၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲတစ်ခု ဖြစ်လာပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပညာရေးစနစ် သစ်ဆိုပြီး စနစ်အသစ်တစ်ခုပြဋ္ဌာန်းပါကြောင်း၊ ၎င်း စနစ်သစ်အရ ၁၉၆၈ ခုနှစ်တွင် အဋ္ဌမတန်းကို ဝိဇ္ဇာနှင့် သိပ္ပံခွဲလိုက်ပါကြောင်း၊ ၁၉၆၈ ခုနှစ်ကစပြီးေ အဋ္ဌမတန်းသိပ္ပံနှင့် အောင်သည့်ကျောင်းသား များသည် သမိုင်းနှင့်ဝေးကွာသွားသည့်အတွက် တစ်နည်းအားဖြင့် အခွင့်အလမ်းများ ပေးလိုက်သကဲ့သို့ ဖြစ်သွားပါကြောင်း၊ ဝါသနာပါသဖြင့် သမိုင်းကိုလေ့လာသည်ဆိုပါကလည်း ကျောင်းသားအနည်းငယ်သာလျှင် သမိုင်းနှင့်ထိစပ်ပြီး ကျန်သည့်ကျောင်းသားအများစုသည် ဒေါက်တာသန်းထွန်း စကားအရ ဆိုလျှင် လူအများဖြစ်သွားကြပါကြောင်း၊ မိမိတို့ကမ္ဘာမှာလည်း အားလုံးသိကြသည့်အတိုင်း လူအများက သမိုင်းကို မသိသည့်သူများ၊ သမိုင်းကို အလွဲလွဲအမှားမှား သိသည့် သူများကြောင့် ဝမ်းနည်းကြေ ကွဲဖွယ်ဖြစ်ရပ်များ ဖြစ်ခဲ့ပါကြောင်း၊ ၁၉၉၀ ခုနှစ် နှစ်ဝက်ခန့်က မိမိစာအုပ်ဆိုင်တွင် ဆရာကြီးသခင်ကိုယ်တော်မိုင်းပုံ ချိတ်ဆွဲထားသည်ကို ဘွဲ့ရကျောင်းသား သုံး၊ လေးယောက်က စာအုပ်လာငှား သည့်အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံ သူတို့ကသိကြပါကြောင်း၊ မြန်မာ့သမိုင်းကို ခြေရာကောက်ကြည့်ခြင်းဆိုသည့် ဟောပြောပွဲလေးတစ်ခုလုပ်သည့်အခါတွင်လည်း တက္က သိုလ်ကျောင်းသား များသည် အင်္ဂလိပ်နှင့်မြန်မာ စစ်ပွဲဘယ်နှစ်ကြိမ်ဖြစ်ခဲ့သည်ကို မသိခဲ့ကြပါကြောင်း၊ ထို့ကြောင့် မိမိတို့က သမိုင်းနှင့်ပတ်သက်ပြီး လောက်ဗဟုသုတ ချို့တဲ့နေသည့် အနေအထားများကို ပြောင်းလဲချိန် တန်ပြီဆိုသည့် ကြွေးကြော်သံကို ကိုယ်စားပြုထားသည့် အစိုးရဖြစ်သည့်အတွက် ၎င်း အခြေအနေကို ပြောင်းလဲရ မည်ဖြစ်ပါကြောင်း၊ ယခုနှစ် ရန်ကုန် တက္ကသိုလ်တွင် သမိုင်းအထူးပြုဘာသာရပ် သင်ယူသူမရှိဟု သိရပါကြောင်း၊ လူငယ်များသည် သမိုင်းကို စိတ်မဝင်စားခြင်း၊ စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ မြန်မာ့သမိုင်းအစစ်အမှန်သည် နောင် ၁၀ နှစ်၊ နှစ် ၂၀ ကျော်ဆိုလျှင် ပျောက်ကွယ် သွားနိုင်ပါမည်လား။ သမိုင်းကိုစိတ်မဝင် စားကြသည့်အတွက် လက်ရှိအခြေအနေတွင် သမိုင်းတချို့က ပျောက်ကွယ်လျက်ရှိပါကြောင်း၊ နောင်လူငယ် မျိုးဆက်များအနေဖြင့် သမိုင်းကိုစိတ်မဝင်စားဘဲ မေ့ပျောက်ပစ်ပါက မိမိလူမျိုးနှင့် တိုင်းပြည်အပေါ် ကာကွယ်စောင့်ရှောက်ရာမရောက်ဘဲ နောင် တစ်ချိန်တွင် တိုင်းပြည်ပါပျောက်ကွယ် သွားနိုင်ပါကြောင်း၊ ထို့ကြောင့် သမိုင်းကို မူလတန်းမှစပြီး ပါရဂူဘွဲ့ရ သည်အထိ မသင်မနေရ (Compulsory) ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပေးရန် ပညာရေးဝန်ကြီးဌာနမှ အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမူလတန်းနှင့် အခြေခံပညာ အလယ်တန်းအဆင့် တို့တွင် သမိုင်းဘာသာရပ်ကို မသင်မနေရဘာသာအဖြစ် သတ်မှတ်သင်ကြား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များကို ဘာသာတွဲရှစ်တွဲအနေဖြင့် သင်ကြားပေးလျက်ရှိရာ သမိုင်းဘာသာရပ်ကို စိတ်ကြိုက်ရွေးချယ် သင်ယူခွင့်ရှိသော ဘာသာရပ်အဖြစ် သတ်မှတ်ထားရှိပါကြောင်း၊ အဆင့်မြင့်ပညာအဆင့်တွင် သမိုင်း ဘာသာရပ်ကို အထူးပြု Major ဘာသာရပ်ဖြင့်လည်းကောင်း၊ အခြားဝိဇ္ဇာအထူးပြု (Major) ဘာသာရပ်များနှင့်လည်း တွဲဖက်ပြီး (Minor) ဘာသာရပ် အဖြစ်လည်းကောင်း သင်ကြားပေးလျက် ရှိပါကြောင်း၊ ပါရဂူတန်းများ၏ သမိုင်းအထူးပြု ခေါင်းစဉ်အောက်တွင် သမိုင်းဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့အတွက် သုတေသနများ ဆောင်ရွက်စေခြင်းဖြင့် ပါရဂူဘွဲ့များကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ ပညာရေးပြုပြင် ပြောင်းလဲမှုများကို စီမံကိန်းများနှင့် စနစ်တကျချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အခြေခံပညာကဏ္ဍအတွက် ပညာရေးဖွဲ့စည်းပုံစနစ်သစ် KG+12 ကို သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို အကောင် အထည်ဖော်ရာတွင် မူလတန်းနှင့် အလယ်တန်းအဆင့်များအထိ သမိုင်းဘာသာရပ်ကို မသင်မနေရဘာသာရပ်များဖြင့် လည်ကောင်း၊ အထက်တန်းအဆင့်များအတွက် ဘာသာတွဲများ သတ်မှတ်ရာ တွင် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသော ဘာသာရပ်များအဖြစ်လည်ကောင်း သတ်မှတ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာအဆင့်အတွက် ယခုလက်ရှိဆောင် ရွက်လျက်ရှိသည့် စနစ်အတိုင်း သမိုင်းဘာသာရပ် အတွက် Major ဘာသာ၊ အခြားဘာသာများအတွက် Minor ဘာသာ၊ ရိုးရိုးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများအထိ သင်ကြားပေးမည် ဖြစ် ပါကြောင်း၊
အချုပ်အားဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အထိကို သမိုင်းဘာသာရပ်အတွက် မသင်မနေရ (Compulsory) ဘာသာရပ်အဖြစ် သတ်မှတ် သင်ကြားပေးလျက် ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်မှ ပါရဂူဘွဲ့သင်တန်းအထိ သမိုင်း ဘာသာရပ်ကို မသင်မနေရ (Compulsory) ဘာသာရပ်အဖြစ် သတ်မှတ်သင်ကြားသွားရန် အစီ အစဉ်မရှိသေးပါကြောင်းနှင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုအရ သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့် အညီ သင်ရိုးညွှန်းတမ်းမြှင့်တင် သတ်မှတ်ချက်ကို အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၏ အတည်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
