မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လေ့လာတင်ပြရမည် ဆိုပါက နိုင်ငံတော်က တာဝန်ယူဆောင် ရွက်နေသော ကျန်းမာရေးစနစ်၊ ပုဂ္ဂလိက တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးစနစ်ဟူ၍ အကြမ်းဖျဉ်း (၂)ပိုင်း ခွဲခြားတွေ့မြင်နိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အပိုင်းအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် အနောက်တိုင်းဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများဖြင့် ကျန်းမာရေးမြှင့်တင်မှု၊ ရောဂါကာ ကွယ်နှိမ်နှင်းရေး၊ ရောဂါကုသရေးလုပ်ငန်း များနှင့် ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကို အခမဲ့ကျန်းမာရေးနှင့် စရိတ်မျှပေး ကျန်းမာရေးစောင့်ရှောက် မှုစနစ်များဖြင့် ဆောက်ရွက်ပေးနေသည်ကို သိရှိရပါကြောင်း၊ သို့သော် ပြည်လူထု အနေဖြင့်လည်း မိမိတို့၏ ငွေကြေးအတိုင်းအတာအရ မြို့ကြီးများတွင် ဖွင့်လှစ် ထားသော အထူးကုဆေးရုံကြီး များ၊ ဆေးခန်းများ၊ ကိုယ်ပိုင်ဆေးခန်းများအပေါ် မှီခိုအားထားနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အတူ ပြည်တွင်းရှိ ပြည်တွင်း/ပြည်ပ လူမှုရေးအသင်း အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့ အစည်းများကလည်း စေတနာ မေတ္တာဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အပိုင်းနှင့်၊ ပုဂ္ဂလိကအပိုင်းပါ တာဝန်ယူစောင့် ရှောက်နေသော ဤစနစ်နှစ်မျိုးကို နှစ်ပေါင်းများစွာ ဆောင်ရွက်နေပြီး ပြည်သူလူထုအပေါ် အမှန်တကယ်အကျိုးသက်ရောက်မှု ရှိ/မရှိဆိုတာ လေ့လာ သုံးသပ်ရန် လိုမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အပိုင်းအနေနှင့် ကျန်းမာရေးအသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်က နှစ်စဉ် တိုးမြှင့်သုံး စွဲပေးနေသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက အထောက်အပံ့တွေများ ပေးနေသော်လည်း ကျန်းမာရေးကဏ္ဍ တွင် ထူးခြားပြောင်းလဲသည့် ကျန်းမာရေး စောင့်ရှောက်မှုမရရှိသေးပါကြောင်း၊ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သည် နိုင်ငံတော်နှင့် အစိုးရ၏ တာဝန်ဟုသာ မှတ်ယူကာ အခမဲ့ကုသမည့် ခံယူချက်သာ ဆုပ်ကိုင်ထားပါကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နိုင်ငံတော်အပိုင်း အနေနှင့်လည်း ဝန်ထုပ်ဝန်ပိုးလျော့ချစေရန်နှင့် ပြည်သူဘက်မှ မိမိကျန်းမာရေးကို အလေးအနက်ထား ဂရုပြုဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိရန် ကျန်းမာရေးအာမခံစနစ်တစ်ရပ် လိုအပ်နေပြီဖြစ် ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း ကျန်းမာရေးအာမခံစနစ်တစ်ရပ်ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူပေါင်းစိစစ် စီစဉ်ဆောင်ရွက်ရန်ရှိကြောင်းကို ဒုတိယပုံမှန် အစည်းအဝေးတွင် ဖြေကြားခဲ့သည့်အတွက် ကျန်းမာရေး အာမခံစနစ်ကြီးကို ပြည်သူလူထု အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိဆောင်ရွက်နေသော အခြေအနေများကိုလည်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး အတွက် ကျန်းမာ ရေးအဆင့် အတန်းမြှင့်တင်နိုင်ရေး၊ ရောဂါဘယကာကွယ်နှိမ်နှင်းရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ၎င်းအတွက် အဓိကကုန်ကျစရိတ်ကို အစိုးရ၊ ပြည်သူလူထုပါဝင်မှုနှင့် ပြည်ပအကူ အညီတို့မှ ရရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအသုံးစရိတ် များဖြစ်သော သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များကို နှစ်စဉ် တိုးတက်သုံးစွဲလျက်ရှိရာ ၂၀၁၄-၁၅ ခုနှစ်တွင် ကျပ်ငွေ ၆၅၂.၇၄၄ ဘီလီယံ သုံးစွဲရန်လျာထားတင် ပြထားပါကြောင်း၊ ကျန်းမာရေးအသုံးစရိတ်များကို တိုးမြှင့်သုံး စွဲလျက် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုကို သာတူညီမျှ ခံစားနိုင်ရေးအတွက် ဆေးရုံများတွင် အရေးပေါ်ကုသရေးဌာနများ၊ မွေးမိ ခင်စောင့်ရှောက်မှုနှင့် ကလေးမွေးဖွားမှုများ၊ ငါးနှစ်အောက်ကလေးများကို ကုသပေးမှုများနှင့် အချို့သော အထူးရောဂါကုသမှုလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ စရိတ်မျှပေးစနစ်ကိုလည်း ဓာတ်မှန်/ဓာတ်ခွဲလုပ်ငန်းနှင့် လိုအပ်သောဆေးဝါးများရှိပါက ဆက်လက်ကျင့်သုံး လျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ၏ မိခင်သေဆုံးနှုန်းသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်သော ထောင်စုနှစ် အစီရင်ခံစာတွင် ခန့်မှန်းချက်များအရ ၁၉၉၀ ခုနှစ်တွင် အရှင်မွေး တစ်သိန်းလျှင် ၅၂၀ ဦးရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၂၀၀ ဦးသို့လည်းကောင်း၊ အသက်ငါးနှစ်အောက်ကလေး သေဆုံးနှုန်းသည် ၁၉၉၀ ခုနှစ်တွင် အရှင်မွေး ၁၀၀၀ လျှင် ၁၃၀ ဦးရှိ ခဲ့ရာမှ ၂၀၁၀ တွင် ၄၆.၁ ဦးသို့လည်းကောင်း၊ အသက်တစ်နှစ်အောက်ကလေးသေဆုံးနှုန်းသည် ၁၉၉၀ ခုနှစ်တွင် အရှင်မွေး ၁၀၀၀ လျှင် ၉၈ ဦးမှ ၂၀၁၀ ခုနှစ်တွင် ၃၇.၅ ဦးသို့လည်းကောင်း လျော့ကျ ကျဆင်းလာပြီး ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ်ရည်မှန်း ချက်ဖြစ်သော သားဖွားမိခင် သေဆုံးနှုန်း အရှင်မွေး ၁၀၀၀၀၀ လျှင် ၁၃၀ ဦးသို့လည်းကောင်း၊ အသက်ငါးနှစ်အောက်သေဆုံးနှုန်း အရှင်မွေး ၁၀၀၀ လျှင် ၄၃.၃ ဦးသို့လည်းကောင်း၊ တစ်နှစ်အောက်ကလေးသေဆုံးနှုန်း အရှင်မွေး ၁၀၀၀ လျှင် ၃၂.၇ ဦးသို့ လည်းကောင်း လျော့ကျနိုင်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လှမ်းမီ လွှမ်းခြုံရေး Universal Health Coverage ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် အခြေအနေမျိုးဖြင့် မိမိနိုင်ငံ ပြည်သူတစ်ရပ်လုံးအတွက် လိုအပ်သော ကျန်းမာရေးမြှင့်တင်ရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ပြည်လည်ထူထောင်ရေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူအားလုံးလက်လှမ်းမီ ရရှိစေမည့်အပြင် ကုန်ကျစရိတ်အတွက် ပူပင် ကြောင့်ကြမှု မရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမီ လွှမ်းခြုံရေး ရှိ/မရှိကို အညွှန်းကိန်းများဖြင့် တိုင်းတာလျက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံနှုန်း သတ်မှတ်ချက် အညွှန်းကိန်းကဏန်းများနှင့် မြန်မာနိုင်ငံ၏အခြေအနေမှာ များစွာကွာဟလျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူနာမှစိုက်ထုတ်ကုန်ကျရ သည့် အသုံးစရိတ်သည် တစ်နိုင်ငံလုံး၏ ကျန်းမာရေး အသုံးစရိတ်စုစုပေါင်း၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထက် ကျော်လွန်မှု မရှိစေရန်သတ်မှတ်ထား ရာ မြန်မာနိုင်ငံ၏ အခြေအနေမှာ အမျိုးသားကျန်းမာရေး အသုံးစရိတ် ၂၀၁၀-၂၀၁၁ အရ ကျန်းမာရေးစောင့်ရှောက် မှုအတွက် လူနာမှ စိုက်ထုတ်ကုန်ကျရ သည့်အသုံးစရိတ်သည် တစ်နိုင်ငံလုံးကျန်းမာရေးအသုံးစရိတ် စုစုပေါင်း၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းထက် ကျော်လွန်နေသည်ကို တွေ့ရှိရပြီး တစ်နိုင်ငံလုံး၏ ကျန်းမာရေးအသုံး စရိတ်စုစုပေါင်း ကို ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ အနည်းဆုံးရှိရန် စံနှုန်းသတ်မှတ်ထားရာ မြန်မာနိုင်ငံ၏အခြေအနေသည် ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်တန်ဖိုး၏ ၂ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရပါကြောင်း၊
ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လှမ်းမှီ လွှမ်းခြုံရေးဆောင်ရွက်ရာတွင် ငွေကြေး တတ်နိုင်သူများတွက် ပုဂ္ဂလိကကျန်းမာရေးအာမခံစနစ် ထူထောင်၍ မိမိတို့ဆန္ဒအလျောက် အာမခံကြေး ထည့်ဝင်ခြင်းဖြင့် ပုဂ္ဂလိက ကျန်းမာရေးအာမခံစနစ် အမျိုးမျိုးပေါ်ထွန်းလာစေရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက် လျက်ရှိ သည့်နည်းတူ လူမှုကျန်းမာရေးအကာအကွယ်ပေးရေးအစီအစဉ် Social Health Protection လုပ်ငန်းနှင့်ပတ် သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေအရ အကျုံးဝင်သည့်စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများ အတွက် လူမှုဖူလုံရေးအာမခံစနစ်တစ် ခုကို ဆောင်ရွက်လျက် ရှိရာ ၂၀၁၂ ခုနှစ်တွင် လူမှုဖူလုံရေး ဥပဒေသစ်ပြဋ္ဌာန်းပြီး ပြည်သူလူထုမှ လူမှုဖူလုံရေးအတွက် မိမိဆန္ဒအလျောက် ပါဝင်နိုင်ရေးတိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ်အခြေပြု အခြေပြုကျန်း မာရေး ကုန်ကျစရိတ်အကာအကွယ်ပေးရေးအစီအစဉ် ဖြစ်နိုင်ချေရှိ/မရှိကို လေ့လာသုံးသပ်သည့် သုတေသနကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ပါပြီး သုတေသနရလဒ်ကို အခြေ ခံ၍ ဒိုက်ဦးမြို့နယ်တွင် အခြေပြုကျန်းမာရေးကုန်ကျစရိတ် အကာအကွယ်ပေးရေး အစီအစဉ်ကို စမ်းသပ်ဆောင် ရွက်နိုင်ရန် ရေရှည်တည်တံ့သည့် ဘဏ္ဍာအရင်းအမြစ်ရရှိရေးနှင့် အဆိုပါလုပ်ငန်းကို လွတ်လပ်စွာစီမံခန့်ခွဲသော အဖွဲ့အစည်း တစ်ရပ် Independent hird Party Organization ပေါ်ထွက်လာရေးအတွက် ကျိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ၊ ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းရည်၊ စီမံကိန်းအတွက် ဘဏ္ဍာငွေကောက်ခံရရှိနိုင်မှု၊ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အဦ စသည့် အခြေအနေများကိုမျှော်မှန်း၍ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်ရေးအတွက် Roadmap ကို နှီးနွယ်ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပစေတနာရှင်အဖွဲ့အစည်း များနှင့် ပူးပေါင်းရေးဆွဲ လျက်ရှိ ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လှမ်းမီလွှမ်းခြုံရေး အတွက် အကြံပြုဆွေးနွေးပွဲများ၊ နည်း ပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် တွင် နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် နှစ်ကြိမ် ကျင်းပခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်ရေး အဆိုပြု(မူကြမ်း) ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကို ရေးဆွဲ လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့် အချိန်တိုင်း ငွေကြေး ကြောင့်ကြမှုမရှိဘဲ ကျန်းမာရေးဝန်ဆောင်မှုရရှိရန် ပုဂ္ဂလိက ကျန်းမာရေးအာ မခံစနစ်၊ ကျေးလက် ဒေသနှင့် ဆင်းရဲနွမ်းပါးသူများကို အခြေခံသော ပြည်သူလူထုအခြေပြု ကျန်းမာရေးအာမခံစနစ်များ ပေါ်ထွက်လာရေးအတွက် ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
