၂၀၀၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားကျန်းမာရေးကော်မတီ၏ အထူးအစည်း အဝေးတွင် ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ HIV၊ AIDS ရောဂါရှိသည့်အကျဉ်းသူများကို ပြုစု စောင့်ရှောက်ပေးရန်ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဦးစီးဌာန၊ အကျဉ်းဦးစီးဌာန ဌာနသုံးခုပေါင်းပြီး အမျိုးသမီး များပြုစုစောင့်ရှောက်ရေးဌာနအမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အလံအုပ် ကျေးရွာ ကျိုက်ဖူးကျိုက်ပါဘုရားလမ်းပေါ်တွင် အကျဉ်းဦးစီးဌာနကပေးပို့သော အကျဉ်းသူ ၂၅ ဦးနှင့် မိမိတို့ ၅-၁၀-၂၀၀၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းဌာနက အကျဉ်းကျ HIV ရှိ အမျိုးသမီးများ၊ အကျဉ်းသူများ၏ ကျန်းမာပျော်ရွှင်ရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး လက်ခံစောင့်ရှောက်ပေးခဲ့ပါကြောင်း၊ တချို့ကာလများတွင် အကျဉ်းသူ ၂၅၀ ခန့်အထိကို စောင့်ရှောက်ပေးခဲ့ပါကြောင်း၊ ယခုနှစ် ၂၀ နီးပါးကြာသွားသည့်အခါ အဆိုပါဌာနတွင် စောင့်ရှောက်ပေးနေသော အမျိုးသမီးအရေအတွက်က သုံးယောက်သာရှိပါတော့ကြောင်း၊ ၎င်းတို့က ရန်ကုန်မြို့ အမျိုးသမီးသက်မွေးပညာသင်တန်းကျောင်းက ပို့ထားသည့်အမျိုးသမီး လေးများ ဖြစ်ပါကြောင်း၊ ၁၇-၆-၂၀၁၆ ရက်နေ့ကစပြီး အကျဉ်းဦးစီးဌာနကလည်း HIV လူနာရှင် အကျဉ်းသူများကို ပေးပို့သည့်အခြေအနေ မရှိတော့ပါကြောင်း၊ လောလောဆယ်တွင် ၎င်းစခန်းတွင် ဝန်ထမ်း ၂၀ ခန့်ရှိပါကြောင်း၊ ၎င်းတို့၏ပင်မတာဝန်က သင်တန်းသူများ၏ကျန်းမာ ပျော်ရွှင်ရေး၊ ဘဝအာမခံချက်ရှိရေးဖြစ်သော်လည်း လောလောဆယ်တွင် အကျဉ်းသူက သုံးယောက်သာရှိပါကြောင်း၊ တခြား လူမှုရေးနှင့် ပတ်သက်သည့်ကိစ္စများ ဝိုင်းဝန်းစောင့်ရှောက် ပေးနေပါကြောင်း၊
တွံတေးမြို့နယ် အလံအုပ်ကျေးရွာ ကျိုက်ဖူးကျိုက်ပါဘုရားလမ်းပေါ်ရှိ အမျိုးသမီးပြုစု စောင့်ရှောက်ရေးဌာနက ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါဌာနကြီးက ဧက ၃၀ ကျော် ရှိပါကြောင်း၊ အဆောက်အအုံများ၏အနေအထားက လူသုံးယောက်သာ ရှိတော့ သည့်အတွက် အလွန်ယိုယွင်းနေသောအနေအထားရှိပါကြောင်း၊ တချို့လည်း နာဂစ်မုန်တိုင်းနှင့် မိသွားသည့်အခါပြိုလဲပြီး ပြန်လည်ပြုပြင်စောင့်ရှောက်နိုင်သောအနေအထားမရှိပါကြောင်း၊ ဘုရားခန်းများ၊ ထမင်းစားဆောင်များ၊ သင်တန်းဆောင်များ၊ ကားဂိုဒေါင်များလည်း ပစ်ထားရ သောအနေအထား ရှိပါကြောင်း၊ တစ်ချိန်က စည်ကားခဲ့ကြောင်း၊ ယခုတောကြီးမြက်မည်းထဲတွင် ချိနဲ့နဲ့ဖြစ်နေပါ ကြောင်း၊ ဝန်ထမ်းအိမ်ရာများကလည်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ ပိတ်နေ သည့်အနေအထားကို မြင်နေရပါကြောင်း၊ မီးစက်က တစ်ခါတလေသာသုံးသည့် အနေအထား ရှိပါကြောင်း၊ မည်သူမျှ သွားလာသုံးစွဲခြင်းမရှိတော့ဘဲ ချုံနွယ်ပိတ်ပေါင်းထဲတွင် ပစ်ထားသော အဆောက်အအုံတစ်ခု ရှိပါကြောင်း၊ သင်တန်းသူများ၏ ယခင်က သင်တန်းခန်းမ၊ ထမင်းစားခန်း များ၊ ဆေးရုံတို့ကို ပစ်ထားရသည်မှာ ကြာပြီဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံတွင် ယခုလောလောဆယ်တွင် ပြန်လည်ထူထောင်နေရပါကြောင်း၊ ပြန်ပြီး အရင်းအမြစ်များကလည်း ရှားပါးနေသည့်အနေအထား ဖြစ်ပါကြောင်း၊ တချို့နေရာများတွင် မြေရှားပါးသည့် အနေအထားများ ရှိပါကြောင်း၊ မိမိတို့က ရည်ရွယ်ချက်ကောင်းကောင်းဖြင့် လုပ်ခဲ့သော်လည်း ယခုအခြေအနေတွင် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှု မရှိတော့သည့် အနေအထား ဖြစ်နေပါကြောင်း၊ သင်တန်းသူ သုံးယောက်၊ ဝန်ထမ်းက ၂၀ ခန့်ရှိပါကြောင်း၊ ၎င်းဌာနကို ပြန်ပြီးလုပ်ရန်အခြေအနေက မရှိတော့သည့်အတွက် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရန်ကုန်တောင်ပိုင်းခရိုင်ဖြစ်ဖြစ်၊ တစ်ပြည်လုံး ကဖြစ်ဖြစ် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးပညာသင်တန်း ကျောင်းမျိုး အဖြစ်ပြောင်းလဲပြီး ဖွင့်ပေးရန် အတွက် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်ကြီး(၇)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အား ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်းမြို့နယ်မှ အမျိုးသမီးသက်/မွေး အတတ်ပညာသင်ကျောင်းတစ်ကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတစ်ခု၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတစ်ကျောင်းနှင့် တွံတေးမြို့နယ်တွင် အမျိုးသမီးများပြုစု စောင့်ရှောက်ရေးဌာနတစ်ခုဖွင့်လှစ်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသော အမျိုးသမီးများပြုစု စောင့်ရှောက်ရေးဌာန (တွံတေး)တွင် အကျဉ်းဦးစီးဌာနက လွှဲပြောင်းပေးပို့လာသော HIV ရောဂါပိုးရှိသူ အကျဉ်းကျအမျိုးသမီးများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ လက်ခံစောင့်ရှောက်သည့် နေရာဖြစ်ပြီး ကျောင်းရှိလက်ခံနိုင်သည့်ဦးရေက ၁၀၀ ဦးဆံ့ဖြစ်ပါ ကြောင်း၊ ကိုယ်စားလှယ်ကြီး ဆွေးနွေးထားသည့်အတိုင်း လက်ရှိတွင်အကျဉ်းဦးစီးဌာနက အဆိုပါ HIV ရောဂါပိုးရှိသော အကျဉ်းကျအမျိုးသမီးပေးပို့မှုမရှိတော့ဘဲ လက်ရှိတွင် အမျိုးသမီး သက်/မွေးအတတ်ပညာသင် ကျောင်းက HIV ရောဂါပိုးရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ပို့အပ်လာသော ကျောင်းသူ သုံးဦးကိုသာ လက်ခံစောင့်ရှောက်ထားပါကြောင်း၊ ကျောင်းသူများ၏ စားဝတ်နေရေးဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ “အ”သုံးလုံးပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ လူ့ အသိုင်းအဝိုင်းအတွင်းဝင်ဆံ့နိုင်စေရန် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊
အဆိုပါဌာနတွင် ဖွဲ့စည်းပုံအရခန့်အပ်ပြီးဝန်ထမ်း ၁၇ ဦးရှိသော်လည်း အခြားကျောင်းများသို့ တွဲဖက်တာဝန်ချထားသောဝန်ထမ်း ၁၀ ဦးရှိသည့်အတွက် လက်ရှိတွင် ဝန်ထမ်း (၇)ဦးနှင့် ၎င်းတို့၏မူလတာဝန်အပြင် တွံတေးမြို့နယ်၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် တို့တွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာန(တွံတေး)ကို ယခုအခါ မိမိတို့ဝန်ကြီးဌာနက ရေးဆွဲလျက်ရှိသော ပြည့်တန်ဆာဆိုင်ရာဥပဒေတွင် ပါဝင်သော လိင်လုပ်သားများနှင့်ပတ်သက်၍ ပြုစုစောင့်ရှောက် ရေး ဌာနအသစ်တစ်ခုအနေဖြင့် ပြောင်းလဲဖွင့်လှစ်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြင်ဆင်ရေးဆွဲလျက်ရှိရာ ဥပဒေမူကြမ်းတွင် ဥပဒေပါပြဋ္ဌာန်းချက်အရ လိင်လုပ်သားများ၏ လူမှုဘဝရပ်တည်နိုင်ရေး စိတ်ပိုင်း၊ ရုပ်ပိုင်းပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်ပေးရန် ဆိုပြီး ထည့်သွင်းရေးဆွဲထားပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထား သော အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန(တွံတေး)ကို အဆိုပါအမျိုးသမီးများ၏ ဘဝ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲစောင့်ရှောက်၍ အသက်မွေးဝမ်းကျောင်း နှင့် ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်သွားရန် လျာထားစီစဉ်ထားရှိပါကြောင်း ဖြေကြားပါသည်။
