ဗိုလ်မှူးအောင်ကျော်လွင် (တပ်မတော်သားကိုယ်စားလှယ်)
မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော်သော ကျေးလက်နေပြည်သူများသည် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြသည့်အားလျော်စွာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၆၄၃၄၆ ရွာတွင် နေထိုင် ကြသော ကျေးလက်နေပြည်သူများ၏ စိုက်ပျိုး/မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းကိုလည်း လေ့လာသိရှိရပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အီဘိုလာရောဂါကဲ့သို့ တိရစ္ဆာန်များမှတစ်ဆင့် လူကိုကူးစက်စေ တတ်သော ရောဂါဆန်းများမှာလည်း နည်းမျိုးစုံဖြင့် လူသားများဆီသို့ ကူးစက်ပြန့်ပွားလျက်ရှိနေသည်ကို လေ့လာ သိရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ တိရစ္ဆာန်များမှ လူကိုကူးစက်စေနိုင်သော ရောဂါများအကြောင်းကို နိုင်ငံနှင့် အဝှမ်းရှိ ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး တစ်နိုင်ငံလုံးရှိ မွေးမြူထုတ်လုပ်ရောင်းချသူများနှင့် စားသုံးသူ များအားလုံး ကျန်းမာရေး သတိဖြင့် နေထိုင်စားသောက်စေနိုင်ပြီး ကျန်းမာပျော်ရွှင်သောလူသားများ ဘဝပိုင်ဆိုင်နိုင်ရေးအတွက် မည်ကဲ့သို့ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကူးစက်ရောဂါများစောင့် ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက် တတ်သော ရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုကျဆင်းစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာဖြစ်ပွားမှုများပြားသော ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ခွေးရူးပြန်ကာကွယ်ဆေးများအား ဆေးရုံများ သို့ဖြန့်ဝေပြီး ခွေးကိုက်ခံရသည့်လူနာများအား အခမဲ့ထိုးနှံပေးလျက်ရှိသကဲ့သို့ ပြည်သူ လူထု အတွင်း၌လည်း ခွေးရူးပြန်ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိကြောင်းသိရှိနိုင်ရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် ကျန်းမာရေး သတင်းဖြန့်ဝေခဲ့ရာ ၂၀၁၃ခုနှစ်အတွင်း ခွေးကိုက်ခံရသည့်လူနာ ၂၈၀၀၀ ကျော်အတွက် ခွေးရူးပြန် ကာကွယ် ဆေးအလုံးပေါင်း ၁၄၀၀၀၀ ကျော် ထိုးနှံပေးခဲ့ပါကြောင်း၊
တိရစ္ဆာန်မှတစ်ဆင့် ဖြစ်ပွားစေတတ်သောကူးစက်မြန်ရောဂါများဖြစ်သည့် ၂၀၀၃ ခုနှစ်ကဖြစ်ပွားခဲ့သည့် SARS ရောဂါ၊ မြန်မာနိုင်ငံအတွင်း ကြက်၊ငှက်များတွင် ဖြစ်ပွားခဲ့သည့် ကြက်/ ငှက်တုပ်ကွေးရောဂါ၊ အိပ်ချဖိုက်အန်ဝမ်းရောဂါများအား အမျိုးသားကျန်းမာရေးကော်မတီ၏ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းပြီး ရောဂါပျံ့နှံ့မှုမရှိစေရေးအတွက်လည်း National Contingency Plan for Avian Influenza အညီအောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ကျန်းမာရေးပညာပေးလုပ်ငန်းများအား ကျန်းမာ ရေးပညာပေးဆပ်ကော်မတီမှ မီဒီယာပေါင်းစုံဖြင့် ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေဖြင့်လည်း အရှေ့ အလယ်ပိုင်းဒေသနှင့် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ဖြစ်ပွားနေသော MERS.CoV ရောဂါနဲ့ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော အိပ်ခ်ျဆဲဗင်းအန်နိုင်း ရောဂါများမြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရေးအတွက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Public Health Preparedness Plan နှင့်အညီ အဆိုပါရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးစာစောင်များဖြန့်ဝေခြင်း၊ နိုင်ငံတကာဝင်/ထွက် ဂိတ်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက် ၂၀၁၅ နှင့်အညီဆောင်ရွက်ခဲ့ပြီး လက်ရှိအနေဖြင့်လည်း အဆိုပါလုပ်ငန်းများ အားသက်ဆိုင်ရာ အစိုးရဌာနများ၊ ဘေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအတွင်း အဆိုပါရောဂါများနဲ့ပတ်သက်၍ ကျန်းမာရေးသတင်းအချက် အလက်များရရှိစေရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သာမကအခြားမီဒီယာများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ရေးအတွက် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ကာ ဖြေကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုနည်းတူစပ်ဆက်ဝန်ကြီး ဌာနဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့်လည်း တိရစ္ဆာန်များမှ လူကိုကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ မွေးမြူထုတ်လုပ်ရောင်းချသူများနှင့် စားသုံးသူများအားလုံး သိရှိနိုင်ရန် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်အရ လူတွင်ဖြစ်ပွားလေ့ရှိသော ရောဂါ၏ ၇၅ ရာခိုင်နှုန်းသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ခြင်း ကြောင့် ဖြစ်ပွားလေ့ရှိပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကြက်/ငှက်တုပ်ကွေးရောဂါ (Avian Influenza)၊ ခွေးရူးရောဂါ (Rabies)၊ ဒေါင့်သန်းရောဂါ (Antrax)၊ သားလျောရောဂါ (Brucellosis)နဲ့ လက်တိုစပိုင်ယားရောဂါများ (Leptospirosis) စသည့် တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သောရောဂါ ငါးမျိုးကိုဦးစားပေးရောဂါအဖြစ် သတ်မှတ်ကာရောဂါကာကွယ် ထိန်းချုပ်ရေး အတွက်ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြက်ငှက် တုပ်ကွေး ရောဂါ ကာကွယ်တားဆီးရေးအတွက် ၂၀၀၆ ခုနှစ်မှစ၍ ပြင်းထန်သော ကြက် ငှက်တုပ်ကွေးရောဂါ (H5N1)၊ အရေးပေါတုံ့ပြန်ရေးအစီအမံကို အက်ဖ်အေအိုနဲ့ ပူးပေါင်းဆောင်ရွက်၍လည်းကောင်း ၂၀၁၃ခုနှစ်တွင် အိမ်နီးချင်းတရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားလာသော ကြက်ငှက်တုပ်ကွေး ရောဂါ အိပ်ခ်ျဆဲဗင်းအန်နိုင်း ကြိုတင်ရောဂါကာကွယ်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးအစီအမံကို ကျန်းမာရေးဝန်ကြီးဌာန၊ အက်ဖ်အေအိုနှင့် ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလမှစ၍ မူကြမ်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WHO) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ နှစ်စဉ် စက်တက်ဘာလ ၂၈ ရက်နေ့တွင် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ ကျင်းပပြီးဆောင်ရွက်လျက်ရှိရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် လူထုပညာပေးလုပ်ငန်းများအား ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖဲှ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မြို့တော် စည်ပင်/မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များ အသင်းနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ (OIE)မှ လှူဒါန်းသော ခွေးရူးရောဂါကာကွယ် ဆေးအဆ ၂သိန်းကိုအသုံးပြု၍ ခွေးရူးရောဂါဖြစ်ပွားနိုင်ခြေများသော တိုင်းဒေသကြီး/ ပြည်နယ်များမှာ ကာကွယ်ဆေးထိုးလုပ်ငန်းများစီမံချက်ချကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဒေါင့်သန်းရောဂါအပါအဝင် ကျွဲ၊ နွားကူးစက်ရောဂါများ နှင့် ပတ်သက်၍ ကာကွယ်ဆေးများထုတ်လုပ်ပြီး နှစ်စဉ်အမျိုးသားအဆင့်စီမံချက်များ သတ်မှတ်ကာ ရောဂါကြိုတင် ကာကွယ်ဆေးများထိုးနှံပေးခြင်းအားဖြင့် ဆုံးရှုံးပျက်စီးမှုလျော့နည်းအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
သားလျောရောဂါနှင့်ပတ်သက်၍လည်း မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် သားလျောရောဂါ စမ်းသပ်ဆေးနှင့် ကာကွယ်ဆေးများထုတ်လုပ်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခြင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့် ပူးပေါင်း၍ စီမံချက်များချမှတ် ကာဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိရိစ္ဆာန်မှ လူသို့ကူးစက် စေတတ် သောရောဂါများနှင့်ပတ်သက်၍ အခါအားလျော်စွာမွေးမြူသူများအား ပညာပေးဟောပြော ခြင်း၊ ပြည်သူလူထုအတွင်း ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိပညာများရရှိစေရန် သတင်းစာ၊ ဂျာနယ်၊ တီဗွီစသည့် မီဒီယာများမှတစ်ဆင့် အသိပေးကြေညာခြင်း၊ ဆိုင်းဘုတ်များ၊ ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဖြန့်ဝေခြင်းများဆောင်ရွက်ပေး လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါရှာဖွေစူးစမ်းရေးလုပ်ငန်းများအား နိုင်ငံတကာအဖွဲ့အစည်း များဖြစ်သော FAO၊ OIE၊ WHO USAID၊ AUSAID တိုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
