ဗန်းမောက်မြို့နယ်သည် စတုရန်းမိုင် ပေါင်း ၁၃၁၉.၇၇၉ မိုင်ကျယ်ဝန်းပါကြောင်း၊ လူဦးရေ ၁၁၀၀၀၀ ကျော်ရှိပြီး ရှမ်းနီကတူးကတန်း စသည့်လူမျိုးများ နေထိုင်ကြပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်မြို့နယ်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် အဘက်ဘက်မှ နိမ့်ကျသောမြို့နယ်ဖြစ်ပါကြောင်း၊ ဗန်းမောက်မြို့နယ်တွင် မှုခင်းဖြစ်ပေါ်မှု နည်းသော်လည်း ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်း အကြီးစား၊ အလတ်စား၊ အသေးစားနှင့် တစ်နိုင် တစ်ပိုင်လက်လုပ်လက်စားလုပ်ကွက်များ ရှိသဖြင့်လည်းကောင်း၊ ရွှေ့ပြောင်းလုပ်သားများစွာ ရှိသဖြင့်လည်းကောင်း၊ နယ်မြေအေးချမ်းသာယာမှုနှင့် ရွှေတွင်းများတွင် မှုခင်းမဖြစ်ပေါ်စေရေး အတွက် တာဝန်များကိုလည်း ထမ်းဆောင်ရပါကြောင်း၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းချခြင်း၊ တရားမဝင်သစ်ခိုးထုတ်မှုများ ဆောင်ရွက်ခြင်းမပျက်ကွက်စေရန် တားဆီးကာကွယ်ရေးလုပ်ငန်း များကိုလည်း နယ်မြေကျယ်ဝန်းသည့်အလိုက် ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များကို ဗန်းမောက်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၂၄ နာရီပတ်လုံး ခန့်ထားသော အင်အားဖြင့် ဆောင်ရွက်နေရပါကြောင်း၊ လုပ်ငန်းများစွာကို ဆောင်ရွက်ပြီးချိန်တွင် အိပ်စက်နားနေ ရန်အတွက် လုံခြုံစိတ်ချရသောအဆောက်အဦရုံးခန်းများ၊ လူနေတိုက်ခန်းများ စီစဉ်ပေးရန် လိုအပ်ပါကြောင်း၊ ဗန်းမောက်မြို့နယ်တွင် ဒေသခုနစ်စိတ်ရှိပြီး ဗန်းမောက်ဒေသစိတ် မံကပ်ဒေသစိတ်တွင် မြို့နယ်ရုံးတစ်ရုံး၊ မြို့မရဲစခန်းတစ်ခု၊ မံထုံဒေသ စိတ်တွင် မံထုံရဲကင်းစခန်းတစ်ခု၊ မံစီကြီးဒေသစိတ် ဂဏန်း၊ မံလူ၊ မံစီကြီး၊ မံလူဒေသစိတ်တို့တွင််လည်း မံစီကြီး နယ်မြေခံရဲစခန်းတစ်ခုနှင့် ရဲကင်းသုံးခုတည်ရှိပါကြောင်း၊
ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့၏ လက်ရှိဖွဲ့စည်းပုံအင်အားအရ အရာရှိ ၂၈ ဦးနှင့် အခြားအဆင့် ၁၃၁ ဦး၊ စာရေးဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၆၁ ဦး ရှိပါကြောင်း၊ မြို့မရဲစခန်း၌ ဖွဲ့စည်းပုံအရ မြို့မရဲစခန်းရုံးတွင် တပ်ဖွဲ့ဝင် ၁၂ ဦး၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် ၈၁ ဦး စုစုပေါင်း ၉၈ ဦး နေထိုင်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိခန့်ထားအင်အားစာရင်း ၆၅ ဦးတာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ မြို့မ ရဲစခန်းခွဲတွင် နေအိမ်လိုင်းခန်းအဆောက်အဦ တစ်ယူနစ်လုံးချင်းသုံးလုံး၊ လေးယူနစ်လိုင်းခန်းရှစ် လုံးနှင့် နှစ်ယူနစ်လိုင်းခန်းတစ်လုံး စုစုပေါင်း ၃၇ ခန်းရှိပါကြောင်း၊ ဝန်ထမ်း ၂၈ ဦးနေအိမ်ခွန် လိုင်းခန်း မရသည့်အတွက် ပြင်ပတွင် ငှားရမ်းနေထိုင်ကြရပါကြောင်း၊ ဖွဲ့စည်းပုံအပြီးခန့်မည်ဆိုလျှင် ၃၄ ဦးထပ်မံ တိုးချဲ့လာမည်ဖြစ်ပါကြောင်း၊ ယခုတည်ရသည့် လိုင်းခန်းအများစုသည် ၁၉၆၀ ခုနှစ်ကျော် ကတည်းက တည်ဆောက်ထားသည့် အဆောက်အဦများ ဖြစ်ပါကြောင်း၊ နေအိမ်များတွင် အမိုးများမလုံခြင်း၊ အကာများမကောင်းခြင်း၊ အဆောက်အဦတိုင်များ အောက်ခြေများပြတ်နေခြင်း၊ ယိုင်နဲ့နေခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ ထိုနေရာကို ပြင်ဆင်ပြီးမှ နေထိုင်ကြရသည်သာ ဖြစ်ပါကြောင်း၊
ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ကောင်းမွန်စွာ၊ လုံခြုံစွာ၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရေး အိမ်ရာသစ်များဆောက်လုပ်ပေးရန် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဗန်းမောက်မြို့နယ်ရှိ ရဲစခန်းများတွင် အမိုးအကာတွေပျက်စီးနေပါကြောင်း၊ အောက်ခြေတိုင်များ ပျက်နေပါကြောင်း၊ တိုင်များကို အစားထိုးပြီး ပြင်ဆင်ထားပါကြောင်း၊ လိုင်းခန်းများယိုင်နဲ့ နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမောက်မြို့နယ် မြို့မရဲစခန်းအတွင်း ဝန်ထမ်းအိမ်ရာအသစ်(၄) ယူနစ်ပါ(၄)ထပ်အိမ်ရာ(RC) နှစ်လုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံး၊ မြို့မရဲစခန်း၊ မံစီကြီးနယ်မြေ ရဲစခန်းနှင့် မံထုံရဲကင်းစခန်းတို့တည်ရှိပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းတို့သည် ဗန်းမောက်မြို့၊ မြို့မရပ်ကွက်တွင် နှစ် ၃၀ မြေငှားဂရန်ရရှိပြီး မြေဧရိယာ ၃.၆၅ ဧကပေါ်၌ တစ်စုတစ်စည်းတည်း တည်ရှိပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိလေးဦး၊ အခြားအဆင့် ခုနစ်ဦး၊ စာရေးဝန်ထမ်းတစ်ဦး၊ မြို့မရဲစခန်းတွင် အရာရှိ ၁၀ ဦး၊ အခြားအဆင့် ၄၆ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၆၈ ဦး(အိမ်ထောင်သည် ၄၀ ဦး၊ လူပျို ၂၃ ဦး၊ အပျို ငါးဦး)တို့ဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗန်းမောက်မြို့မရဲ စခန်းဝင်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတစ်ရုံး၊ စခန်းရုံးတစ်လုံး၊ အချုပ်ခန်းနှစ်လုံး၊ လုံးချင်းနေအိမ်သုံးလုံး၊ နှစ်ခန်းတွဲနေအိမ်တစ်လုံး၊ လေးခန်းတွဲနေအိမ်ရှစ်လုံး၊ ရဲရိပ်သာတစ်လုံးနှင့် သက်သာဆိုင်ခန်း တစ်ခန်း စုစုပေါင်းအဆောက်အဦ ၁၈ လုံးရှိပြီး နေအိမ်လိုင်းခန်း ၃၇ ခန်းရှိပါကြောင်း၊ အိမ်ထောင်သည် ၂၉ ဦးသည် နေအိမ်လိုင်းခန်း ၂၉ ခန်းတွင်လည်းကောင်း၊ မိသားစုလိုက်ပါ နေထိုင်ခြင်းမရှိသည့် အိမ်ထောင်သည်ငါးဦးသည် နေအိမ်လိုင်းခန်း နှစ်ခန်းတွင်လည်းကောင်း၊ လူပျို ၂၁ ဦးသည် အခန်းလေးခန်းတွင်လည်းကောင်း၊ အပျိုလေးဦးသည် အခန်းနှစ်ခန်းတွင်လည်းကောင်း၊ အိမ်ထောင်သည် ၆ ဦး၊ လူပျိုနှစ်ဦး၊ အပျိုတစ်ဦးတို့သည် ပြင်ပရှိ မိဘဆွေမျိုးများထံတွင်လည်းကောင်း အသီးသီးနေထိုင်လျက်ရှိ ပါကြောင်း၊ ဗန်းမောက်မြို့မ ရဲစခန်းဝင်းအတွင်းရှိ အဆောက်အဦများတွင် နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်းပြီး အမြင်တင့်တယ်မှုမရှိခြင်း၊ ပြင်ပနေတပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းပုံအရ အင်အား ထပ်မံဖြည့်တင်းလာပါက တပ်ဖွဲ့ဝင်များနေထိုင်ရန် အဆောက်အဦများ လိုအပ်လျက်ရှိခြင်းကြောင့် ခြောက်ခန်း တွဲနှစ်ထပ်နှစ်လုံးနှင့် လူ ၃၀ ဦးဆံ့ လူပျိုဆောင်တစ်လုံးတို့ ဆောက်လုပ် ပေးရန်လိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကသာခရိုင်၊ ဗန်းမောက်မြို့မရဲစခန်းအတွက် လိုအပ်သည့် ခြောက်ခန်းတွဲနှစ်ထပ်နှစ်လုံးနှင့် လူ ၃၀ ဆံ့ လူပျိုဆောင်တစ်ဆောင်တို့အား ဆောက်လုပ်ခွင့်ရရှိရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)အသုံးစရိတ်သည် လျာထားတင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
