(င)-မြို့ဝင်ကြေးကောက်ယူ နေမှုများအား ပိုမိုသင့်လျော်ကောင်းမွန်သော နည်းလမ်းများဖြင့် စီမံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၈)

မိမိတို့နိုင်ငံအတွင်းရှိ နိုင်ငံသားများသည် လူမှုစီးပွားရေးအရသော်လည်းကောင်း၊ အပန်းဖြေအလည်ပတ် ခရီးသော်လည်းကောင်း၊ ဌာနဆိုင်ရာလုပ်ငန်းတာဝန်အရသော် လည်းကောင်း၊ တစ်မြို့မှအခြားတစ်မြို့သို့ ယာဉ်အမျိုးမျိုးအသုံးပြုပြီးသွားနေရပါကြောင်း၊ ယခုလိုသွားလာသည့် နေရာတွင် ဆိုင်ကယ်နှင့်ကားကို အသုံးပြုသွားလာသူ အများဆုံးဖြစ်ပြီး မြို့ဝင်ကြေးဂိတ်များကို ပေးဆောင်ပြီးမှ သွားလာကြရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍအပိုဒ်ခွဲ (င) တွင် အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်စသည်‌့ စည်ပင်သာယာရေးဆိုင်ရာ အခွန်အခများဆိုပြီး ပြဋ္ဌာန်းထားသည့် အတွက်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီမံခန့်ခွဲဆောင်ရွက်ပိုင်ခွင့်ရှိသည့် အထဲတွင် ပါနေပါကြောင်း၊ ကျန်သည့်အခွန်အခများ တိကျစွာဆောင်ရွက်နိုင်သော်လည်း ဘီးခွန်ကောက်သည့် နေရာတွင် စည်ပင်သာယာရေးဥပဒေများကို လေ့လာကြည်‌့သည့်အခါ ပြင်ပမှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်ရပ်နားသော ယာဉ်များဆိုပြီး တွေ့ရှိရပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းမကြီးများ ဥပဒေအခန်း (၁) အပိုဒ် ၂ အပိုဒ်ခွဲ (က) တွင် လမ်းမကြီးဆိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းမကြီးအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော လမ်းအားလုံးကို ဆိုလိုသည်။ ယင်းစကားရပ်တွင် လမ်းမကြီးတစ်ဖက်တစ်ချက်စီရှိ လမ်းနယ်နိမိတ် များနှင့် လမ်းမကြီးများတွင်ရှိသော တံတားများလည်း ပါဝင်သည်။ သို့ရာတွင် သက်ဆိုင်ရာ စည်ပင် သာယာရေးအဖွဲ့က ဖောက်လုပ်သည်‌့ သို့မဟုတ် ပြုပြင်ထိန်းသိမ်းသည်‌့လမ်းများ မပါဝင်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ တစ်ခါအခန်း (၅) ပြစ်မှုပြစ်ဒဏ်များ အပိုဒ် ၉ အပိုဒ်ခွဲ (ဂ) လမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှုကို အနှောင့်အယှက်သော်လည်းကောင်း၊ ဘေးအန္တရာယ်ကို သော်လည်းကောင်း ဖြစ်စေမည့်ပစ္စည်းကို တမင်ထားရှိရင်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သောင်းမှ အများဆုံးကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းနှင့်တံတားအသုံးပြုခြင်း ဆိုင်ရာဥပဒေအခန်း (၁) ပုဒ်မ ၂ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) တွင် သက်ဆိုင်ရာဝန်ကြီးဌာနက ဤဥပဒေအလို့ငှာ သတ်မှတ်ထားသော လမ်းနှင့်တံတားပေါ်တွင် အသုံးပြုသူ၊ အသုံးပြုခြင်း၊ အသုံးပြုခစသည်တို့ကို တိကျစွာဖော်ပြ၍ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါကြောင်း၊ ယခုလက်ရှိအခြေအနေတွင် မြို့ဝင်ကြေးမှရရှိသည့် အခွန်အခများ မြို့စည်ပင်သာယာဖွံ့ဖြိုးရေးအတွက် ပြန်သုံးသည်ဆိုသော်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူ၍ မြို့တွင်းသို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ မြို့နယ်နိမိတ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြို့ဝင်ကြေးများ ကောက်ခံနေပါကြောင်း၊ ၂၀-၇-၂၀၁၇ ရက်နေ့ ပဉ္စမပုံမှန်အစည်းအဝေး (၃၁)ရက် မြောက်နေ့ ရေကြည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ဝန်ကြီးကိုယ်တိုင် လွှတ်တော်တွင် ဥပဒေနှင့်မညီပါကြောင်းကို ပြန်လည်ဖြေကြားထားသော်လည်း ယနေ့အချိန်အထိ တောင်းခံနေဆဲဖြစ်ပါကြောင်း၊ ယခုလို မျိုးဥပဒေနှင့်မညီ မြို့ဝင်ကြေးတောင်းခံနေမှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်းမည် ဖြစ်ပါကြောင်း၊ သို့သော် ကယားပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဧပြီလကစပြီး မြို့ဝင်ကြေးများ ရုပ်သိမ်းပြီးပါကြောင်း၊ ကချင်မှာလည်း ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖျက်သိမ်းလိုက်ပါကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၈ ခုနှစ် ဧပြီလဆိုလျှင် မထားတော့ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တစ်ပြေးညီ ဖျက်သိမ်းပေးပြီး ပိုမိုသင့်လျော်ကောင်းမွန်သော  နည်းလမ်းများဖြင့် ပေါင်းစပ်ညွှန်ကြား ဆောင်ရွက်သွားရန် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးအောင်မြင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ ကိုရည်ညွှန်းသည့် ဇယား (၅) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည်‌့ အခွန်အခများကို ဖော်ပြထားပါကြောင်း၊ အမှတ်စဉ် (၄) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည်‌့လမ်းများ၊ တံတားများ ဖြတ်သန်းခဟု တိတိကျကျ ဖော်ပြထားပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တင်ပြချက်များအရ တင်ပြရမည်ဆိုလျှင် အဓိကကျသည့် အခွန်ငွေကောက်ခံရသည့်ကိစ္စသည် ဥပမာ- ရန်ကုန်တိုင်းကဆိုလျှင် အခွန်ဝင်ငွေ လျာထားချက်က ၆.၅၅ ဘီလီယံ၊ မြို့ဝင်ကြေးကောက်ခံခြင်းမှ ရငွေ ၁.၃၃ ဘီလီယံ ဖြစ်သည့်အတွက် ဝင်ငွေ၏ ၂၀၊ ၃၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကိုလည်း ဘဏ္ဍာအခွန်ငွေ ပေးသွင်းရပါကြောင်း၊ အဓိကကျသည့် လမ်းမကြီးများ သန့်ရှင်းရေး၊ နေ့စဉ်ဆောင်ရွက်ပေးရသည့် အသုံးစရိတ်၊ လမ်းမီးထွန်းခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင် ပြုပြင်ခြင်း၊ လမ်းအသစ်ဖောက်လုပ်ခြင်းများ လုပ်ရပါကြောင်း၊ ဥပဒေနှင့်အညီ ကောက်ခံခြင်း ဖြစ်သည့်အတွက် ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ ကျန်သည့်မြို့နယ်များ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြေကြားထားသည်မှာ မြို့ဝင်ဘီးကောက်လိုင်စင် များကို ဖျက်သိမ်းပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို အခွန်ကောက်ခံသည့် နေရာတွင် အခွန်ကောက်ခံပုံနည်းစနစ်၊ စည်းမျဉ်း၊ စည်းကမ်း တစ်ခါအခွန်ဆောင်ပြီးလျှင် ပြီးစီးခြင်းရှိ/မရှိ၊ နောက်အခွန် ကောက်ခံရာနှုန်းထား ကောက်ခံသူများနှင့် အခွန်ထမ်း ပြည်သူများ၏ ဆက်ဆံမှုများကို အကြံပေးတင်ပြသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဇော်မင်းသိန်း (လေးမျက်နှာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့နိုင်ငံတွင် ဘဏ္ဍာငွေရရှိရေးကို တစ်ချိန်တုန်းက သယံဇာတများအလွန်အမင်း ထုတ်ယူသုံးစွဲ ရောင်းချပြီး ရှာဖွေခဲ့ရပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် သစ်တော၊ သယံဇာတကထုတ်ယူ သုံးစွဲခြင်းများ ပြည်သူများဆီက ရသင့်ရထိုက်သည့် အခွန်များကို ပေးဆောင်စေပြီး အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက်အောင် ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အသီးသီးကလည်း ရုပ်သိမ်းပေးနိုင်ခြင်း မရှိဘူးဆိုသည့်အခါ ပြည်သူများသည် လမ်းကြေး၊ တံတားကြေးများကို ပေးချင်ကြသော်လည်း မြို့ဝင်ကြေးနှင့် ပတ်သက်၍ အခက်အခဲနှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းကြေး၊ တံတားကြေးနှင့် ပတ်သက်၍ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် နှစ်နှစ်အတောအတွင်း ဂိတ်ပေါင်း ၂၈၂ ဂိတ်ကို ဖြေလျော့ပေးလိုက်သည့်အခါ ကျပ်သန်းပေါင်း ၈၀၀၀ နီးပါး ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဂိတ်များမရှိသည့်အတွက် ကားများအဆင်ပြေ ချောမွေ့ပြီး လူမှုကွန်ယက်တွင်လည်း ပြည်သူများက ကျေကျေနပ်နပ် တွေ့ရှိရပါကြောင်း၊ ပိုမိုသင့်လျော် ကောင်းမွန်သည့် နည်းလမ်းများဖြင့်ဆိုပြီး ဖော်ပြထားခြင်းဖြစ်သည့်အတွက် ယခုလိုမျိုး ခရိုင်အတွင်းရှိ မြို့နယ်များကို လက်လှမ်းမီသရွေ့ လေ့လာပြီး တွက်ချက်ထားခြင်း ဖြစ်ပါကြောင်း၊ မြို့ဝင်ကြေးရသည့် ငွေဖြင့် ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့နယ်တစ်မြို့နယ်ထဲရှိ ကားနှင်‌့ဆိုင်ကယ် ဖော်ပြထားသည့် စာရင်းများကို ဆိုင်ကယ်တစ်စီး ၁၀၀၀၊ ကားတစ်စီး ၁၀၀၀၀ နှင့် သတ်မှတ်လိုက်မည်ဆိုပါက အပေါ် ဟင်္သာတမြို့၊ ဇလွန်မြို့၊ ကြံခင်းမြို့နယ်များသည် လိုငွေပြပြီး မြန်အောင်မြို့၊ အင်္ဂပူမြို့၊ လေးမျက်နှာမြို့ရှိ ငွေများသည် ပိုငွေပြနေသည့်အတွက် ၎င်းမြို့နယ်ပေါင်းချုပ်လိုက်သည့်အခါ သိန်း ၁၀၀ ကျော် ကွာဟပါကြောင်း၊ ထို့ကြောင့် ခြောက်မြို့နယ်ကို ယခုလိုမျိုး အခွန်ကို သက်သက်သာသာဖြင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် နည်းများဖြင့် ဆောင်ရွက်နိုင်ခဲ့မည် ဆိုလျှင် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်သောကြောင့် လက်လှမ်းမီသရွေ့ တင်ပြခြင်းဖြစ်ပါကြောင်း၊ မိမိထက်ပိုပြီး အဆင်ပြေမည့် နည်းလမ်းများနှင့် ပြည်သူများ အခက်အခဲမရှိအောင် ဆောင်ရွက်ပေးရန်၊ လက်ရှိဥပဒေနှင့်မညီသည့် ဂိတ်များကို လာမည့်ဘဏ္ဍာနှစ်မှစပြီး တိတိကျကျဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးအောင်မြင်ထွန်း

မိမိတို့မှ အစိုးရအဖွဲ့ရုံးကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်နယ်နှင့်တိုင်းဒေသကြီး များက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်လမ်းများ၊ တံတားများဆိုသည့် ကိစ္စကို အကြံပြုတင်ပြ သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်သည့်ကိစ္စများမှာ မိမိတို့ဘက်မှ ဖြေကြား၍မရသည့်အတွက် ပြည်ထောင်စုအစိုးရကို အကြံပြုတင်ပြနိုင်မည်နှင့် လွှတ်တော်၏သဘောထားကို အကြံပြုတင်ပြနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။