ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပညာရေးဝန်ထမ်းများအတွက် မီးဖွားခွင့်ခြောက်လအတွက် လွှတ်တော်၌ အတည်ပြုပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ၎င်းအတည်ပြုပြဋ္ဌာန်း ချက်သည် ကောင်းမွန်သော ပြဋ္ဌာန်းချက်ဖြစ်သော်လည်း အမှန်တကယ်လက်တွေ့ကျင့်သုံးသည့်အခါ များစွာ အခက်အခဲ ရှိနေပါကြောင်း ၊ တစ်နှစ်လျှင် ပညာသင်ကာလ ၁၀လ ရှိပြီး ၂၀၁၅-၁၆ ပညာသင်နှစ်တွင် မန်တုံမြို့၌ မီးဖွားခွင့် နှစ်ဦးရှိပြီး စာသင်နှစ်သာကုန်သွားသော်လည်း အချိန်မီအစားထိုး ရောက်မလာခြင်းကြောင့် ဆရာ/ဆရာမ များ အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊ ထို့အပြင် ဆရာ/ဆရာမနှစ်ဦး သာ ခန့်ထားနိုင်သည့် မြို့နယ်ရှိဝေးလံပြီး ဆက်သွယ်ရေးခက်ခဲသည့် အချို့ကျေးရွာများရှိ မူလတန်း ကျောင်းများတွင် ဆရာမတစ်ဦး မီးဖွားခွင့်ယူလိုက်လျှင် ကျန်သည့် ဆရာမတစ်ဦးနှင့် ကလေးငယ်များ အတွက် များစွာ အခက်အခဲရှိပါကြောင်း၊သို့သော် မီးဖွားခွင့်ခြောက်လ အတွက် ပညာရေးတွင် ရင်ဆိုင်နေရသော အခက်အခဲပြဿနာ များစွာရှိနေသေးပါကြောင်း၊ အထူးသဖြင့် ဆရာမ တစ်ဦးမီးဖွားခွင့် ယူနေစဉ်လည်းကောင်း၊ ၎င်းလစ်လပ် နေရာများတွင် အချိန်မီအစားထိုး မပေးနိုင်ခြင်း၊ တခြားဆရာ/ဆရာမများ တာဝန်ယူ သင်ကြားရခြင်းတို့ကြောင့် သင်ကြားရသည့် ဆရာမများသည် သတ်မှတ်ချိန်ထက် စာသင်ချိန်များ ပိုများလာခြင်း၊မိမိ၏ဘာသာရပ်မဟုတ်ဘဲ သင်ကြားရခြင်းကြောင့် ကျောင်းသူ/ကျောင်းသားများအတွက် များစွာနစ်နာ မှုရှိခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရ ပါကြောင်း၊ ဝန်ထမ်းများနေရာချထားမှုကို မြို့နယ်ပညာရေးမှူးအနေဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသော်လည်း ဝန်ထမ်း အင်အား မလုံလောက်ပါက စီမံခန့်ခွဲနိုင်မှာမဟုတ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ထားမှသာလျှင် တာဝန်ခံရသော ဆရာ/ဆရာမများအနေဖြင့် တာဝန်ကိုကျေပွန် စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း နှင့် ကျောင်းသူ/ ကျောင်းသားများစာသင်ယူမှုပိုင်းတွင် နစ်နာမှုမရှိစေရန်အတွက် မည်ကဲ့သို့ဆောင် ရွက်ထားသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင် ပါရှိသော မီးဖွားခွင့်အမျိုးအစားအရ ကိုယ်ဝန်ဆောင်မိခင် နိုင်ငံ့ ဝန်ထမ်းအားလုံး အတွက် အကျုံးဝင်ပါသဖြင့် ပညာရေးဝန်ထမ်းများအတွက် မီးဖွားခွင့်များကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ပညာရေးဝန်ကြီးဌာနအောက်မှာရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများအားလုံးကို တည်ဆဲ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ခွင့်ခံစားခွင့်များအတိုင်း ခွင့်ပြုလျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦး အနေဖြင့် မည်သည့်ခွင့်အမျိုးအစားကိုမဆို ခံစားခွင့်ပြုရန် တင်ပြသည့် အခါ ခွင့်ခံစားနေစဉ် ကာလ အတွင်း မိမိ၏တာဝန်ကို မည်သူ့ထံလွှဲအပ်ပါသည်ဟု ဖော်ပြပါရှိသကဲ့သို့ လွှဲအပ်ခံရသူမှလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းတစ်ဦးခွင့်ခံစားနေစဉ်မှာ ၎င်း၏တာဝန်ကို လွှဲပြောင်း ပေးအပ်ခဲ့သည့် ဝန်ထမ်းတစ်ဦးမှ လည်းကောင်း၊အခြားသင့်လျော်သည့် ဝန်ထမ်းတစ်ဦးအား လည်းကောင်း၊ တွဲဖက်တာဝန်ပေး၍ လုပ်ငန်းများလစ်ဟင်းမှုမရှိအောင် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ဆရာနည်းပါးသည့် ကျေးလက်ဒေသများ၏ အခြေခံပညာကျောင်းအချို့မှာ မီးဖွားခွင့် ယူသည့် ဆရာ/ဆရာမများ ရှိပါက သင်ကြားရေးတာဝန်ပျက်ကွက်မှုမရှိစေရန် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများမှ နီးစပ်ရာကျောင်းများအနက် ဆရာ/ဆရာမ အရေအတွက် လုံလောက်စွာရှိသည့် ကျောင်းများမှ ဆရာ/ဆရာမများကို လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ အရေ အတွက်နည်းပြီး ဆရာ/ဆရာမပိုနေသည့် ကျောင်းများမှ ဆရာ/ဆရာမကိုလည်းကောင်း၊ School Classer အရ၊ အမျှတနိုင်ဆုံး Work Load အရ တွဲဖက် တာဝန်ပေး၍လည်းကောင်း ဖြေရှင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
