သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ နောင်သကြား ကွင်းတွင် တည်ရှိသော တောင်သူ နန်းရွက်ထွေး၊ ဦးအိုက်ပို၊ ဦးထွန်းကြည်၊ ဦးရွှေအေး၊ ဦးရင်ကွမ်ရုံ၊ ဦးလောဝ်ဟွမ်တို့အမည်များနှင့် လုပ်ကိုင်ခဲ့သော လယ်မြေ ၂၀ ဧကခန့်နှင့် တောင်ယာ ဧက ၂၀ ခန့်တို့သည် ၁၉၅၅ ခုနှစ်ခန့်က တပ်ရင်း ၅၀၃ ၏ သိမ်းယူ ခြင်းကို ခံခဲ့ရပါကြောင်း၊ အဆိုပါ နေရာသည် သီပေါ-နမ္မတူ ကားလမ်းမကြီးနံဘေး၊ ၅၀၃ တပ်ရင်းဧရိယာ ၏ တောင်ဘက် မာန်ကောင်း ဂေါ်ဒန်ကျောက်ထုတ်စခန်းကိုသွားရာလမ်းနှင့် ပန်လေရွာကို သွားရာလမ်း အကြားတွင် တည်ရှိပြီးတပ်၏ ဧရိယာနှင့်လည်း တစ်သီးတခြားစီတည်ရှိပါကြောင်း၊ ယခုအခါ တပ်မတော် က သိမ်းပိုက်ထားသော လယ်ယာမြေများကို မလိုအပ်ပါက မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်နေသည်ကို သိရှိရသည့်အတွက် အဆိုပါလယ်ယာမြေများကိစ္စကို သက်ဆိုင်ရာ တပ်ရင်းရုံးကို သွားရောက်မေးမြန်းရာ တွင် မူလပိုင်ရှင်များလက်ကို ပြန်လည်လွှဲပြောင်းပေးရန်အတွက် အထက်ကိုတင်ပြထားသည်ကို သိရှိရပါ ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးချိန်အမီ မူလပိုင်ရှင် တောင်သူလယ်သမားများထံ ပြန်လည်စွန့်လွှတ်ပေးနိုင် ရေးအတွက် မည်သည့်အချိန်တွင် ပြန်လည်စွန့်လွှတ် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အမှတ်(၅၀၃)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၉၆၂.၆၇ ဧကတွင် အဆိုပါမြေများပါဝင်ခဲ့ပြီး သိမ်းဆည်းစဉ်က ဦးပိုင်ပေါက် လယ်မြေ ၅၃.၉၂ ဧကနှင့် ခြံမြေ ၈.၀၆ ဧကတို့ကို မြေနှင့် သီးနှံလျော်ကြေးငွေများအား ဦးပိုင်ပေါက်တောင်သူ ၂၃ ဦးသို့ လျော်ကြေး ပေးခဲ့တဲ့အပြင် ၁၉၉၄-၁၉၉၆ ခုနှစ် ပြည်ထဲရေး ဝန်ကြီးဌာန၏အမိန့်များအရ စုစုပေါင်း ၉၆၂.၆၇ ဧကအတွက် ပြည်ထဲရေးအမိန့်များ ရရှိပြီးဖြစ်ပါကြောင်း၊ ယခု လယ်မြေ နှင့်တောင်ယာ ၄၀ ဧကသည် အမှတ် ၅၀၃ ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၉၆၂.၆၇ ဧကအတွင်း ပါဝင်ခဲ့သော်လည်း အဆိုပါနေရာသည် ဂေါ်ဒန် ကျောက် ထုတ်လုပ်ရေးသို့ သွားရောက်သည့် ကျောက် ခင်းလမ်း၏ တစ်ဘက်တွင် တည်ရှိနေခြင်းကြောင့် ပြန်လည်စွန့် လွှတ်ပေးသွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။
