မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသည့် အဓမ္မလုပ်အား ခိုင်းစေမှုပပျောက်ရေး(ILO) ပြဋ္ဌာန်း ခြင်းအမှတ်(၂၉)ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက် နေသောလုပ်ငန်းများအစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမားအဖွဲ့ချုပ်များ၊ အလုပ်ရှင် အဖွဲ့ချုပ်နှင့် ILO သို့သိရှိနိုင်ရန် ပေးပို့ခဲ့ရာ အမျိုးသားအဆင့်တိုင်ကြားရေးယန္တရား (National Complaints Mechanism)ကို တည်ထောင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသာပါရှိပြီး မည်သည့်အချိန်တွင် NCM ကိုတည်ထောင်ပြီး အဓမ္မခိုင်းစေမှုကို ထိရောက်စွာ ဖြေရှင်းသွားမည်ဟု ဖော်ပြခြင်းမရှိပါကြောင်း၊ ထို့အပြင် NCM တည်ထောင်ခြင်း မပြုမီ ကြားကာလအတွင်း အဓမ္မခိုင်းစေမှုကို မည်သို့ဖြေရှင်းမည်ဆိုသည့် လုပ်ငန်းစီမံချက်များကိုလည်း မတွေ့ရပါကြောင်း၊ NCA နှင့် ပတ်သက်သည့် လုပ်ငန်းစီမံချက်ပြည့်ပြည့်စုံစုံကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ Geneva တွင်ကျင်းပမည့် ILO (၃၃၈)ကြိမ်မြောက် Governing Body အစည်းအဝေး သို့တင်ပြနိုင်ရန် အရေးကြီးပါကြောင်း၊ အဆိုပါ Governing Body အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အဓမ္မခိုင်းစေမှု ပပျောက်ရေးတင်ပြချက်ကိုလေ့လာပြီး အဓိကဆုံးဖြတ်ချက်ချသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို မေလ ၂၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိကျင်းပမည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ(International Labour Organization)သို့ အဆိုပြုတင်ပြမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကဏ္ဍတိုင်းကို အလေးထားဆောင်ရွက်နေကြောင်း ကမ္ဘာကို ထင်ထင်ရှားရှား ခိုင်ခိုင် မာမာပြသရမည့်အချိန်ဖြစ်သည့်အတွက် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရား (National Complaints Mechanism)နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် International Labour Organization(ILO)နှင့် ပူးပေါင်းပြီး ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် MOU လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာန အစီအစဉ် (Decent Work Country Programme 2018-2021)အရ ဦးစားပေးလုပ်ငန်းစဉ်လေးခု ပါဝင်သည့် အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းစီမံချက်ကို ၂၀၁၉-၂၀၂၁ ခုနှစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဦးစားပေးလုပ်ငန်းစဉ်လေးရပ်သည် (၁) အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး ယန္တရား ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခြင်း၊ (၂) အဓမ္မခိုင်းစေမှုနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ရေးနှင့် သင်တန်းများပေးခြင်း၊ (၃) အဓမ္မခိုင်းစေမှု အဆုံးသတ်ရေးအတွက် စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ (၄) ပုဂ္ဂလိကကဏ္ဍများမှာ အဓမ္မခိုင်းစေမှုတားဆီးရေးအတွက် သုံးပွင့်ဆိုင်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်း စီမံချက်အရ ၂၀၁၉ ခုနှစ်ကစတင်ပြီး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား(National Complaints Mechanism)ကို ထူထောင်ကာ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို မိမိနိုင်ငံအစီအစဉ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၉)ဖြင့် သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊
အမျိုးသားအဆင့်တိုင်ကြားမှုယန္တရား(National Complaints Mechanism)ကို အကောင်အထည်ဖော်ရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ အမှတ်(၂၂/၂၀၁၉)ဖြင့် အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားအကောင် အထည်ဖော်ရေးအမျိုးသားကော်မတီကို ဝန်ကြီးဌာန ၁၆ ခုဖြင့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့မှ စုစုပေါင်းကိုယ်စားလှယ် ၂၆ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသား အဆင့် တိုင်ကြားမှုယန္တရား(National Complaints Mechanism)တွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းနိုင်ရေးအတွက်လည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ဆဲဖြစ်ပါ ကြောင်း၊ ယခင် ILO ၏ Suplementary Understanding အရ ဆောင်ရွက်ခဲ့သည့် Complaints Mechanism အဓမ္မခိုင်းစေမှု တိုင်ကြားသည့် ယန္တရားပုံစံအရ တိုင်ကြားသူသည် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးတည်းကိုသာ တိုင်ကြားနိုင်ပါကြောင်း၊ ILO ဆက်သွယ်ရေးအရာရှိကလည်း ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် Suplementary Understanding Article 3 အရ ILO ဆက်သွယ်ရေးအရာရှိက အဓမ္မခိုင်းစေမှု မြောက်မမြောက်ကို ဆန်းစစ်ပြီး မှန်ကန်မှသာ High Level Working Group-HLWG ကို ဆက်လက်၍ တိုင်ကြားစာကို ပေးပို့ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ High Level Working Group က တိုင်ကြားစာကိုရရှိချိန်တွင် သက်ဆိုင်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို တင်ပြပြီး Technical Working Group ကိုလည်း တိုင်ကြားစာနှင့်ပတ်သက်၍ လိုအပ်သမျှဆောင်ရွက်ရန် ချပြခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တိုင်ကြားစာနှင့် ပတ်သက်ပြီး စိစစ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ပေးပို့ခြင်းများ ဆောင်ရွက်ပါကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနများက တိုင်ကြားစာနှင့်ပတ်သက်ပြီး စိစစ်ဖြေရှင်းဆောင်ရွက်ပြီးသည့် အခါ High Level Working Group ကို ပြန်လည်ပေးပို့တင်ပြခြင်း၊ High Level Working Group အနေဖြင့် သက်ဆိုင်ရာအလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြန်လည်ပြန်ကြားပါခြင်း၊ Technical Working Group နှင့် ပြန်လည် စိစစ်ခြင်းများ ဆောင်ရွက်ကာ ILO ဆက်သွယ်ရေးအရာရှိထံသို့ အကြောင်းပြန်ကြားပါကြောင်း၊ ILO ဆက်သွယ်ရေး အရာရှိမှသာ တစ်ဆင့် တိုင်ကြားသူကို ပြန်လည်အသိပေးဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
ယခုအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏စိစစ်အတည်ပြုချက်အရ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တိုင်ကြားသူသည် အမျိုးသားကော်မတီ(National Complaints Committee) သို့ လည်းကောင်း၊ ILO သို့လည်းကောင်း အခြားအဖွဲ့ အစည်းများဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် INGO အဖွဲ့အစည်းများ UNHCR စသည့် အဖွဲ့အစည်းများကိုလည်း တိုင်ကြားနိုင်သည့်အပြင် ၎င်းတို့ တိုင်ကြားလိုသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ လည်းကောင်း၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များနှင့် သမ္မတရုံးသို့လည်း တိုက်ရိုက် တိုင်ကြား နိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊ တိုင်ကြားမှုများ အားလုံး ရရှိလာသည့်အခါ သက်ဆိုင်ရာ National Complaints Mechanism ဖြစ်သည့် အမျိုးသားကော်မတီ(NCO)ပေးပို့လာသည့်အခါ အမျိုးသားကော်မတီ(NCO) က သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကို တိုင်ကြား စာနှင့်ပတ်သက်ပြီးတော့ လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ပေးပို့ခြင်းဖြစ်ပါကြောင်း၊
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်ကြားစာနှင့်ပတ်သက်ပြီး စိစစ်ဖြေရှင်းဆောင်ရွက်ပြီးချိန်တွင် အမျိုးသားကော်မတီ (National Complaints Mechanism)ကို ပြန်လည် ပေးပို့ပါ ကြောင်း၊ တိုင်ကြားစာနှင့်ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုရရှိချိန်တွင် သမ္မတရုံးကို ဆက်လက်တင်ပြပြီး တိုင်ကြားသူ ကိုလည်း ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအနေအထားကို ချက်ချင်းအသိပေးသကဲ့သို့ လွှတ်တော်သုံးရပ်လုံး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေကိုလည်း အသိပေးပြီး တင်ပြသွားခြင်းများ ဆောင်ရွက်ပါ ကြောင်း၊ ထို့ပြင် ILO အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်းများကိုလည်း တစ်ပြိုင်တည်း အသိပေးဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးကို ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြပြီး သတင်း ထုတ်ပြန်ခြင်းကို ဆောင်ရွက်သွားခြင်းဖြစ်ပါကြောင်း၊
တင်ပြပါ ပုံနှစ်ခုကို ကြည့်မည်ဆိုပါက ပြည်ထောင်စုအစိုးရအဖွဲ့ကဆောင်ရွက်နေသည့် အမျိုးသားအဆင့် အဓမ္မစေခိုင်းမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား(National Complaints Mechanism)သည် ပိုမိုပြည့်စုံလုံလောက်သည့် ဆောင်ရွက်ချက် ဖြစ်သည်ကို တင်ပြလိုပါကြောင်း၊
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်တွင်ရှိသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာဆိုင်ရာဦးစီးဌာနများနှင့်အဖွဲ့များအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိပြီး ဥပဒေရေးရာ အသိပညာပေးအဖွဲ့တွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကို ထည့်သွင်း ဖွဲ့စည်းခဲ့ကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်သမားများကို အလုပ်သမားရေးရာဥပဒေများပါ ရပိုင်ခွင့်နှင့် တာဝန်များကို သေချာစွာသိရှိစေပြီး အဓမ္မခိုင်းစေမှုများမဖြစ်ပွားစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
အမျိုးသားအဆင့် အဓမ္မစေခိုင်းမှုဆိုင်ရာတိုင်ကြားမှုယန္တရားကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အမျိုးသား ကော်မတီဝင်များအတွက် Orientation Sectionနှင့် တိုင်ကြားမှုများ လက်ခံဆောင်ရွက်ရမည့် အရာထမ်း၊ အမှုထမ်းများ အတွက် အဓမ္မခိုင်းစေမှုမြောက်/မမြောက် စိစစ်ခြင်း၊ အမှုတွဲထိန်းသိမ်းခြင်းစသည့် Data Base ထည့်သွင်းခြင်း ဆိုင်ရာသင်တန်းများကိုလည်း ဝန်ကြီးဌာနများက သင်တန်းသားများနှင့် စုစည်းပြီး သင်တန်းပေးဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဓမ္မခိုင်းစေမှု၊ တိုင်ကြားမှုယန္တရား(National Complaints Mechanism)ထူထောင်ဆဲကာလတွင် အဓမ္မခိုင်းစေမှုတိုင်ကြား ချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန ၁၀ ခုက ကိုယ်စားလှယ် ၂၂ ဦးဖြင့် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ Hight Level Working Group နှင့် ကြားကာလယန္တရားအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ILO အပါအဝင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မဆို တိုင်ကြားနိုင်ကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က စပြီး မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုနှင့် နေ့စဉ်ထုတ် သတင်းစာအသီးသီးတို့၌ ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားမှုများကို (National Complaints Mechanism)ထူထောင်ပြီးချိန်အထိ ကြားကာလယန္တရားမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားမှုယန္တရားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်လည်ပတ်နေပြီ ဖြစ်ရာ တိုင်ကြားလိုသူများသည် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားရုံးအဖွဲ့ကို တိုက်ရိုက်တိုင်ကြား နိုင်သကဲ့သို့ ILO အပါအဝင် လွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့ အစည်းများမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်းကို အများ ပြည်သူ သိရှိနိုင်ရေးအတွက် မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုနှင့် FM ရေဒီယိုများနှင့် နေ့စဉ်ထုတ် သတင်းစာ များတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစပြီး အသိပေးကြေညာလျက်ရှိပါကြောင်းနှင့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးစောတင်ဝင်း(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
(National Complaints Mechanism)အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုယန္တရားကို တိုင်ကြားသူ မြန်မာပြည်သူများလည်း ယုံကြည်အားထားနိုင်အောင် ကမ္ဘာ့နိုင်ငံများကလည်း ယုံကြည်ကိုးစားလက်ခံရန် NCO ဖွဲ့စည်းရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို ပါဝင်ဖွဲ့စည်းရန် အစီအစဉ်ရှိ/မရှိ သို့မဟုတ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ပူးတွဲလျက် စောင့်ကြည့်လေ့လာရေးကော်မတီ သို့မဟုတ် ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်
မိမိတို့တွင် အမျိုးသားအဆင့် အဓမ္မစေခိုင်းမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားပြီးဖြစ်ခြင်းကြောင့် ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး ယင်းကော်မတီက အစည်းအဝေးပြုလုပ်၍ ပြန်လည်ဖြေကြားသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
