မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာနှင့် စက်စဲကျေးရွာအထိ လမ်းဆက်ဖြစ်နေသော လူသွားလူလာ ပြုလျက်ရှိသော ၂ မိုင် ၅ ဖာလုံအရှည်ရှိပြီး မိုးရာသီအချိန်တွင် အိုင်များထူထပ်ပြီး လမ်းမပေါ်တွင် မိုးရေများဖြင့် ပြည့်လျှံနေသော ထိုလမ်းကို ၈-၆-၂၀၁၄ ရက်နေ့တွင် ကတ္တရာ လမ်း ၃ ဖာလုံ ခင်းပြီးပါကြောင်း၊ ကျန်ရှိသော ၂ မိုင် ၂ ဖာလုံလမ်းကို အသုံးပြုလျက်ရှိသော ရွာသူရွာသားများသည် အလုပ်အကိုင်သွားလာရာတွင် အခက်အခဲဒုက္ခများကြုံတွေ့နေရပါသဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေးအင်္ဂါရပ်နှင့် ညီညွတ်ရန်၊ သက်ဆိုင်ရာသို့မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ စက်စဲမှ ကျိုက္ခမီသို့ ကမ်းနားလမ်းသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် မွန်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်သက်နေဝင်း၊ ဗိုလ်ချုပ်သန်းအေးတို့ တည်ဆောက် ဖောက်လုပ်ထား သောလမ်းဖြစ်ပါကြောင်း၊ အကယ်၍ ဖောက်လုပ်ပြီးသွားမည်ဆိုလျှင် နိုင်ငံတကာ ဧည့်သည်များ အသွားအလာများသည့် လမ်းဖြစ်ပါသည်။ ထို့နောက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလည်း အဆင်ပြေချောမွေ့မည် ဖြစ်သည့်အတွက် ကမ်းနားလမ်းရှိအိမ်ခြေများသည် လမ်းမကြီးနှင့်ဆိုလျှင် ၃ မိုင်ခွဲ၊ ၄ မိုင်လောက်ဝေးပါကြောင်း၊ ရွာချင်းဆက်လမ်း၊ ကမ်းနားလမ်းအား ပြန်လည်တည်ဆောက်ပေးနိုင်ရန်နှင့် ကြုံတွေ့နေရသည့် အသွားအလာခက်ခဲ ဒုက္ခများ ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စုအတွင်းမှာရှိသည့် ရသေ့တောင်-စက်စဲကျေးရွာချင်းဆက်လမ်း အရှည် ၂ မိုင် ၅ ဖာလုံသည် အိမ်ခြေ ၁၁၆၈ အိမ်၊ လူဦးရေ ၆၁၂၈ ဦးတို့ကို အကျိုးပြုပါကြောင်း၊ ၎င်းလမ်းအရှည် ၂ မိုင် ၅ ဖာလုံအနက် ၃ ဖာလုံကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၇.၆၅၃ သန်းဖြင့် ကတ္တရာလမ်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန် ၂ မိုင် ၂ ဖာလုံကို ကတ္တရာလမ်း ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၂၃၈.၉၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီနှင့်စက်စဲကို ဆက်သွယ်ထားသည့် ကမ်းခြေပတ်လမ်း၏ အရှည်မှာ ၁၄ မိုင် ဝ.၃၂ ဖာလုံရှိပြီး မြေသားလမ်း ဖြစ်သည့်အတွက် အိမ်ခြေ ၈၄၉၊ လူဦးရေ ၄၂၇၅ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်း ၁ မိုင် ၄ ဖာလုံကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၈ သန်းဖြင့် ၁၈ ပေ အကျယ် မြေသားလမ်းဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ကျန် ၁၂ မိုင် ၄.၃၂ ဖာလုံကို မြေသားလမ်း ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၁၉၉.၁၃၅ သန်းခန့် ကုန်ကျမှာဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းနှစ်လမ်း ဆောင်ရွက်ခြင်းအတွက် စုစုပေါင်းငွေကျပ် ၄၃၈.၀၈၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၆၁၂.၄၃၄ သန်းဖြင့် ကွန်ကရစ်လမ်း ၆ ဖာလုံ၊ ကတ္တရာလမ်း ၇ မိုင်၊ ကျောက်ချောလမ်း ၁၇ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၁၀ မိုင်၊ ကွန်ကရစ်တံတား ၉၃၆ ပေနှင့် သစ်သားတံတား ၄၀၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ရသေ့တောင်-စက်စဲ ကျေးရွာချင်းဆက်လမ်းနှင့် ကျိုက္ခမီ-စက်စဲကို ဆက်သွယ်ထားသော ကမ်းခြေပတ်လမ်းများကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ လျာထားခြင်းမရှိသေးသော်လည်း သံဖြူဇရပ်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ် ၇၁၀.၉ သန်းကို ကတ္တရာလမ်း ၁ မိုင်နှင့် ကွန်ကရစ်တံတား ၄၅၆ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ မိမိတို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် လမ်းနှစ်လမ်းကို လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
