(စ)-တက္ကသိုလ်များအတွက်ပဋိညာဉ်နှင့်တက္ကသိုလ် အားလုံးကိုလွှမ်းခြုံသောပဋိညာဉ်ရေးဆွဲရေးအတွက် မည်သည့် အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ (၂.၁၂.၂၀၁၆)

ဦးဦးလှစော ( မြောက်ဦးမဲဆန္ဒနယ်)အမျိုးသား ပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေထဲတွင် ကျောင်းသားသမဂ္ဂနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိခဲ့ပါကြောင်း၊   

အဆိုပါပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)တွင် အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ လှုပ်ရှားခွင့် ရရှိရေးလို့ ဖော်ပြပါရှိသည့်အတွက် တက္ကသိုလ် ကျောင်းသား များသမဂ္ဂကို တရားဝင်ဖွဲ့စည်းခွင့်ရပြီဟု ယေဘုယျပြောဆိုနိုင်သော်လည်း သက်ဆိုင်ရာ တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီဟု ညွှန်းဆိုထားပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ပဋိညာဉ်စာတမ်းသည် အဆုံးအဖြတ်ဖြစ်နေပါကြောင်း၊ တက္ကသိုလ် ကောင်စီသည်လည်း အဆိုပါ ပဋိညာဉ်စာတမ်းအရ ဖွဲ့စည်းရမည်ဖြစ်သည့်အတွက် တက္ကသိုလ်ပဋိညာဉ် စာတမ်းမရှိသေးသော တက္ကသိုလ်အားလုံးအတွက် ကျောင်းသားသမဂ္ဂတွေဟာ တည်ကာပီမရဖြစ်နေပါကြောင်း၊ ကျောင်းသားသမဂ္ဂဆိုသည်မှာ ဗမာ၊ ချင်း၊ ကချင်၊ ရခိုင် အားလုံး ကျောင်းသား ကျောင်းသူများ အတွက် စာပေ၊ အနုပညာ၊ ဂီတ၊ အားကစား တကယ့်ပန်းဥယျာဉ်ကြီးတစ်ခု၊  ဒီမိုကရေစီကို မြတ်နိုးသော ပညာတတ်လူငယ်များကို မွေးထောင်သော မိခင်ရင်ခွင်ကြီး တစ်ခု၊ ကျောင်းသားများ၏ လွှတ်တော်လည်း ဖြစ်ပါကြောင်း၊  ကျောင်းသားသမဂ္ဂသည် အမှန်တကယ် လိုအပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် (၁) တက္ကသိုလ်တစ်ခုချင်းစီအတွက် ပဋိညာဉ်နှင့် တက္ကသိုလ်အားလုံးကို လွှမ်းခြုံသော ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်မူဘောင်နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအားလုံး မည်သည့်အချိန်တွင် တည်ထောင်ပြီးစီးမည်ကို လည်းကောင်း၊ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည်‌့ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)ကို အစားထိုးထားသော ပုဒ်မခွဲ(ဌ)အရ တက္ကသိုလ်ကောင်စီဖွဲ့စည်းမှုကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းအရ ဟူ၍လည်းကောင်း၊ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ) ဖြည်‌့စွက်ထားသော ပုဒ်မခွဲ(ဌ)အရ တက္ကသိုလ်ဝင်ခွင့်နှင့် တက်ရောက်လိုသောတက္ကသိုလ်များနှင့်ပတ်သက်၍ တက်ရောက်လိုသည်‌့ တက္ကသိုလ်၏ ပဋိညာဉ် စာတမ်းနှင့်အညီဟူ၍လည်းကောင်း၊ ပုဒ်မ-၁၂ အစားထိုးထားသည့် ပုဒ်မ (၂၈) ပုဒ်မခွဲ(ခ)အရ တက္ကသိုလ်ဝင်ခွင့်နှင့် တက်ရောက်လိုသည့် တက္ကသိုလ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍  တက်ရောက်လိုသည့် တက္ကသိုလ်၏ပဋိညာဉ်စာတမ်းနှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်စနစ် ကျင့်သုံးရမည်ဟူ၍လည်းကောင်း ဥပဒေတွင် ဖော်ပြပြီးဖြစ်ပါကြောင်း၊

 ဥပဒေအရ တက္ကသိုလ်အသီးသီးသည် မိမိတို့တက္ကသိုလ်များနှင့် သဘာဝ ကိုက်ညီမှုရှိသော ပဋိညာဉ်စာတမ်းတစ်ခုစီ ရေးဆွဲသတ်မှတ်နိုင်သည့် အခွင့်အရေးရပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက္ကသိုလ်ပဋိညာဉ်စာတမ်းသည်  တက္ကသိုလ်အားလုံးကို လွှမ်းခြုံပြီး ရေးဆွဲခြင်းထက် တက္ကသိုလ်တစ်ခုချင်းကသာရေးဆွဲရန် ဥပဒေက ပြဋ္ဌာန်းထားပါကြောင်း၊

၂၀၁၆ ခုနှစ်၊ မေလ(၂၈)နှင့် (၂၉)ရက်နေ့ အဆင့်မြင့်ပညာနှီးနှော ဖလှယ်ပွဲတွင် မြန်မာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ ပါဝင်ဆွေးနွေးခဲ့ကြပြီး တက္ကသိုလ် ပဋိညာဉ်စာတမ်းတစ်ခုတွင် ပါဝင်ရမည်‌့ အခြေခံအချက်(Frame Work)များကို ဆွေးနွေး သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ တက္ကသိုလ်အသီးသီးသည် မိမိတို့တက္ကသိုလ်၏ သဘော သဘာဝနှင့် ဆီလျော်ကိုက်ညီမှုမရှိသော ပဋိညာဉ်စာတမ်းများကို အသီးသီး ရေးဆွဲ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပဋိညာဉ်စာတမ်းတစ်ခုသည် တက္ကသိုလ်တစ်ခု၏ အသက်သွေးကြော ဖြစ်သည့်အတွက် ပြည်‌့စုံကောင်းမွန်ရေး၊ အမျိုးသားပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည်‌့ဥပ‌ဒေများနှင့် ကိုက်ညီစွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်‌့အချက်များကို တက္ကသိုလ်များက အချိန်ယူဆောင်ရွက်နေပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင် သည်‌့ ဥပဒေမှာလည်း အဆင့်မြင့်ပညာကျောင်းများတွင် ကျောင်းသားဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်း တည်ထောင်လှုပ်ရှားခွင့်ရှိရေးဟု  ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် တက္ကသိုလ်တစ်ခုတွင် ကျောင်းသားသမဂ္ဂများဖွဲ့စည်းနိုင်ရေးသည် သက်ဆိုင်ရာတက္ကသိုလ်၏ ပဋိညာဉ်စာတမ်းအရသာ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ယခင်က ကျောင်းသား သမဂ္ဂအဆောက်အဦ မူလတည်ရှိခဲ့သောမြေနေရာတွင် ကျောင်းသား သမဂ္ဂအပါအဝင် ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများ၊ အားကစားအသင်းအဖွဲ့များ၊ အနုပညာလုပ်ငန်းများ၊ အခြားလူမှုရေးဆိုင်ရာ ကျောင်းသား အသင်းအဖွဲ့များ ထားရှိဆောင်ရွက်နိုင်မည့် ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အသုံးပြုနိုင်မည့် ကျောင်းသားသမဂ္ဂအဆောက်အဦတစ်ခု ဆောက်လုပ်နိုင်ရန်အတွက် လိုအပ်ချက်များ၊ ဘတ်ဂျက် လျာထားချက်များ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။

ဦးဦးလှစော(မြောက်ဦး) ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တက္ကသိုလ်တစ်ခုချင်းစီအတွက် ပဋိညာဉ်ကို ရေးဆွဲရန် မည်သည့်အချိန်တွင် တည်ထောင် ပြီးစီးမည်ဆိုသည်ကိုလည်း ဖြေကြားပေးစေလိုပါကြောင်း၊  ထို့အပြင် တက္ကသိုလ်တစ်ခုချင်းကို ရေးဆွဲရာတွင် ကျောင်းသားလူငယ်များ၏ သဘောထားများ ပါဝင်ခွင့်မရှိသည့်အတွက် ကျောင်းသားများသည် သူ့နည်းသူဟန်ဖြင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂဆိုပြီး ဖွဲ့စည်းထား ကြပါကြောင်း၊ ထို့ကြောင့် ပဋိညာဉ်ကို ရေးဆွဲရာတွင် ကျောင်းသားများ၏ သဘောထား၊ မိဘများ၏ သဘောထားနှင့် ညှိနှိုင်းတိုင်ပင်မှုမျိုး ဆောင်ရွက်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမတို့၏ မိခင်ဥပဒေသည် အမျိုးသားပညာရေး ဥပဒေဖြစ်ပါသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ကြိုးစားအားထုတ်မှုဖြင့် လွန်ခဲ့သောနှစ်နှစ်က ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ လိုအပ်ချက်များလည်း ပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ အဆိုပါမိခင်ဥပဒေကြီးအောက်တွင် ပညာရပ် နယ်ပယ်အလိုက် Sectorial law များ ဆက်လက် ဆောင်ရွက်လျက်လည်း ရှိပါကြောင်း၊ ဥပဒေကြမ်းကော်မတီတွင်လည်း အခြေခံပညာဥပဒေ၊ နည်းပညာနှင့်အသက်မွေးပညာဥပဒေ၊ စာစစ်ဥပဒေ စသဖြင့် ဆောင်ရွက်လျက်ရှိပြီး  ပဋိညာဉ်နှင့် စပ်လျဉ်း၍ အရေးကြီးဆုံး ဥပဒေတစ်ခုသည့် အဆင့်မြင့်ပညာဥပဒေ ဖြစ်ပါသည့်အတွက် တယ်။ တက္ကသိုလ်များ၏ ပုံစံ၊ တက္ကသိုလ်များ၏ တာဝန်ယူမှု၊ တက္ကသိုလ်များ၏ လုပ်ငန်းတာဝန်များသည် အဆင့်မြင့်ပညာဥပဒေအောက်တွင် အများကြီးဆက်နွယ်နေပါကြောင်း။

တက္ကသိုလ်အသီးသီး၏ ပဋိညာဉ်စာတမ်းပြည့်စုံစွာ မဆောင်ရွက်နိုင်သေးသည့်အချက်ကလည်း အမျိုးသားပညာရေးဥပဒေဖြစ်သည့် Sectorial law အဆင့်မြင့်ပညာဥပဒေပေါ်ထွန်းမှုနှင့် ဆက်သွယ်နေပါကြောင်း၊ အကယ်၍ ပဋိညာဉ်စာတမ်းကို မူကြမ်းပြုစုပြီးရင် ဆရာများ၊ ကျောင်းသူကျောင်းသားများ၊ ဒေသအလိုက် မြို့မိမြို့ဖများ၊ ကျောင်းသားသမဂ္ဂများ၊ အလွှာစုံ၊ နယ်ပယ်စုံကို ချပြဆွေးနွေးပြီးမှ အတည်ပြု ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အချိန်ကာလနှင့်စပ်လျဉ်း၍ တင်ပြမည့်အစား လုပ်ငန်းစဉ်အဆင့်ဆင့် Step by Step တင်ပြနိုင်ပါေကြောင်း၊ အချိန်ကာလအနေဖြင့် မိမိ၏ တင်ပြပါအချက်များအပေါ် မူတည်ပါကြောင်း၊ ကျောင်းသားသမဂ္ဂဆောက်လုပ်ခြင်းသည် ယခုလာမည့်ဘတ်ဂျက်တွင် ထည့်သွင်းလျာထား ပါကြောင်းပြန်လည်ဖြေကြားပါသည်။