ကလေးမြို့တွင် ၁၉၉၃ ခုနှစ်က ကောလိပ်အဆင့်နှင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၌ ခွင့်ပြုကျောင်းသားဦးရေ ၅၀၀၀ ဦး နှင့် တက္ကသိုလ်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်၌ တက္ကသိုလ်ကြီးတွင် နေ့ကျောင်းသားကျောင်းသူဦးရေ ၆၆၁၉ ဦးနှင့် အဝေးသင် တက္ကသိုလ်ကျောင်းသား ၆၆၁၃ ဦးသည် ဘာသာရပ်ပေါင်း ၁၇ မျိုးကို မိမိတို့စိတ်ဝင်စားမှုအလိုက် ရွေးချယ်သင်ယူ ဆည်းပူးနေကြပါကြောင်း၊
တက္ကသိုလ်မှ သင်ကြားနေသော နေ့ကျောင်းသားကျောင်းသူများ အတွက် အထူးပြု ဘာသာရပ်ပေါင်း ၁၂ ခုရှိရာ ဓာတုဗေဒဘာသာရပ်သည် ၁၉၀၇ ဦးဖြင့် အများဆုံးရှိပြီး အရှေ့တိုင်းဘာသာရပ်သည် ကျောင်းသားကျောင်းသူဦးရေ ၂၈ ဦးဖြင့် အနည်းဆုံး သင်ယူနေရပါကြောင်း၊ အဝေးသင်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်း ၁၆ ခုဖွင့်လှစ်ထားရာ သမိုင်းဘာသာရပ်တွင် ကျောင်းသားကျောင်းသူဦးရေ ၂၂၉၅ ဦးနှင့် အများဆုံးရှိပြီး ရသစာပေ၌ ၁ ဦး၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်မှာ ၈ ဦးဖြင့် ဒုတိယအနည်းဆုံး ရှိနေသည်ကို တွေ့ရပါကြောင်း၊
တက်ရောက်သင်ကြားသူ ၂၈ ဦးသာရှိသော နိုင်ငံတကာဆက်ဆံရေးဘာသာကို အထူးပြု ဘာသာရပ်အဖြစ် ဖွင့်လှစ်သင်ကြားခွင့်ပြုထားပြီး အဝေးသင်ကျောင်းသားကျောင်းသူဦးရေ ၁၆၂ ဦး သင်ကြားနေသော စိတ်ပညာဘာသာရပ်နှင့် အဝေးသင်ကျောင်းသားကျောင်းသူဦးရေ ၂၉၅ ဦး တက်ရောက်သင်ကြားနေသည့် ဥပဒေဘာသာရပ်ကို တက္ကသိုလ်မှာ အထူးပြုဘာသာရပ်အဖြစ် သင်ကြား ဖွင့်လှစ်ထားခြင်း မရှိ ပါကြောင်း၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများအား ရွေးချယ်ခွင့်ပြုမည်ဆိုပါက ပိုမိုအရည်အသွေးပြည့်စွာ ဖြည့်ဆည်းပေးနိုင်သော ကျောင်းနှင့် သင်ကြားမှုစနစ် ကို ရွေးချယ်ကြ မည်ဖြစ်ပါကြောင်း၊အရည်အသွေးရှိသော ကျောင်းနှင့် သင်ကြားမှုဆိုင်ရာစနစ်ကို ရွေးချယ်သင်ယူနိုင်မှသာ ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်ကို ရရှိမည်ဖြစ် ပါကြောင်း၊
ကလေးတက္ကသိုလ်တွင် ဥပဒေပညာရပ် (နေ့သင်တန်း)နှင့် စိတ်ပညာ ဖွင့်လှစ်သင်ကြားပေးပါက တက်ရောက်သင်ကြားလိုသည့် ဒေသခံကျောင်းသားကျောင်းသူများ ရှိနေခြင်း၊ ယခုအခါ အဆိုပါ ဘာသာရပ်အတွက် မုံရွာတက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားရသဖြင့် သွားလာမှုဝေးခြင်း၊ နေထိုင်စရိတ် ကြီးမြင့်ခြင်းတို့ကြောင့် ဥပဒေပညာသင်ယူရန် အမှတ်မီပါလျက် နီးစပ်သည့် ကလေးတက္ကသိုလ်တွင် ပို့ချနေသည့် အထူးပြု ဘာသာရပ်များကို သင်ယူနေခြင်းများကို ကြုံတွေ့နေ ရသည့်အတွက် ဒေသခံဥပဒေပညာရှင်များ ထွက်ပေါ်ရေး (Human Resources Development) အတွက် နှောင့်နှေး ဆုတ်ယုတ်နေမှု များ ဖြစ်ပေါ်နေ ပါကြောင်း၊
ထို့အပြင် ကလေးတက္ကသိုလ်၏ ဖွဲ့စည်းပုံတွင်လည်း ယခင်ကတည်းက ဥပဒေ ဘာသာရပ်အတွက် ဖွဲ့စည်းပုံအားခွင့်ပြုထားပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ သင်ကြားပေးမည့် ဒေသခံဆရာ ဆရာမများရှိနေခြင်း၊စာသင်ခန်းများလုံလောက်မှုရှိခြင်း၊ နေ့သင်တန်း တက်ရောက်သင်ကြားလိုသည့် အမှတ်မီ သည့် ကျောင်း သားကျောင်းသူများ ရှိနေခြင်း၊ ဖွဲ့စည်းပုံလည်း ခွင့်ပြုထားပြီးဖြစ်နေခြင်း စသည်တို့ကြောင့် ယခုလာမည့် ၂၀၁၆-၁၇ ပညာသင်နှစ် ဥပဒေဘာသာရပ်၊ စိတ်ပညာအထူးပြု ဘာသာရပ်အား နေ့သင်တန်း ပထမနှစ်အတွက် စတင်ဖွင့်လှစ်ပေးပါရန် အခါအခွင့်ကောင်းဖြစ်ပါသဖြင့် တင်ပြခြင်းဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၈ ဦးနှင့် နေ့ကျောင်းသား ၂၈ ဦး ရှိသော နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို အထူးပြု ဘာသာရပ်အဖြစ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့လျှင် အဝေးသင်ကျောင်းသားကျောင်းသူဦးရေ ၂၆၂ ဦးရှိသော စိတ်ပညာ ဘာသာ ရပ်နှင့် ကျောင်းသား ကျောင်းသူဦးရေ ၂၉၅ ဦးရှိသည့် ဥပဒေဘာသာရပ်ကို မည်သည့်အခက်အခဲကြောင့် အထူးပြုဘာသာရပ်အဖြစ် ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်းနှင့် အခက်အခဲရှိပါက ၎င်းအခက်အခဲကို မည်သို့ဖြေရှင်း ဆောင်ရွက်ပေးမည်၊ ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက မည်သည့်ပညာသင်နှစ်တွင် ဖွင့်လှစ်ပေးမည်နှင့် အထက်ပါကိစ္စရပ်မျိုးအား ကလေးတက္ကသိုလ်နှင့် မရှေး မနှောင်းတွင် ဖွင့်လှစ်ခဲ့သော အခြားတက္ကသိုလ်များတွင်လည်း ကြုံတွေ့နေရခြင်းရှိ/မရှိကို လေ့လာစိစစ်ပြီး တစ်ပေါင်း တစ်စည်း တည်း ဖြည့် ဆည်း ဆောင် ရွက်ပေးနိုင်ရန် မေးမြန်းပါသည်။
ကလေးတက္ကသိုလ်တွင် နေ့သင်တန်းကျောင်းသား ကျောင်းသူဦးရေ ၆၆၁၈ ဦး၊ အဝေးသင်ဌာနခွဲတွင် ကျောင်းသား ကျောင်းသူဦးရေ ၆၆၃၉ ဦး သင်ကြားနေပါကြောင်း၊ မိမိတို့အနေဖြင့် နယ်မြေဒေသ၏ ပညာရေးလိုအပ်ချက်အရ သင်တန်းများကို တိုးချဲ့ဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ဘာသာရပ်စုစုပေါင်း ၁၂ ခုမှ ယခုနှစ်နောက်ထပ်ဘာသာရပ် ၁၃ ခု တိုးမြှင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသော ဒေသတွင်းလိုအပ်ချက်ဖြစ်သည့် ဥပဒေ ပညာရပ်နှင့် စိတ်ပညာဘာသာရပ်ကိုလည်း တိုးချဲ့သင်ကြားနိုင် ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
သို့သော် ယခုပညာနှစ်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်လမ်းညွှန်စာအုပ် တစ်ပြည်လုံးတွင် ဖြန့်ဝေပြီးလည်းဖြစ်ပါကြောင်း၊ သင်တန်းသားများလည်း လျှောက်ထားစေပြီးနှင့် တက်ရောက်လိုသော သင်တန်းသားများ၏ ဆန္ဒအလျောက် ရွေးချယ်ပြီးလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေပညာနှင့် စိတ်ပညာသင်တန်းများအတွက် သင်တန်းများ တိုးချဲ့ဆောင်ရွက်ခြင်းကို ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စီစဉ်ဆောင် ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
