(က)-ရှေ့နေ၊ ရှေ့ရပ်ငှားရမ်းသူပြည်သူများအတွက် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ရှေ့နေများအသင်း၊ ဘားကောင်စီများ ဖွဲ့စည်းခွင့် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၉.၁.၂၀၁၅)

ဒေါ်မိမြင့်သန်းမြန်မာနိုင်ငံတွင် ပြည်သူများ တရားတဘောင် ရင်ဆိုင်သည့်အခါ ရှေ့နေရှေ့ရပ်များငှားရမ်း၍ ဥပဒေ အကျိုးဆောင်အတွက် တရားဝင် လွှဲအပ်၍ ဆောင်ရွက်စေခဲ့ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် ရှေ့နေများ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင်‌့ စည်းကမ်းများ ညီညွတ်မှုမရှိပါက နစ်နာသူပြည်သူများ၏ နစ်နာမှုအပေါ်တွင် တာဝန်ယူ ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်း တစ်ရပ် လိုအပ်လျက် ရှိနေသည်ကို လေ့လာသိရှိခဲ့ပါကြောင်း၊ထိုသို့ဖြစ်ပေါ်မှုအပေါ်တွင် ရှေ့ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများ အသင်း၊ ဘားကောင်စီကို ဖွဲ့စည်းထားကြောင်းကိုလည်း လေ့လာသိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ငှားရမ်းသူပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်၊ ခရိုင်၊ ပြည်သူများတွင်ရှေ့နေများအသင်း၊ ဘားကောင်စီများ ဖွဲ့စည်းနိုင် ၍ ရ/မရ သိရှိလိုပါကြောင်းနှင့် မရပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးမြန်မာနိုင်ငံတွင်  ပြည်သူများသည် မိမိဖြေရှင်းထုချေရမည့် အမှုအတွက်ဖြစ်စေ၊ မိမိက လျှောက်ထား တရားစွဲဆိုသော အမှုအတွက်ဖြေစေ၊ ရှေ့နေရှေ့ရပ်များ ငှားရမ်းပြီး ဥပဒေအကျိုးဆောင်အဖြစ် တရားဝင်လွှဲအပ် ဆောင်ရွက်လျက်ရှိကြပါကြောင်း၊  ထိုသို့ ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိသူများမှာ တရားရုံးရှေ့နေများကောင်စီအက်ဥပဒေနှင့် ရှေ့နေလိုက်သူများ အက်ဥပဒေတို့အရ ဥပဒေအကျိုးဆောင်အဖြစ်ဆောင်ရွက်ရန် ခွင့်ပြုထားခြင်းခံရသော အထက်တန်းရှေ့နေ (Higher Great Pleader)နှင့် တရားလွှတ်တော်ရှေ့နေ (Advocate)တို့ ဖြစ်ပါကြောင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေတို့သည် ရှေ့နေလိုက်သူများအက်ဥပဒေ၊ တရာမကျင့်ထုံး ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ သက်သေခံအက်ဥပဒေ၊ တရားရုံးများလက်စွဲနှင့် တရားရုံးချုပ် ညွှန်ကြားလွှာများ၊ စီရင်ထုံးများပါ ရှေ့နေရှေ့နေရပ်များလိုက်နာအပ်သော ကျင့်ဝတ်သိက္ခာများကို လိုက်နာကြရပါကြောင်း၊ ထိုသို့ ဂရုပြုလိုက်နာနိုင်ကြစေရန်အတွက် ယခင် ဗဟိုတရားရုံး ရှေ့နေများကောင်စီ ( ယခု တရားလွှတ်တော်ရှေ့နေများကောင်စီ) က ရှေ့နေရှေ့ရပ်တို့၏ ကျင့်ဝတ်သိက္ခာစာတမ်းအမည်ဖြင့် စာတမ်းတစ်စောင်ကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလက ထုတ်ဝေခဲ့ပါကြောင်း၊ ထို့အပြင် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများစာစောင်ကို တရားရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် တရားရုံးချုပ်ရှေ့နေများကောင်စီက ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ထုတ်ဝေခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ယင်းစာစောင်ကို ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် ထုတ်ဝေခဲ့ပါကြောင်း၊ ရှေ့နေရှေ့ရပ်များသည် ယင်းစာစောင်ကို လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးကြရန်ဖြစ်ပါကြောင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေများအနေဖြင့် ရှေ့နေရှေ့ရပ်များ လိုက်နာကျင်‌့သုံးရမည့် ကျင်‌့ဝတ်သိက္ခာကို ဖောက်ဖျက်ပါက တရားရုံးချုပ်ရှေ့နေများကောင်စီအက်ဥပဒေဖြင့် အထက်တန်းရှေ့နေများကို ရှေ့နေလိုက်သူများ အက်ဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

တရားလွှတ်တော်ရှေ့နေများနှင့်စပ်လျဉ်းပြီး တင်ပြတိုင်တန်းမှုများရှိပါက တရားလွှတ်တော်ရှေ့နေများကောင်စီ သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စုံစမ်းစိစစ်ဆောင်ရွက်ချက်များအပေါ် သဘောထားမှတ်ချက် ပြန်ကြားရပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် စီမံခန့်ခွဲရေးကော်မတီက ကျင့်ဝတ်သိက္ခာဖောက်ဖျက်သော တရားလွှတ်တော်ရှေ့နေများကို အရေးယူဆောင်ရွက်ပါကြောင်း၊ အထက်တန်းရှေ့နေများနှင့်စပ်လျဉ်း၍ တင်ပြ တိုင်တန်းချက်များရှိပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသာ စုံစမ်းစိစစ်၍ အရေးယူ ဆောင်ရွက်ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သော တရားလွှတ်တော်ရှေ့နေ ၂၆ ဦးနှင့် အထက်တန်းရှေ့နေ  ၈ ဦးကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ၁၀ ဦးနှင့် အထက်တန်းရှေ့နေ ၉ ဦးကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ၇ ဦးနှင့် အထက်တန်းရှေ့နေ ၁၀ ဦးကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ၄ ဦးနှင့် အထက်တန်းရှေ့နေ ၄ ဦးကိုလည်းကောင်း သတိပေးခြင်း၊ လိုင်စင်ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်းပြစ်ဒဏ်များကို ချမှတ်အရေးယူဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ရှေ့နေရှေ့ရပ်များသည် တည်ဆဲဥပဒေနှင့်အညီ ရှေ့နေအသင်းများဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းပြီး တရားလွှတ်တော်ရှေ့နေများကောင်စီက ထုတ်ဝေသော ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့်အခွင်‌့အရေးများ စာစောင်အပိုဒ် ၂၀၃ တွင် ရှေ့နေရှေ့ရပ်များသည် ရှေ့နေလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးနှင့် ရှေ့နေရှေ့ရပ်များ စည်းလုံးညီညွတ်မှု ရရှိရေးအတွက် ရှေ့နေအသင်းများကို ဒေသအလိုက်၊ မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက်ခွင်‌့ရှိသည့်ကို ဖော်ပြထားပါကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ပြည်တွင်းအသင်းအဖွဲ့များသည် မိမိဆန္ဒအလျောက် မှတ်ပုံတင်လိုပါက သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ လျှောက်ထားပြီး မှတ်ပုံတင်ခွင်‌့ ရှိပါတယ်။ သို့ဖြစ်ပါ၍ ရှေ့နေရှေ့ရပ်များသည် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ရှေ့နေအသင်းများ ဖွဲ့စည်းနိုင်ခွင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။