မိမိတို့ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံးနီးပါး မီးလင်းရန် စီမံချက်ရှိကြောင်း ကြားသိရသည့်အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ လျှပ်စစ်နှင့် ခေတ်သစ်နိုင်ငံ ထူထောင်နိုင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ကိုလည်း ကောင်းကောင်း ထိန်းသိမ်းနိုင်မည်ဖြစ် သည့်အပြင် ကျေးရွာများတွင် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများလည်း ထွန်းကားလာ မည်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျေးရွာပေါင်း ၁၉၇ ရွာရှိသည့်အနက် ကျေးရွာ ၃၀ ကျော် သည် မီးလင်းအိမ်တွင် ပါဝင်ပါကြောင်း၊ ပထမ LED စီမံချက်ဖြစ်ပြီး ဒုတိယစီမံချက်အရ နိုင်ငံတကာချေးငွေအကူအညီဖြင့် နောက်ထပ်ရွာပေါင်း ၇၀ ကျော် လျှပ်စစ်မီး သွယ်တန်းခွင့် ရမည်ဖြစ်သည်ဟု လေ့လာသိရှိရပါကြောင်း၊
လျှပ်စစ်မီးသွယ်တန်းချိတ်ဆက်သည့်အလုပ်သည် မိမိတို့မြို့နယ်တွင် သိသိသာသာ နှေးကွေး နေပါကြောင်း၊ လျှပ်စစ်မီးသွယ်တန်းချိတ်ဆက်ခွင့်လိုင်းကြေးနှင့်ပက်သက်၍ တစ်ရွာတစ်ရွာကို သိန်း ၁၀၀၊ ၁၅၀ ပေးခဲ့ရပါကြောင်း၊ အများကျေးရွာ ၂၄ နာရီလျှပ်စစ် မီးလင်းပွဲတွင် တိုင်း ဒေသကြီးလျှပ်စစ်ဝန်ကြီး၊ တိုင်းဒေသကြီးလျှပ်စစ်ဌာနနှင့် မိမိတို့ သွားရောက်ခဲ့ကြပြီး လျှပ်စစ် မီးလိုင်းနှင့် နှစ်မိုင်အတွင်းရှိ ရွာတွေအားလုံး လျှပ်စစ်သွယ်တန်းခွင့်ရရှိမည်ဖြစ်ပြီး ကျေးရွာတွင်း မီးလိုင်းများအတွက် ကျေးရွာက တာဝန်ယူ၍ မိမိအိမ်အတွက် ကုန်ကျစရိတ်ကို မိမိက ကျခံရဖြစ်ပြီး နိုင်ငံတော်အစိုးရက လိုအပ်သော ထရန်စဖော်မာတစ်လုံးနှင့် ၁၁ ကေဗွီကြိုးလိုင်းကို ရွာအရောက်ပေးမည်ဟူ၍ ပြည်သူလူထုကို အသိပေးကြေညာခဲ့ကြောင်း၊
မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများကြားကို လွှတ်တော်အတွေ့အကြုံ ရှင်းလင်းရန် ကွင်းဆင်းရာတွင် ပြည်သူများက လျှပ်စစ်မီးနှင့်ပတ်သက်လို့ ရွာတွင်းမီးလိုင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး အိမ်များသို့ သွယ်တန်း ရန်ပုံငွေတွေလည်း ကောက်ခံပြီးဖြစ်ပါကြောင်း၊ တချို့ရွာများတွင် အိမ်ခြေ ၅၀ ကျော်လောက် မီးလင်း နေပြီး ကျန်ရှိအိမ်များက လျှပ်စစ် မီးလိုချင်သော်လည်း ကျေးရွာမီးလင်းရေးကော်မတီက ၇ သိန်း အောက်မလျှော့နိုင်ပါ ဟူ၍ သိရှိ ရပြီး ကြေးလျော့နိုင်ပါလျက်နှင့် မည်သည့်အတွက်ကြောင့် ကြေးမလျော့ရသလဲဟု လည်းကောင်း၊ အချို့ရွာများတွင် မီးလင်းရေးအတွက် လေး၊ ငါးသိန်း ထည့်ဝင်ခဲ့သည်မှာ သုံး၊ လေးနှစ် ရှိသော်လည်း အခုထိ မီးမလင်းနိုင်သေးသည့်အကြောင်းကိုလည်းကောင်း မေးမြန်းကြ ပါကြောင်း၊ မီးလင်းပြီးသားရွာတချို့တွင်လည် မီးဖြတ်ထား၍ ငွေထပ်တောင်းနေခြင်း၊ မီးလိုင်းအသစ်ဆွဲမည့် ရွာများတွင် မီးလိုင်းကြေးခမပေးလျှင် ဖြတ်သန်းခွင့်မပေးနိုင်ခြင်း စသည့်ကိစ္စရပ်များဖြင့် ရှုပ်ထွေးနေပါကြောင်း၊ ထိုသို့ စာရင်းရှုပ်သည့် ရွာများက တိုင်သည့်အတွက် တိုင်းဒေသကြီး အစိုးရက စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့ပြီးစစ်ဆေးစေပြီး တွေ့ရှိချက် ကိုးချက်ကိုလည်း ပြန်လည်ပြောပြကြပါကြောင်း၊ လျှပ်စစ်ဦးစီးဌာနက လျှပ်စစ်မီးတည်ဆောက်ရေးကုမ္ပဏီက ဥပဒေနှင့် ညီ/မညီ၊ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စသည်တို့ကို ပြည်သူများထံသို့ ရှင်းရှင်းလင်းလင်း ချမပြပါသည့်အပြင် ကျေးရွာများသို့ သွားတိုင်း မြို့နယ်လျှပ်စစ်ကိုခေါ်ယူရာတွင်လည်း လာရောက်ခြင်းမရှိပါကြောင်း၊
တာဝန်ရှိသူများအနေဖြင့် သွယ်တန်းခဲ့သောကုမ္ပဏီ၊ ကျေးရွာမီးလင်းရေး ကော်မတီနှင့် ပြည်သူတွေကြားမှာ စေ့စပ်ညှိနှိုင်းပြီး လုပ်ငန်းပြီးမြောက်ရန် တိုင်းအစိုးရအနေဖြင့် တွန်းအား ပေးသင့်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီများကို အများကတင်သည့်နည်းဖြင့် ပြင်ဆင် ဖွဲ့စည်းသင့် သည်ဟု အကြံပြုလိုပါကြောင်း၊
ပထမစီမံချက်မှ ပြဿနာများကို သင်ခန်းစာယူပြီး ဒုတိယစီမံချက်အရ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သည့်အခါ ခွင့်ပြုမြို့ရရှိသူများသည် ဥပဒေက ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာ များသည် အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာစေရန်၊ အစိုးရ အနေဖြင့် ထိရောက်စွာ ကွပ်ကဲကြီးကြပ်ပေးစေလိုပါကြောင်း၊ထို့နောက် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုင်ငံတကာပံ့ပိုးမှုချေးငွေဖြင့် ဒုတိယစီမံချက်ဖြစ်သော 33 KV လျှပ်စစ် ဓာတ်အားခွဲရုံတည်ဆောက်ပြီး ရွာပေါင်း ၇၀ ကျော် လျှပ်စစ်မီးလင်းရေးကို မည်သည့် အချိန်တွင် စတင်ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျေးရွာမီးလင်းရေးဆောင်ရွက်ရာတွင် ကျေးရွာများအနေဖြင့် ၎င်းတို့ကြိုက်နှစ်သက်ရာ တည်ဆောက်ရေးဆောင်ရွက်သည့်အဖွဲ့များအား လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် မူအရခွင့်ပြုမိန့်တင်ပြတောင်းခံခြင်း၊ ထရန်စဖော်မာ မိန်းမီတာများ တပ်ဆင်ပေး ခြင်းနှင့် အိမ်သုံးမီတာလျှောက်ထားလာမှုများရှိပါက ခွင့်ပြုတပ်ဆင်ပေးခြင်းတို့အပြင် နည်းပညာ ပိုင်းတို့ကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီမှ မီးလင်းရေးကိစ္စများကို စနစ်တကျဆောင် ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသအာဏာပိုင်များဖြင့် ကြီးမှူးဖွဲ့စည်းပေးထားပြီးဖြစ်ရာ အဆိုရှင်မေးမြန်းချက်ပါ လက်ရှိလျှပ်စစ်ကိစ္စများ ဆောင်ရွက်နေသော ကုမ္ပဏီနှင့် ကျေးရွာ မီးလင်းရေးကော်မတီ တို့၏ ဆောင်ရွက်ချက်များအပြင် ၎င်းတို့၏အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
ယခုအချိန်တွင် ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေး ဆောင်ရွက်ခဲ့သောကျေးရွာများ ကျေးရွာပိုင်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများပြုပြင်ထိန်းသိမ်းရန် မိန်းမီတာနှင့်မီတာကွာခြား ယူနစ်များကို ကောက်ခံပေးသွင်းရန်အတွက် တာဝန်ယူဆောင်ရွက်ရသည့် မီးလင်းရေးကော်မတီ များဖွဲ့စည်းပြီး သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးကို ဆက်လက်ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ယခုအချိန်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျေးရွာမီးလင်းရေးကော်မတီများ၏ ကုန်ကျစရိတ်များအား စိစစ်နိုင်ရန်အတွက် အဖွဲ့ဝင် ငါးဦးပါသော မြို့နယ်လျှပ်စစ် မီးလင်းရေး ကော်မတီများ စစ်ဆေးရေးအဖွဲ့အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မြို့နယ်အလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကျေးရွာမီးလင်းရေးကော်မတီများ၏ ကုန်ကျစရိတ်ရှင်းတမ်းများအား စိစစ်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရပါကြောင်း၊
ကိုယ်စားလှယ်ကြီး၏မေးခွန်းတွင်ပါရှိခဲ့သော မြရိပ်ကုမ္ပဏီဖျက်သိမ်းခြင်း၊ အသစ်ပြန်လည် ဖွဲ့စည်းခြင်းကိစ္စသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်နှင့်ဝတ္တရားတွင် မပါရှိပါကြောင်း နှင့် အဆိုပါ ကုမ္ပဏီများဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်းကိစ္စသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့်သာ သက်ဆိုင်မှု ရှိပါကြောင်း၊ ကျေးရွာ မီးလင်းရေး ကော်မတီများဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်းတို့ တွင်လည်း ကျေးရွာနေ ပြည်သူများ အားလုံး၏ လိုလားချက်အရ အများဆန္ဒဖြင့်သာ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် မည်သည့် ကျေးရွာတွင်မဆို ကျေးရွာမီးလင်းရေး ကိစ္စလျှောက်ထားလာပါက နည်းပညာပိုင်းဆိုင်ရာ စိစစ်မှုများပြုလုပ်ပေးခြင်း၊ တည်ဆောက်ခွင့် ခွင့်ပြုခြင်းတို့ ဆောင်ရွက်ပေးပါကြောင်း၊ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးသည့် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများအား စက်မှုဝန်ကြီး ဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနအောက်မှ လျှပ်စစ် စစ်ဆေးရေးဌာနက နည်းပညာ ပိုင်းအရ အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေး ပြုလုပ်ပြီး ထောက်ခံစာ ထုတ်ပေးရတာ ဖြစ်ပါကြောင်း၊ အဆိုပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံစာအား စက်မှုဝန်ကြီးဌာနက ထုတ်ပေးပြီးနောက် ကျေးရွာမီးလင်းရေးကော်မတီက တင်ပြနိုင်ပါက မိမိတို့ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားလွှတ်ပေးရခြင်းဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(NEP Plan)ကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၁၁ ကေဗွီဓာတ်အားလိုင်းမှ နှစ်မိုင်ပတ်လည်အတွင်း ကျေးရွာများအား ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပထမအဆင့်ဖြင့်လည်းကောင်း၊ ၂ မိုင်မှ ၅ မိုင် အတွင်းရှိ ကျေးရွာများအား ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဒုတိယအဆင့်ဖြင့်လည်းကောင်း၊ ၅ မိုင်မှ ၁၀ မိုင်အတွင်းရှိကျေးရွာများအား တတိယအဆင့်နှင့် ၁၀ မိုင်အထက် ကျေးရွာများအား စတုတ္ထ အဆင့်ဖြင့် အဆင့်လိုက်ဆောင်ရွက်ပေးသွားမည်ဆိုသည်မှာ မှန်ကန်ပါကြောင်း၊ အဆိုပါ စီမံကိန်းအရ ၁၁ ကေဗွီလိုင်းများနှင့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာများအထိ တပ်ဆင်ပေးရန် ပါရှိပြီး ထိုထရန်စဖော်မာမှထွက်ရှိသော ၄၀၀ ဗို့ဓာတ်အားလိုင်းများကို ကျေးရွာ များက ကိုယ်ထူ ကိုယ်ထအစီအစဉ်ဖြင့်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင့် ထိုသို့မဟုတ်ပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊
အဆိုပါ စီမံကိန်း လုပ်ငန်းများအတွက် လိုအပ်သောဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ပစ္စည်းများ ဝယ်ယူရေးအား ယခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာတင်ဒါခေါ်ယူဆောင်ရွက်ရတာ ဖြစ်ပါ ကြောင်းနှင့် ကမ္ဘာ့ဘဏ်၏ ချေးငွေကို မိမိနိုင်ငံအတွက် ရရှိသည်၊ ပေးသုံးသည်ဆိုသည်များ ကမ္ဘာ့ ဘဏ်၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် အဆိုပါ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရသည့် အချိန်ကာလကို ကျော်ဖြတ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ထရန်စဖော်မာများဝယ်ယူမှုကို ယခုလ ၁၄ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာများမှာ ထည့်သွင်းပြီး ကြော်ငြာကာ တင်ဒါခေါ်ယူ ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စပြီးတော့ အဆိုပါပစ္စည်းများရောက်ရှိလာမည်ဆိုပါက NEP ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းပါ ကျေးရွာများအချို့ကို လုပ်ငန်းများစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊
ဒီပဲယင်းမြို့နယ်အတွင်း လက်ရှိဓာတ်အားလိုင်းနှင့် နှစ်မိုင်အတွင်း ကျေးရွာ ၇၁ ရွာရှိသည့်အနက် ဓာတ်အားလိုင်းနှင့် နီးကပ်စွာတည်ရှိတဲ့ ကြခတ် ကျေးရွာနှင့် ကြည်ကျေးရွာ အပါအဝင်ကျေးရွာ ၂၀ ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း၊ ကျန် ၅၁ ရွာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ၁၁ ကေဗွီ ဓာတ်အား လိုင်းနှင့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူရရှိသည့် ပစ္စည်းများဖြင့်လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် ဓာတ်အား စနစ် တိုးတက်ကောင်းမွန်ရေးအတွက် JICA ချေးငွေ Regional Development Project for Poverty Reduction (Phase-2) စီမံချက်ဖြင့် ဒီပဲယင်းမြို့နယ်၊ တောတန်းကျေးရွာအနီး၌ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၃ မိုင် တည်ဆောက်ရန် အတွက်လျာထားဆောင်ရွက်ပြီး ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်ခန့်တွင် အဆိုပါချေးငွေ သဘောတူညီချက်စာချုပ်အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးဝင်းမြင့်အောင်(ဒီပဲယင်း) က ဆက်စပ်မေးမြန်းပါသည်။
မီးလိုင်းနှင့်ဝေးသောကျေးရွာများအတွက် ဆိုလာမီးရမည်ဟုသိရှိရသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်ထားခြင်း မရှိသည့်အတွက် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဆိုလာဖြင့် ချိတ်ဆက်ခြင်းမရှိသောကျေးရွာများကို ဆိုလာဖြင့် ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေရခြင်း မဟုတ်ပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ယခင်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
