(ခ)-မောင်တောမြို့၊ လေးမိုင်ရပ်ကွက်ရှိ အ.လ.က(၂)အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁ ) ရက်မြောက်နေ့ (၆.၃.၂၀၂၀)

မိမိတို့ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(၂)ကို ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အ.မ.က လေးမိုင် အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၈၃-၁၉၈၄ ခုနှစ်တွင် မူလတန်းလွန်ကျောင်း၊ ၁၉၈၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ အလယ်တန်း ကျောင်းအဆင့်အထိ ဖွင့်လှစ်ခွင့် ရရှိခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ယနေ့ထိ အ.ထ.က(ခွဲ)အဖြစ် ဖွင့်လှစ်ထားသည့် ကျောင်း ဖြစ်ပါကြောင်း၊ ပညာသင်ကျောင်းရှိ အဆောက်အအုံ အခြေအနေနှင့် ပရိဘောဂ လုံလောက်မှု အခြေအနေကို သိရှိနိုင်စေရန် တင်ပြ သွားမည်ဖြစ်ကြောင်း၊ ကျောင်း၏ မုခ်ဦး၊ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် အထက်တန်း ကျောင်းအဆင့် (၁၅၀ x ၃၀) ပေ RC တစ်ထပ်၊ အလယ်တန်းအဆင့် (၁၈၀ x ၃၀)ပေ RC တစ်ထပ်၊ KG အတန်းနှင့် မူလတန်းအဆင့် သင်ကြားမည့် RC တစ်ထပ်၊ တိုးချဲ့ဆောင်အနေဖြင့် ဖွင့်ထားသည့် အဆောင် ဖြစ်ပါကြောင်း၊ Assembly အနေဖြင့် ကျောင်းသားများ စုဝေးပွဲ ဖြစ်ကြောင်း၊ လက်ရှိကျောင်းတွင် ပညာသင်ကြားပေးနေသည့် ဆရာဆရာမ အင်အားသည် မူလတန်းအဆင့်တွင် ခုနစ်ဦး၊ အလယ်တန်းအဆင့်တွင် ၁၃ ဦး၊ အထက်တန်းပြအဆင့်တွင် ခြောက်ဦး၊ ရုံးဝန်ထမ်း သုံးဦးဖြင့် လည်ပတ်နေသည့် အခြေအနေ ဖြစ်ပါပါကြောင်း၊ ကျောင်းဝန်ထမ်း အင်အားစာရင်းရှိပါကြောင်း၊ ကျောင်း၏ သုံးနှစ်ဆက်တိုက် ကျောင်းသား ကျောင်းသူများစာရင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း အောင်ချက် ရာခိုင်နှုန်းကို ကြည့်မည်ဆိုပါက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၅၅ ဦး ဖြေပြီး အောင်ချက်သည် ငါးဦးသာ အောင်သည့်အတွက် ၉.၄ ရာခိုင်နှုန်းသာ ရခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၂၀ ရာခိုင်နှုန်း၊  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၁၂.၉ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊

မောင်တောမြို့ လေးမိုင်ရပ်ကွက်တွင် ရွာသိမ်၊ ရွာငယ်ပေါင်း ကိုးရွာ၊ လူဦးရေပေါင်း ၅၀၀၀ ကျော် နေထိုင်ပြီး ပတ်ဝန်းကျင် ၁၂ ရွာတွင် အ.မ.က(ခွဲ)တစ်ကျောင်း၊ မူလတန်းလွန်ကျောင်း နှစ်ကျောင်း၊ မြို့မကျောင်းနှင့် လေးမိုင်ကျော် ကွာဝေးသည့် မြို့နယ် ဆင်ခြေဖုံး ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊ ရပ်ကွက်အတွင်းတွင် ၂၀၁၆-၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်ကြောင့် နယ်စပ်တစ်လျှောက်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများသည် နေရပ်မှ စွန့်ခွာပြီး လုံခြုံမှု ရှိသည့် ဆက်သွယ်မှု ကောင်းမွန်သည့် နေရာကို လာရောက်ပြီး နေထိုင်ကြသည့် ဗမာ၊ ရခိုင်၊ သက်၊ မြို၊ ဒိုင်းနက် အစရှိသည့် တိုင်းရင်းသားပေါင်းစုံ အပါအဝင် ဟိန္ဒူ၊ ဘင်္ဂါလီ အစရှိသည့် လူမျိုးများပါ အေးချမ်းစွာ ပညာသင်ကြားနေသည့် ရပ်ကွက်ရှိ ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ တစ်မြို့နယ်လုံးတွင် ပဋိပက္ခကြောင့် အချို့ကျောင်းများကို ပိတ်ထားရသော်လည်း ယခုရပ်ကွက်သည် ပညာသင်ကြားခြင်းကို ဆက်လက် ဆောင်ရွက်ထားနိုင်သည့် လုံခြုံရေးအခြေအနေ ကောင်းမွန်သည့် ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်အတွင်းရှိ အ.ထ.က(ခွဲ)ကျောင်းကို (၆)နှစ်တာ ကာလတိုင်အောင် အထက်တန်းပညာကို သင်ကြားခွင့်ရခဲ့သော်လည်း အထက်တန်းကျောင်း၏ အင်္ဂါရပ်နှင့်အညီ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်၊ ဆရာဆရာမအင်အား ပြည့်စုံမှု မရှိခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းသည် အလွန်ကျဆင်းနေသည့်အတွက် ရပ်ကွက်နေ ကျောင်းအကျိုးတော်ဆောင် ကျောင်းသားမိဘများက အထက်တန်းကျောင်းအဆင့်ကို  ၂၀၂၀-၂၀၂၁ ပညာသင် နှစ်တွင် တိုးမြှင့်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနသည် ကိုယ်စားလှယ်တော်ကြီး၏ မဲဆန္ဒနယ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းတွင် ယခု စာသင်နှစ်အတွင်း အခြေခံပညာ မူလတန်းကျောင်း ခြောက်ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း သုံးကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) သုံးကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း နှစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၅ ကျောင်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ အခြေခံပညာ ဦးစီးဌာန၊ မောင်တောမြို့ အ.လ.က(၂) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) လေးမိုင် ရပ်ကွက်တွင် လက်ရှိ ကျောင်းသား ဦးရေ ယခုပညာသင်နှစ်တွင် ၁၅၂ ဦးသာ ပညာသင်ကြားလျက် ရှိပါကြောင်း၊ မိမိတို့ သတ်မှတ် ကျောင်းသားဦးရေ ပြည့်မီခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အပြင် အနီးဆုံး အထက်တန်းအဆင့်သင် ကျောင်း ဖြစ်သည့် မောင်တောမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် လေးမိုင်ခရီးအတွင်းတွင် ရှိသည်ကို စိစစ်တွေ့ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် ဦးစားပေး အစီအစဉ်မရှိပါကြောင်းနှင့် ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့သည့် အခြေခံပညာ အထက်တန်းပညာရပ်များကိုလည်း လက်ရှိတွင် သင်ကြားနေသည့် အခွင့်အလမ်း ရှိနေပါကြောင်း တင်ပြပါသည်။

 

ဦးလှထွန်းကျော် (မောင်တော မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လေးမိုင်ရပ်ကွက်သည် လူဦးရေ ၅၀၀၀ ကျော် နေထိုင်ပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကာ တည်ငြိမ်အေးချမ်းသည့် ရပ်ကွက်တစ်ခုဖြစ်သည့်အတွက် နောင်တွင် ကျောင်းသားကျောင်းသူများ တိုးပွားလာမည့် အခြေအနေရှိသည့်အပြင် အထက်တန်းကျောင်း ဖွင့်လှစ်ခွင့်ရခဲ့ပါက ကျောင်းအဆောင်ကို NGO အဖွဲ့အစည်းတစ်ခု ဖြစ်သည့် CDNH အဖွဲ့ကမှ ၎င်းဒေသခံဖြစ်သည့် ဆွစ်ဇလန်နိုင်ငံက အလှူရှင် တစ်ယောက်အနေဖြင့်  (၁၅၀ x ၃၀)ပေ RC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးမည့် အစီအစဉ် ရှိနေပါကြောင်း၊ ထို့ကြောင့် လက်ရှိ အထက်တန်းကျောင်း ပညာကို သင်ခွင့်ရသောလည်း မိမိတင်ပြထားသည့် အောင်ချက် ရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့် ကျောင်းသားမိဘများသည် အားမရ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်မည့် အခြေအနေ ရှိ/မရှိကို ဖြေနိုင်ပေးနိုင်မည်ဆိုပါက ဖြေကြားပေးရန် တင်ပြပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနသည် နိုင်ငံသူ နိုင်ငံသား၊ လူငယ် လူရွယ်များ အားလုံး ပညာသင် အခွင့်အလမ်းပေးရန် ပြင်းပြစွာ ဆန္ဒရှိပါကြောင်း၊ တာဝန်လည်း ရှိပါကြောင်း၊ သို့သော် မိမိတို့သည် ဘဏ္ဍာရေး အခြေအနေအရ ကန့်သတ်ချက်များ ရှိသည့်အပြင်၊ လွှတ်တော် အစည်းအဝေးများတွင် ကျောင်းအဆင့်တိုး ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုများစွာ ရှိပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်မှုများ များနေပြီး ပညာရေးဝန်ကြီးဌာနသည် မလိုအပ်သည့် ကျောင်းအဆင့်တိုးများ ဆောင်ရွက်နေသည် စသည်ဖြင့် ဆွေးနွေးမှုများ ရှိသည့်အပြင် ဘဏ္ဍာငွေ အနေအထားအားဖြင့်လည်း ကန့်သတ်မှု ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ဦးစားပေး အစီအစဉ် ဆောင်ရွက်ရပါကြောင်း၊ မိမိ တင်ပြချက်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဟု မဖြေပါကြောင်း၊ ဦးစားပေး စာရင်းတွင် မပါဝင်သေးကြောင်း၊ မိမိတို့ ပညာရေး ဝန်ကြီးဌာနသည် ကိုယ်စားလှယ်တော်ကြီး၏ ဆန္ဒ၊ ဒေသခံပြည်သူများ၏ ဆန္ဒ၊ လူငယ်လူရွယ်များ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းကျောင်းကို အဆင့်တိုးမြှင့်ပေးရန်အတွက် တတ်နိုင်သမျှ၊ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။