စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-မန္တလေးပြည်ထောင်စု လမ်းမကြီးပေါ်မှာ လမ်းသုံးစွဲခ ကောက်ခံနေသော Toll Gate ကြီး သုံးခုမှအပ အခြားဂိတ်များ မရှိပါကြောင်း၊ ယနေ့ခေတ် အသုံးပြုနေသော မော်တော်ဆိုင်ကယ်များကိုလည်း ဂိတ်မှငွေကောက်ခံခြင်း မရှိပါကြောင်း၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး ကိုဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မုံရွာ-ရေဦး မိုင် ၅၀ အတွင်း ဘုတလင်မြို့နယ်၌ Toll Gate ရှိသည့်အပြင် မြို့ဝင်ဂိတ်လည်း ထားပါကြောင်း၊ ထော်လာဂျီများ၊ ကားများ၊ မော်တော်ဆိုင်ကယ်များကိုလည်း ပိုက်ဆံကောက်ပါကြောင်း၊ ဒီပဲယင်းတွင်လည်း ဂိတ်များရှိပါကြောင်း၊ ရေဦးမြို့ဘက်အထွက်တွင် သုံးဂိတ်ရှိပြီး ရေဦးမြို့တွင်လည်း ဂိတ်နှစ်ဆင့်ရှိပါကြောင်း၊ ခင်ဦးဘက်တွင် ဂိတ် နှစ်ဆင့်ရှိပြီး ရွှေဘို၌ ဂိတ်သုံးမထားသော်လည်း ဆိပ်ခွန်မှအဝင် ညောင်ပင်သာအဝင်လမ်းများတွင် လူငယ်လေးများ တန်းစီပြီး လိုက်ကောက်ပါကြောင်း၊ ဝက်လက်တွင်လည်း ၆ ဂိတ် ရှိပါကြောင်း၊
မန္တလေး-မုံရွာလမ်းမကြီးနှင့် မုံရွာ-ရေဦးလမ်းမကြီးပေါ်တွင် ခရီးသွားလာနေကြသော ဆိုင်ကယ်စီး မိဘပြည်သူများကို နှိုင်းယှည်ကြည့်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများတွင် နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကတရားများ ပိုမိုထွန်းကားတိုးတက်ရေးဆိုသည့်အချက်သည် တိမ်းစောင်းနေသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးတွင်လည်း နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပုဒ်မ ၃၄၇ နှင့်လည်း ညီညွတ်မှု မရှိပါကြောင်း၊ နိုင်ငံတော်မှ ဈေးကွက်စီးပွား ရေးစနစ်ကျင့်သုံးနေသည့်အတွက် နယ်စပ်ဒေသများမှ အပ နိုင်ငံတော်၏ စီးပွားရေးအတွက် ဂိတ် မလိုအပ်ပါကြောင်း၊ မိမိတို့ဒေသသည် တည်ငြိမ်အေးချမ်းသောကြောင့် လုံခြုံရေးအတွက်လည်း ဂိတ်မလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လုံခြုံရေးအရထားရှိသော မြို့ဝင်၊ မြို့ထွက်ဂိတ်များအပ ကျန်ဒေသများရှိ မြို့ဝင်၊ မြို့ထွက်ဂိတ်များကို ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ရုပ်သိမ်းမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အသီးသီး၏ ကွပ်ကဲမှု အောက်ရှိ မြို့နယ်များတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့များသည် ပြဋ္ဌာန်းထားသော စည်ပင်သာယာရေး အဖွဲ့များ၏ အခွင့်အရပ်ရပ်များဆိုင်ရာ လိုင်စင်လုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြို့ဝင်/ မြို့ထွက်ဂိတ်များထားရှိပြီး လိုင်စင်များကို တစ်နှစ်တာကာလ အတွက် နှစ်စဉ်လေလံ စနစ်ဖြင့် ကောက်ခံဆောင်ရွက် လျက်ရှိကြပါကြောင်း၊
အဆိုပါကောက်ခံသော မြို့ဝင်ကြေးများသည် မြို့တွင်းလမ်းများတွင် ဖြတ်သန်းသွားသည့် ယာဉ်များကိုသာ ကောက်ခံခြင်းဖြစ်ပြီး မြို့ပြစည်ပင်သာယာရေး အဖွဲ့များအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လမ်းတံတားများ ပျက်ဆီးမှု တို့ကို ပြင်ဆင်ဆောင်ရွက်ခြင်းစသည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် မြို့နယ်အလိုက်ကောက်ခံရရှိသော မြို့ဝင်ကြေးဝင်ငွေများနှင့် ကျခံသုံးစွဲနေကြရသည့်အတွက် အဆိုပါ မြို့ဝင်၊ မြို့ထွက်ဂိတ်များအား ရုပ်သိမ်းပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
