(စ)-အခြေခံပညာပုံနှိပ်ဖတ်စာအုပ်များရိုက်နှိပ်ခွင့်နှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနမှမည်သူကတာဝန် ခံမည်နှင့် ကျောင်းသုံး ဖတ်စာအုပ်များ အသစ်များ သည်ကျောင်းသားများလက်ထဲသို့အရောက်ခင်ပြင်ပ တွင် ရောင်းချနေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁၁.၂၀၁၆)

ဦးတင်ကိုကိုဦး (ဘီးလင်း)ကျောင်းဖွင့်တဲ့အချိန်တွင် စာအုပ်များအချိန်မီမရရှိခြင်းနှင့် ကျောင်းသားအရေအတွက်အတိုင်း မရရှိသည့်အခါ မိမိတို့က ၎င်းကိစ္စကို မည်သူတာဝန်ခံမည်နည်းဟု မြို့နယ်ကိုမေးပါကြောင်း၊ မြို့နယ်က ခရိုင်၊ခရိုင်က ပြည်နယ်၊ ပြည်နယ်က ပြည်ထောင်စုက မလာလို့ဆိုသည့် အဆင့်ဆင့်တာဝန်ခံမှုဖြင့်သာ သွားပါကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်နှင့် ဒီစာအုပ်များ ရိုက်နှိပ်ပြီး ပြည်သူကို ပေးမည်ဟုလည်း တရားဝင်ပြော ထားပါကြောင်း၊ ကျောင်းသားများကိုလည်းပေးမည်ဟု တရားဝင်ပြောထားပါကြောင်း၊ သို့သော် ကျောင်းသားများ ကို နိုင်ငံတော်ကပေးသော် လည်း ကျောင်းသားများထံသို့ မရောက်ဘဲဖြစ်နေပါကြောင်း၊ထိုကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲပါသလား/ တင်ဒါပေး ပါသလား။ ထိုကဲ့သို့ပေးမည်ဆိုလျှင်လည်း ကုမ္ပဏီနှင့်ပတ်သက်ပြီး မည်ကဲ့သို့ Agreements မျိုးများ ရှိပါသနည်းဆိုသည်ကို သိချင်ပါကြောင်း၊

ကျောင်းသုံးစာအုပ်များက ယခုလိုပေးသည့်အခါ ကျောင်းသားအရေအတွက်နှင့် ပြည့်ပြည့်ဝဝမရသော်လည်း အပြင်ကျ လျှင်ဝယ်လို့ရ ပါကြောင်း၊ ကျောင်းသုံး စာအုပ်နှင့် ပတ်သက်ပြီး နိုင်ငံတော်က ကျောင်းသားများကို အခမဲ့ပေးပြီး ကျောင်းသားများက မရရှိပါကြောင်း၊ ထို့ အတွက်ကြောင့် ပြင်ပမှာ ယခုလိုရောင်းချနေခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ စီမံဆောင်ရွက်ရန် ရှိပါသနည်းဆိုသည့် မေးခွန်းကို သိရှိလိုပါကြောင်း မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအခြေခံပညာပုံနှိပ်စာအုပ်များ ရိုက်နှိပ်ခွင့်နှင့်ပတ်သက်၍ အခြေခံပညာပုံနှိပ်စာအုပ်များကို နှစ်စဉ်အခြေခံ ဦးစီးဌာနက တာဝန်ယူ၍ ပုံနှိပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ ထိုသို့ ရိုက်နှိပ်ဖြန့်ဝေနိုင်ရန်အတွက်လည်း လိုက်နာကျင့်သုံးရမည့် သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ အိတ်ဖွင်‌့ တင်ဒါ ခေါ်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊အိတ်ဖွင့်တင်ဒါအောင်မြင်သည့်  ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီများ ကို ရွေးချယ်သတ်မှတ်၍ အချိန်မီပြီးစီးရေးနှင့် သက်ဆိုင်ရာမြို့နယ်များသို့ သတ်မှတ် ရက်အတွင်း အရောက်ဖြန့်ဝေရေးတို့ကို စာချုပ်ချုပ်ဆိုဆောင်ရွက်စေခြင်း ဖြစ်ပါကြောင်း၊ယခုလို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေး၊သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်း များနှင့် ညီညွတ်စေရေးနှင့် အဂတိလိုက်စားမှုကင်းရှင်းစွာဖြင့် မှန်ကန်စွာရွေးချယ်ရေးတို့ကို အဓိကထား၍ အလေး အနက် ဆောင် ရွက်လျက်ရှိပါကြောင်း၊

ပုံနှိပ်စာအုပ်များ ကျောင်းဖွင့်ချိန်အမီ မရရှိခြင်းနှင့် ကျောင်းသားဦးရေနှင့်အညီ မရရှိခြင်းနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီး ဌာန၊ အခြေခံ ပညာဦးစီးဌာနက တာဝန်ခံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊အခြေခံပညာဦးစီးဌာနသည် အိတ်ဖွင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် အချိန်မီရိုက်နှိပ်ပြီးစီးရေး သက်ဆိုင်ရာမြို့နယ်များသို့ သတ်မှတ်ချိန်အမီ ပို့ဆောင်နိုင်ရေးတို့ကို ကန်ထရိုက်စာချုပ်ချုပ်ဆို၍ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းဖွင့် အမီ ရောက်ရှိရေး အတွက် ဝေးလံ ခက်ခဲသောဒေသများကို အစောဆုံးပေးပို့နိုင်ရေးအတွက်ကိုလည်း ညှိနှိုင်းဆောင် ရွက်လျက် ရှိပါကြောင်း၊ရာသီဥတုအခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုနှင့် မမျှော်မှန်းနိုင်သည့် အခြေအနေအရ အလွန်ဝေးလံ ခေါင်သီသည့်ဒေသများသို့ သတ်မှတ်ချိန်ထက် အနည်းငယ်နောက်ကျ၍ ရောက်ရှိသည်များလည်း ရှိနိုင်ပါကြောင်း၊ ကျောင်းသားဦးရေနှင့်အညီ မရရှိနိုင်ခြင်းမှာ ယခင်နှစ်ကကျောင်းသားဦးရေအမှန် စာရင်းကိုအခြေခံ၍ ခွဲတမ်းပြုစုပေးပို့ရခြင်း ဖြစ်သည့်အတွက် လက်ရှိပညာသင်နှစ်တွင် တက်ရောက်သည့် ကျောင်းသားဦးရေနှင့် အနည်းငယ် ကွာဟမှုရှိနိုင် ပါကြောင်း၊ ကျောင်းသား/သူဦးရေသည် ယခုပညာသင်နှစ်တွင် အခမဲ့ အခြေခံပညာရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အတွက် သုံးသိန်းကျော် ပိုမိုတိုးတက်မြင့်မား လာပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များကို ပုံနှိပ်ဖြန့်ဝေရန်အတွက် တိုးတက်လာသည့် ကျောင်းသား/သူဦးရေ၏ ငါးရာခိုင်နှုန်းကို ထပ်ဆောင်းပြီး မိမိတို့အနေဖြင့် ပုံနှိပ်ဖြန့်ဝေဆောင် ရွက်ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါတွင် အချို့ကျောင်းများမှာ အနည်းငယ်လိုပြီး၊ အချို့ကျောင်းများမှာ အနည်းငယ်ပိုပြီး ရှိနိုင်ခြင်းလည်းဖြစ်ပြီး ကျောင်းအပ်သည့် လူများပိုများလာပါကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းအုပ်ကြီးများ နှင့် ကျောင်းသုံး ဖတ်စာအုပ်ပိုသောကျောင်းမှ ဖတ်စာအုပ်များကို လိုသောကျောင်းမှ ဖတ်စာအုပ်များကို ကိုယ့်၏မြို့နယ်အတွင်း မြို့နယ်ပညာရေးမှူး၏ အစီအစဉ်နှင့် ပေါင်းစပ်ပြီး ဖြန့်ဝေစီစဉ်သွားရန်လည်း ယခုပညာသင်နှစ် ကာလအစတွင် ယခုလိုပူးပေါင်းဆောင်ရွက် ခဲ့ပါကြောင်း၊သို့ရာတွင် လိုအပ်ချက်များကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများကိုတင်ပြပြီး အခြေခံပညာဦးစီးဌာနကနေပြီး အတည်ပြုဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များ ကျောင်းသားများ လက်ထဲသို့မရောက်ခင် ပြင်ပ တွင်ရောင်း ချနေခြင်းနှင့် ပတ်သက်၍ ယခင်က ပညာရေးဝန်ကြီးဌာန အနေဖြင်‌့ အခြေခံပညာအဆင့်အားလုံးကို ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ ဖြန့်ဖြူးပေးခဲ့ခြင်း မဟုတ်သည့် အတွက်ကြောင့် ပြင်ပတွင် ဝယ်ယူ၊ ရောင်းချခဲ့ခြင်းများရှိပါကြောင်း၊ သို့သော် ၂၀၁၅-၁၆ ပညာသင်နှစ်ကစပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အခြေခံ ပညာကျောင်းသား/သူ အားလုံးအတွက် ကျောင်းသုံးဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

နိုင်ငံတော်မှ ကျောင်းသုံးဖတ်စာအုပ်များကို အခမဲ့ထောက်ပံ့ ပေးလျက်ရှိသော်လည်း ကျောင်းဖွင့်ချိန်မတိုင်မီ နွေရာသီကာလတွင် မိမိတက်ရောက်ရမည့်အတန်းအတွက် ကြိုတင်သင်ယူလေ့လာလိုသည့် ကျောင်းသား/သူနှင့် မိဘအုပ်ထိန်းသူအချို့က ပြင်ပ ဈေးကွက်တွင် ရောင်းချနေသော ကျောင်းသုံးဖတ်စာအုပ်များကို ဝယ်ယူနိုင်ချေလည်း ရှိပါကြောင်း၊ မိမိတို့အနေဖြင့် စိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်၊ ပြည်သူလူထုနှင့်ရော ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူဦးရေ တိုးလာသည်နှင့် ရာခိုင်နှုန်းတစ်ခုကို တိုးမြှင့်ပြီး ပုံနှိပ်ဖြန့်ဝေ ပေးလျက်ရှိပါကြောင်း၊ သို့သော် တိုးတက်လာသည့် ကျောင်းသားဦးရေအရ လိုခြင်း၊ ပိုခြင်း၊ ကျောင်းအချင်းချင်းကို မြို့နယ်ပညာရေးမှူးရုံးများ၏ အစီအစဉ်နှင့်ပိုခြင်း၊ လိုခြင်းများကို မျှဝေစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ပညာသင်နှစ်အစတွင် သတင်းစာများတွင်လည်း ကြေညာပါကြောင်း၊ ကျောင်းများတွင်လည်းစာကပ်ပါကြောင်း၊မျှဝေခြင်းဆိုင်ရာ အစီအစဉ်များနှင့်လည်း ပြည်သူလူထုနှင့် ပူးပေါင်းပြီး ယခင်နှစ်က အသုံးပြုခဲ့သည့် စာအုပ်ထဲက ကောင်းသည့်စာအုပ်များကို ရွေးချယ်ပြီး လိုအပ်နေသော ကျောင်းသား/သူများအတွက်ကို ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ သို့သော် ယခုနောင်ပညာ သင်နှစ်တွင် အတက်နိုင်ဆုံး ပိုမိုစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

တင်ဒါတွေကိုလည်းပဲ အိတ်ဖွင့်တင်ဒါနှင့် ပွင့်လင်းမြင်သာစွာဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ထိထိရောက်ရောက်နှင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းသုံး ဖတ်စာအုပ်များ အား ကျောင်းသား /သူများ လက်ထဲသို့မရောက်မီ ပြင်ပတွင်ရောင်းချနေခြင်းရှိ/မရှိကိုလည်း လေ့လာဆန်းစစ်၍ စာချုပ်ချုပ်ဆိုပြီးမှ လုပ်ငန်းအပ်နှံဆောင်ရွက်သည့် ပုံနှိပ်လုပ်ငန်းရှင် များနှင့် လည်း ဆက်စပ်မှုရှိ/မရှိကိုလည်း စိစစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ယခုပညာသင်နှစ်ထက် ပိုမိုအကောင်း ဆုံးဖြစ်အောင့်စီစဉ်ဆောင် ရွက်သွား မည် ဖြစ်ပါကြောင်းနှင့် မျှဝေခြင်းဆိုင်ရာ အစီအစဉ်နှင့်လည်း လွှတ်တော် ကိုယ်စားလှယ်ကြီးများလည်း ပူးပေါင်းဆောင်ရွက်ပေးပါရန် ရှင်းလင်းဖြေကြားပါသည်။

ဦးတင်ကိုကိုဦး(ဘီးလင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမှ ဆက်စပ်မေးခွန်းမေးမြန်းလိုသည်မှာ ပုံနှိပ်တာကို အိတ်ဖွင့်တင်ဒါနှင့် ခေါ်သည်ဆိုတာက ကျိန်းသေပါကြောင်း၊ဝန်ကြီးဌာနက ပုံနှိပ်ခိုင်းသည့် ကိစ္စသည် ၎င်းကုမ္ပဏီကပဲ ပုံနှိပ်ရမည်ဖြစ်ပြီး အပြင်တခြားကုမ္ပဏီများက ပုံနှိပ်ခွင့်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

အိတ်ဖွင့်တင်ဒါအရ တင်ဒါလုပ်ငန်းအောင်မြင်သော လုပ်ငန်းရှင်များကို  မိမိတို့အနေဖြင့် လုပ်ငန်းအပ်နှံလို့ ရပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များကို အပ်နှံသည့် အခါတွင် အလယ်တန်းပညာရေးဖြစ်သည့် ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း၊ ရှစ်တန်း ကျောင်းသုံးဖတ်စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကနေပြီး Open Tender (အိတ်ဖွင့်တင်ဒါ) ခေါ်လိုက်သည့် အထဲက အနိမ့်ဆုံးပေးသည့် ဈေးနှုန်းကို ပြန်ကြားရေး ဝန်ကြီးဌာနနှင်‌့ ပညာရေး ဝန်ကြီးဌာန ပြန်လည်ညှိနှိုင်းပြီး ၎င်း ဈေးနှုန်းအတိုင်းလည်း မိမိတို့အနေဖြင့် သတ်မှတ်ဆောင်ရွက်ပါကြောင်း၊တင်ဒါအောင်မြင်ခြင်းမရှိသည့် လုပ်ငန်းရှင်ကို လုပ်ငန်း အပ်နှံပြီး ဆောင်ရွက်၍မရကြောင်း ရှင်းလင်းဖြေကြားပါသည်။