ထန်တလန်မြို့နယ်ရှိ ထလန်ရွား(က)ရွာမှ ဟရီဖီးရွာ ရွာချင်းဆက်လမ်းကို သတ္တမအကြိမ်ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးခဲ့ပါကြောင်း၊ ပြည်ထောင်စုဆောက်လုပ်ရေး ဝန်ကြီးဌာနမှလည်း ဆောင်ရွက်ပေးရန် ဘတ်ဂျက်ချပေးခဲ့ပါသည်။ သို့သော် ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းမတောင်းဆိုသော ထလန်ရွား(က) ကျေးရွာမှ ဟရီဖီးသို့ ပြောင်းပေးလိုက်သောအခါတွင် ထလန်ရွား(က)မှာ လမ်းမရှိတော့သည့်အတွက် စိတ်မကောင်း ဖြစ်ကြပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၂၀၁၅-၁၆ ဖြည့်စွက်ရန်ပုံငွေမှ ဦးစားပေးဆောင်ရွက် ပေးပါမည်ဆိုပြီး ဒုတိယအကြိမ် ကတိပေးခဲ့ပါကြောင်း၊ သို့သော် မိမိစုံစမ်းသည့်အခါ ဖြည့်စွက်ရန်ပုံငွေမှာလည်း မပါရှိကြောင်း တာဝန်ရှိသူများမှ ပြောခဲ့ပါသည်။ ဤကဲ့သို့ ပြည်သူများ အယုံအကြည်မရှိအောင် ကတိခဏခဏပျက်ခြင်းသည် မသင့်တော်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် ထလန်ရွား(က) ကျေးရွာမှ နှစ်ကြိမ်နှစ်ခါ လမ်းဆုံးရှုံးတော့မည် ဖြစ်သည့်အတွက် ဖြည့်စွက်ရန်ပုံငွေတွင် ချပေးထားရန် ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ရွား(က)- လအော်ချောင်း- ဟရီဖီး ရွာချင်းဆက်လမ်းအရှည် ၁၂ မိုင်အနက် လအော်ချောင်း-ဟရီဖီးလမ်းပိုင်းအရှည် ၈ မိုင်တွင် ၁၈ ပေအကျယ် မြေသားလမ်းဖြစ်ပြီး တလန်ရွား(က)- လအော်ချောင်းနှင့် လမ်းပိုင်းအရှည် ၄ မိုင်မှာ လူသွားလမ်းဖြစ်ပြီး အဆိုပါလမ်း ၁၂ မိုင်သည် ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၃၄၀ ရှိ လူဦးရေ ၁၇၈၃ ဦးကို အကျိုးပြုပါကြောင်း၊ လူသွားလမ်းအရှည် ၄ မိုင်ကို ၁၈ ပေအကျယ် မြေသားလမ်းကို တာချဲ့ခြင်းဆောင်ရွက်မည် ဆိုလိုပါက ငွေကျပ် ၃၆ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၃၁၆.၉၃၁ သန်းဖြင့် ကတ္တရာလမ်း ၃ ဖာလုံ၊ ကျောက်ချောလမ်း ၅ မိုင်၊ မြေသား လမ်း ၁၆၂ မိုင်၊ သစ်သားတံတား ၂၁၅ ပေ၊ Box Culvert ၂၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊
ထန်တလန်မြို့နယ်အတွင်းတွင်လည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၀၅၈.၂၄၅ သန်းနှင့် မြေသားလမ်း ၅၈ မိုင်ဆောင်ရွက်ရန် ခွင့်ပြုပေးပြီးဖြစ်ပါကြောင်း၊ တလန်ရွား(က)- လအော်ချောင်းလမ်း ကျေးရွာချင်းဆက်လမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင်လျာထားခြင်း မရှိသေးသည့်အတွက် လက်ရှိဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် တလန်ရွား(က)- လအော်ချောင်းလမ်း ၄ မိုင်ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်နှင့် ဖြည့်စွက်ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အတိုင်း ရန်ပုံငွေလျာထားတင်ပြတောင်း ခံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
