စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၃-၁-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၂၀၁၇ ဖြင့် (၁၁)ရပ်ကွက်အား စုစည်း၍ ဆားတောင် မြို့အဖြစ် ဖွဲ့စည်းခဲ့ပြီး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် ဌာနဆိုင်ရာ ရုံးများဖြစ်သော အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆားတောင်မြို့နယ် နယ်မြေရဲစခန်း၊ ဆားတောင်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဆားတောင်နယ်မြေမီးသတ်စခန်း၊ ဆားတောင် တိုက်နယ်ဆေးရုံ၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနတို့ဖြင့် ဆားတောင်မြို့နေ ပြည်သူများ အတွက် လူမှုစီးပွားကိစ္စများ လည်ပတ်ဆောင်ရွက်လျက်ရှိကာ ကျန်ဌာနဆိုင်ရာများ လိုအပ်လျက် ရှိနေသေးပါကြောင်း၊ ယခုအခါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုချထားငွေ ၉၉.၁ ကျပ်သန်းဖြင့် RC တစ်ထပ် (၁၂၀ x ၃၀)ပေရုံး ဆောက်လုပ်လျက်ရှိရာ ပြီးစီးပြီဟု ခန့်မှန်းရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာ (၂၅ ပေ x ၃၅ ပေ) အဆောက်အဦ တစ်လုံး ချထားခဲ့ပါကြောင်း၊
၎င်းအဆောက်အဦဆောက်လုပ်ရန် ရုံးအတွင်းရှိရေကန်ကို မြေဖို့တည်ဆောက်မည်ဟု သိရပါကြောင်း၊ မြေဖို့ဆောက်လုပ်ပါက ခိုင်ခံ့မှုအားနည်းမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနသည် မြေအကျယ် (အလျား ၃၃၇ ပေ x အနံ ၂၅၀ ပေ)ရှိကြောင်း တိုင်းတာသိရှိရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနတစ်ခု၏ မြေအကျယ် စံကိုက်သတ်မှတ်ချက်မှာ ပေ ၁၀၀ ပတ်လည်ဖြစ်၍ မြေဧရိယာများစွာ ပိုလျှံနေပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုသဆောင်(၁၀၀ ပေ x ၃၀ ပေ)တစ်ဆောင် (၂၅ ပေ x ၃၀ ပေ) ဝန်ထမ်းအိမ်ရာငါးဆောင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြို ကျောင်း (၃၀ ပေ x ၅၀ ပေ)ဝန်ထမ်းအိမ်ရာငါးဆောင် ဆောက်လုပ်ပြီးအသုံးပြုလျက်ရှိသည့်အတွက် အဆင်ပြေလျက် ရှိပါကြောင်း၊ ကျန်းမာရေးဌာနခွဲဝင်းအတွင်းမှမြေကို အုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာ အတွက် အသုံးပြုလိုပါကြောင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တည်ဆောက်ရာတွင် ဌာနဆိုင်ရာ အဆောက်အဦများ နေရာချထား တည်ဆောက်ခြင်း အဆင်ပြေကောင်းမွန်ရန်အတွက် ကျေးလက် ကျန်းမာရေးဌာနဝင်းအတွင်းရှိ မြေဧရိယာ(၃၃၇ ပေ x ၁၂၀ ပေ)အတွင်းကပ်လျက်ရှိသည့် ဆားတောင်မြို့ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရေးအတွက် မြေဧရိယာ(၁၂၀ ပေ x ၁၂၀ ပေ)ကို သက်ဆိုင်ရာမှ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနသည် ဆားတောင်မြို့ ကွင်းအမှတ်(၅၇၀)၊ ကူကြီးတောကွင်းတွင်တည်ရှိပြီး စုစုပေါင်းဧက ၂.၀၅ ဧက ကျယ်ဝန်းပါကြောင်း၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနအောက်တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၀ ခုပါဝင်ဖွဲ့စည်းထားပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန် ဖြင့်ဆောင်ရွက်လျက်ရှိရာ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနသည် လူဦးရေ ၅၀၃၉၁ ဦးနှင့် အိမ်ခြေ ၁၀၇၀၇ ခုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ဆားတောင်မြို့တွင် ဆားတောင်တိုက်နယ်ဆေးရုံနှင့် ဆားတောင်ကျေးလက်ကျန်းမာရေးဌာနတို့ တည်ရှိပြီး ဆောင်ရွက် လျက်ရှိသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ ပဏာမကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်း၊ မိသားစုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အာဟာရကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကလေးကျန်းမာရေးဖွံ့ဖြိုးမှု လုပ်ငန်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကူးစက်တတ်သော ရောဂါများကာကွယ်တားဆီးရေးလုပ်ငန်း၊ မကူးစက်တတ်သောရောဂါများကာကွယ်တားဆီးရေး လုပ်ငန်း၊ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း၊ လူဦးရေနှင့် ဖွားသေမှတ်ပုံတင်လုပ်ငန်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
လက်ရှိတွင် လက်ထောက်ကျန်းမာရေးမှူးတစ်ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမတစ်ဦး၊ သားဖွားဆရာမနှစ်ဦး၊ ကျန်းမာရေးကြီးကြပ်နှစ်ဦး စသည်တို့ဖြင့် ဖွဲ့စည်းထားပြီး ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အထွေထွေဆေးခန်းတွင် လူနာပေါင်း ၃၀၂၇ ဦး၊ ကွင်းဆင်းကုသပေးသော လူနာပေါင်း ၁၁၀၅ ဦးနှင့် အထက်အဆင့်သို့လွှဲပေးသော လူနာပေါင်း ၄၅ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာန မြေဧရိယာတွင် ပင်မအဆောင်တစ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာငါးဆောင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုတစ်ဆောင် ဆောက်လုပ်ထားသော်လည်း စံကိုက်အဆောက်အဦများမဟုတ်သည့်အတွက် စံကိုက်ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အားခြောက်ဦးအတွက် လုံလောက်မှုမရှိပါကြောင်း၊ စံကိုက် ကျန်းမာရေး ဌာနအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် လိုအပ်မည်ဖြစ်ပါသဖြင့် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ကျေးလက်ကျန်းမာရေးဌာန၏ ခြံစည်းရိုးကာရန်ရန်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ယခုတောင်းဆိုသည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် အတွက် မြေဧရိယာ(၁၂၀ ပေ x ၁၂၀ ပေ)အား ခွဲဝေပေးရမည်ဆိုပါက စံကိုက်အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများနေထိုင်ရန်အတွက်လည်းကောင်း အခက်အခဲရှိလာမည်ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်ကျေးလက် ကျန်းမာရေးဌာန၏ မြေဧရိယာအားခွဲဝေပေးနိုင်ရန် ခက်ခဲလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
