁၁ မိုင် ၂ ဖာလုံအား ကာလတို ငါးနှစ်စီမံချက်ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မကုန်ခင် ကတ္တရာလမ်းအဆင့် မြှင့်တင်ခြင်းကို အပြီးဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။