အခြေခံပညာကျောင်းအဆောက်အဦများ ဆောက်လုပ်သည့်နေရာတွင် ပေ ၆၀ x ပေ ၃၀ ကို ကျပ် ၃၆ သန်း၊ ပေ ၉၀ x ပေ ၃၀ ကို ၅၄ သန်း၊ ပေ ၁၂၀ x ပေ ၃၀ ကို ၇၂ သန်းစသည့် သတ်မှတ်နှုန်း များကို တစ်နိုင်ငံလုံးအတွက် Print Area Estimate-PAE နှုန်း တစ်စတုရန်းပေ လျှင် ကျပ်နှစ်သောင်း နှုန်း သတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများ တွင် ဆောက်လုပ်သည့် Constructor များအတွက် အမြတ်အစွန်းများနေသည်ကိုတွေ့ရှိရပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ပြည်နယ်အစွန်အဖျား များတွင် သယ်ဆောင်ရခက်ခဲသည့်အတွက် ရေတစ်တန် ကုန်းတစ်တန် အဆင့်ဆင့်သယ်ရသည့်အခါများတွင် လေလံဆွဲပြီး လုပ်ချင်သူများ မရှိ သည် ကိုကြုံရပါကြောင်း၊
ဥပမာ ဘိလပ်မြေတစ်အိတ်တန်ဖိုးသည် မြို့ပေါ်တွင် ကျပ် ၅၀၀၀ လောက်သာရှိသော်လည်း သွားလာရခက်ခဲသည့်ဒေသကို ရောက်ရန်အတွက် သယ်ယူစရိတ်သည် ကျပ် ၁၀၀၀၀ လောက် ကုန်ကျသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျောင်းအဆောက်အဦတန်ဖိုးများကို ပုံသေမသတ်မှတ် ဘဲသက်ဆိုင်ရာဒေသ Local Rate ပေါ်တွင်အခြေခံတွက်ချက်သည့် တန်ဖိုးပေါ်အခြေခံသတ်မှတ်သင့် သည်ဟုအကြုံပြုလိုပါကြောင်း၊
ကျောင်းအဆောက်အဦဆောက်လုပ်သည့်ပုံစံ၊ ဒီဇိုင်းများသည် စာသင်ခန်းများအတွက် အဓိကထား ရေးဆွဲထားသည်ကို တွေ့ရသည့်အတွက် ဆရာ/ဆရာမများ အတွက်နားနေခန်းမရှိ သဖြင့် အခက်အခဲ ဖြစ်နေသည် ကို တွေ့နေရပါကြောင်း၊ ကျောင်းဆောင်များဆောက်လုပ်ပြီး သင်ထောက်ကူပစ္စည်းများ ဖြစ်သည့်စာသင်ခုံများ၊ သင်ပုန်းများ ၊ အခြားလိုအပ်ချက်များ မပြည့်မစုံဖြစ်နေသည် ကိုလည်းတွေ့ရပါ ကြောင်း၊ ထို့ကြောင့် ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ၏ လိုအပ်ချက်များအတွက် မေးခွန်း (၃)ခုကို မေးလိုခြင်းဖြစ်ပါကြောင်း၊ (၁) ကျောင်းအဆောက်အဦများအတွက် တန်ဖိုးသတ်မှတ်သည့် အခါ ဒေသအခြေအနေပေါ်မူတည်ပြီး ဒေသဈေးနှုန်း(Local Rate) ပေါ်အခြေခံတွက်ချက်သည့် နှုန်း နှင့် တန်ဖိုး သတ်မှတ်သည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) ကျောင်းအဆောက်အဦ ပုံစံ၊ ဒီဇိုင်းများ၊ စာသင်ခန်းများ အပြင်ဆရာ/ဆရာမနားနေခန်းများပါ ထည့်သွင်းတွက်ချက်သည့် ပုံစံ၊ ဒီဇိုင်းပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် (၃) ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးသည် နှင့် တစ်ဆက်တည်း သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာသင်ခုံ၊ သင်ပုန်းစသည့် သင်ထောက်ကူ ပစ္စည်းများကို ကျောင်းအမျိုးအစား၊ ကျောင်းသားဦးရေအခြေအနေပေါ်မူတည်ပြီး ပံ့ပိုးထောက်ပံ့ပေး နိုင်မည့် အစီအစဉ်များကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်း ပါသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်တစ်နှစ် အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေး BE မူလခန့်မှန်းလျာထားချက်များကို မြို့နယ်အတွင်းရှိ ကျောင်းသားဦးရေပေါ်တွင် အခြေခံပြီးလျာထားရပါကြောင်း၊ အဆိုပါလျာထားချက်များအရ အခြေခံပညာကျောင်း၊ ရုံးများကို မြို့နယ်ပညာရေးမှူးက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောင်းအကျိုး တော် ဆောင်များနှင့် တွေ့ဆုံညှိနှိုင်းအတည်ပြုပြီးမှ အန္တရာယ်ရှိကျောင်းများ၊ ဥပဓိရုပ် မကောင်းသော ကျောင်းများ၊ ကျောင်းသားဦးရေအရ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သည့်ကျောင်းများ၊ သဘာဝ ဘေးဒဏ်သင့်သည့် ကျောင်းများ၊ နေရာပြောင်းဆောက်လုပ်ရန်လိုအပ်သည့် ကျောင်းများစသည်ဖြင့် လုပ်ငန်းများအဆင့်ဆင့်ခွဲခြားပြီး မြို့နယ်/ကျောင်း ဦးစားပေး အစီအစဉ်အလိုက် အဆင့်များလျာထား သတ်မှတ်ပြီး ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်၊ ထောက်ခံချက်များဖြင့် ပြည်နယ် ပညာရေးမှူးမှတစ်ဆင့် အခြေခံပညာဦးစီးဌာနသို့ တင်ပြဆောင် ရွက်ရပါကြောင်း၊တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများမှ ၎င်းလုပ်ငန်းများကိုစုစည်းပြီး ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင် ရာဌာနများသို့ ဘတ်ဂျက်အတည်ပြုရရှိရေး တင်ပြဆောင်ရွက် သွားရပါကြောင်း၊ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေလျာထားချက်ရေးဆွဲရာတွင် ဒေသန္တရ ဈေးနှုန်းများအပေါ်မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအလိုက် ဒေသအတွက်အတည်ပြုပေးသော PAE-Print Area Estimation တစ်ပေ အတွက် ကုန်ကျစရိတ်နှုန်းများ သတ်မှတ်ပြီးဖြစ်ပါကြောင်း၊ ၎င်းနှုန်းများအတိုင်း ဆောင်ရွက်ရပါ ကြောင်း၊လက်ရှိခွဲဝေပေးနေသော ဘဏ္ဍာရေး အခြေအနေနှင့်ကိုက်ညီသည့် ကျောင်းအဆောက်အဦ ပုံစံ ဒီဇိုင်းသည် စာသင်ခန်းအပြင် ဆရာ/ဆရာမ နားနေခန်းများကို ထည့်သွင်းရေးဆွဲတွက်ချက်နိုင်ရန် ရရှိနိုင်မည့်မြေနေရာ အကျယ်အဝန်းပေါ်မူတည်ပြီး စီစဉ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းဆောင် သစ်များ ဆောက်လုပ်သည့် ကျောင်းများအတွက် လိုအပ်သောစာသင်ခုံ၊ ကျောက်သင်ပုန်းများ စသည့် လိုအပ်ချက်များကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် သတ်မှတ် ငွေစာရင်း ခေါင်းစဉ်များအတိုင်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ကြီးကြပ်၍ လိုအပ်လျက် ရှိ သော မြို့နယ်/ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးခင်ချို(လှိုင်းဘွဲ့) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စာသင်ခုံများကို အခြေခံပညာဦးစီးဌာနမှ လေလံပေးပြီး တစ်နိုင်ငံလုံးဖြန့်ဝေ ပေးသည်ကို တွေ့ရပါ ကြောင်း၊ မျက်မြင်စစ်ဆေးသည့်အခါ အဆင့်ဆင့်သယ်သည့်အခါ စာသင်ခုံများသည် မူလအတိုင်း မဟုတ်ဘဲ ပျက်စီးယိုယွင်းခြင်း၊ စာရင်းမကိုက်သည်များကို တွေ့ရပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် စာသင်ခုံတွေအသုံးပြုသည့် သစ်အမျိုးအစားများညံ့သည့်အတွက် ဆရာ/ဆရာမများမှ အသုံးမပြုရ သည့် အနေအထားကို တွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ သတ်မှတ်ဈေးနှုန်း သို့ှမဟုတ် ဒေသဈေးနှုန်းနှင့်အညီ အရည်အသွေးပြည့်ဝသည့် စာသင်ခုံများကို သက်ဆိုင်ရာ ဒေသများတွင် ဆောင်ရွက်စေသည့်စနစ်မျိုး ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် သစ်အစရှိသည် ကုန်ကြမ်းရှားပါးသည့် ဒေသများအတွက်အထက်ရုံးဌာနများမှ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သည့် စနစ်မျိုး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ အကြံပြုချက်သည် မိမိတို့လက်ရှိကျင့်သုံးနေပါကြောင်း၊ နောင် အသုံးပြုမည့် ပရိဘောဂများအတွက် ဘဏ္ဍာငွေ အသုံးပြုမှုများကို ဒေသအတွင်းရှိလုပ်ငန်းရှင်၊ ကျောင်းအကျိုးတော်ဆောင်၊ စာရင်းစစ်၊ အာဏာပိုင်၊ ကျောင်းအုပ်ကြီးများကို တာဝန်ပေးပြီး ဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
