အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၁၀) ဒဂုံမြို့သစ်(တောင်ပိုင်း)သည် ၁၉၆၈ ခုနှစ်တွင် အ.မ.က(၁၇) ဒဂုံမြို့သစ်(တောင်ပိုင်း)ဖြင့် တည်ထောင်ခဲ့ပြီး မူလွန်(၁၇)၊ လခွဲ(၁၇)၊ အ.လ.က(၁၀) ဒဂုံမြို့သစ်(တောင်ပိုင်း)ဖြင့် အဆင့်ဆင့်တိုးမြှင့်ပေးခဲ့ပြီး ကျောင်းသက်တမ်း နှစ်ပေါင်း ၅၁ နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ အ.လ.က(၁၀) ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူပေါင်း ၁၅၈၆ ဦး ပညာသင်ကြားနေကြပြီး (၂၂)ရပ်ကွက်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ (၆၇)ရပ်ကွက်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ရာဇဂြိုလ် ဘုန်းတော်ကြီးသင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် အ.မ.က(၃၀) ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် NFPE ကျောင်းများမှ မူလတန်းအောင် ကျောင်းသားများ လာရောက်ပညာ သင်ကြားနေရသည့်ကျောင်းဖြစ်သည့်အပြင် အ.ထ.က(၁) ဒဂုံမြို့သစ်(တောင်ပိုင်း) ကျောင်းနှင့် ငါးမိုင်ခန့်ကွာဝေးပြီး ဆိုက်ကယ်(ကယ်ရီ)နှင့် လိုင်းကား နှစ်ဆင့်စီး၍သော်လည်းကောင်း သွား ရောက်ပညာသင်ကြားရပါသဖြင့် လမ်းပန်းခရီးဝေးကွာခြင်း၊ ယာဉ်အန္တရာယ်များခြင်းများ ကြုံ တွေ့နေရပါကြောင်း၊ တချို့မိဘများသည် ၎င်းအခက်အခဲများကြောင့် ပညာသင်ကြားမှုကို ရပ်ဆိုင်းခဲ့ရသဖြင့် ကျောင်းသားကျောင်းသူများနစ်နာမှုရှိနေရပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့် မည်ဆိုပါက ၎င်းကျောင်းသားများအားလုံး လွယ်ကူစွာအထက်တန်းပညာကို သင်ကြားစေနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းတတ်ရောက်မည့်ကျောင်းသားဦးရေလည်း ပြည့်မီပါကြောင်း၊ အထက်တန်း ကျောင်းဖြစ်လျှင် နဝမတန်းတတ်ရောက်မည့်ကျောင်းသားဦးရေ ၁၁၀ ဦး၊ အခြားကျောင်းများမှ ပြန်လည်တက်မည့်ကျောင်းသားဦးရေ ၇၀ဦး စုစုပေါင်း ၁၈၀ ဦးတက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါ ၎င်းကျောင်းအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျောင်းအဆင့်တိုးမြှင့်ပေးရန် တင်ထားပြီးဖြစ်ခြင်း၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတို့မှ လည်း ထောက်ခံချက်ပေးထားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး/လွှတ်တော် ကိုယ်စားလှယ်များမှလည်း ထောက်ခံချက်ပေးထားသည့်အပြင် စံချိန်၊ စံညွန်းနှင့်ကိုက်ညီမှု ရှိပါသဖြင့် အမြန်ဆုံးကျောင်းအဆင့်တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရခြင်း ဖြစ်ပါ ကြောင်း၊
အဆောင်(၁)၊ အဆောင်(၂)၊ အဆောင်(၃)၊ အဆောင်(၄)၊ အဆောင် လေးဆောင်အပြင် အကယ်၍ ကျောင်းအဆင့်တိုးမည်ဆိုပါက မိမိတို့ ဆရာတော်ဘုရားနှင့် ရပ်မိရပ်ဖများက ကျောင်းဆောင် အပြီးဆောက်လုပ်ရန်အတွက် စုပေါင်းပြီး လှူဒါန်းထားခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနကလည်း ၎င်းကျောင်းဆောင်ကို နှစ်ထပ်ကျောင်းဆောင်အဖြစ် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် ပေးမည်ဖြစ်သည့်အတွက် ကျောင်းဆောင်လုံလောက်မှုလည်းရှိမည်ဖြစ်သည့်အတွက် အဆင့်တိုးမြှင့် ရန်တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခြေခံပညာအလယ်တန်း ကျောင်း အမှတ်(၁၀)ကျောင်းအား အခြေခံပညာအထက်တန်းကျောင်းခွဲသို့ အဆင့်တိုးမြှင့်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုစာသင်နှစ်အတွင်း ကိုယ်စားလှယ်တော်ကြီး၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) အတွင်းတွင် အခြေခံ အလယ်တန်းကျောင်းခွဲနှစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း လေးကျောင်းအဆင့် မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းတွင် ယခုနှစ် အလယ်အဆင့် သင်ကျောင်းသားကျောင်းသူ ၅၅ ဦးရှိပါကြောင်း၊ အနီးဆုံးအထက်တန်းကျောင်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံတောင်နှင့်လည်း သွားလာရေးခက်ခဲကြောင်း တွေ့ရှိရပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်ကြီးတင်ပြသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်းကို ယခုလာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ကျောင်း အဆင့်တိုးမြှင့်ရေးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
