ထန်းတပင်မြို့နယ်သည် ဧရိယာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်းခြင်း၊ မြစ် ၄ မြစ်ရှိခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် မြစ်ကူး၊ ချောင်းကူး အသက်အန္တရာယ်နှင့်ယှဉ်၍ ကျောင်းတက်နေရသော ကျောင်းသားကျောင်းသူ များသည် ကျောင်းမတက်နိုင်ကြသဖြင့် ကျောင်းတက်နှုန်းနည်းပြီး ကျောင်းထွက်နှုန်း များနေသောကြောင့် အခြေခံပညာကျောင်းများအား အဆင့်မြှင့်တင်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ထန်းတပင်မြို့နယ်အတွင်းရှိ ပန်းတိုင်၊ ဘောလည်၊ အလိန်လည်ကျေးရွာရှိ အ.ထ.က(ခွဲ)များ အား အ.ထ.က အဖြစ်လည်းကောင်း၊ အ.လ.က ညောင်ရိုးကျေးရွာအား အ.ထ.က(ခွဲ)အဖြစ် လည်းကောင်း၊ ကျွဲကူးနှင့် အုဖ္ဖိုလ်ကျေးရွာ အ.လ.က(ခွဲ)တို့အား အ.လ.က အဖြစ်လည်းကောင်း၊ ဒေါင့်ကြီးနှင့် ရခိုင်ရိုးလေးကျေးရွာ အ.မ.က(မူလွန်)တို့အား အ.လ.က(ခွဲ)အဖြစ်လည်းကောင်း၊ အ.မ.ကသဘော့ချောင်းကျေးရွာအား အ.မ.က (မူလွန်)အဖြစ် လည်းကောင်း၊ ကရင်ချောင်းနှင့် ဘေးမခ ရွာသစ်၊ ရွာဟောင်း အ.မ.က(တွဲဖက်)တို့အား အ.မ.ကကျောင်းများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်း ကျောင်း ၄ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၈ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၅ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၄၅ ကျောင်းတို့အား ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထန်းတပင်မြို့နယ်၊ ဘောလည်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၃၁-၅-၂၀၁၅ ရက်နေ့တွင် အဆင့်တိုးမြှင့်ပေးပြီးဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အထက်တန်းအဆင့်သင်ကျောင်းသား ၂၀၀ ဦးနှင့်အထက် ရှိရမည်ဖြစ်ပါ၍ ပန်းတိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်းအထက်တန်း အဆင့်သင်ကျောင်းသား ၁၂၉ ဦးသာရှိသောကြောင့် သတ်မှတ်မူဘောင်နှင့် မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် ၂၀၀ ဦးဖြစ်သည့်အတွက် အလိန်လည်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား ၁၀၇ ဦးသာ ရှိသောကြောင့် သတ်မှတ်နှင့်မကိုက်ပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် အလယ်တန်းအဆင့်သင်ကျောင်းသား ၃၀၀ ဦးနှင့်အထက် ရှိရမည်ဖြစ်ပါ၍ ညောင်ရိုးအခြေခံပညာအထက်တန်းကျောင်းတွင် စုစုပေါင်း အလယ်တန်း အဆင့်သင် ကျောင်းသား ၁၄၈ ဦးသာရှိသောကြောင့် သတ်မှတ်မူဘောင်နှင့်မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိပါကြောင်း၊ အုဖ္ဖိုလ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ၃၁-၅-၂၀၁၅ ရက်နေ့တွင် အဆင့်တိုးမြှင့်ပေးပြီးဖြစ်ပါကြောင်း။
အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် အလယ်တန်းအဆင့်သင် ကျောင်းသား ၂၄၀ ဦးနှင့်အထက်ရှိရမည်ဖြစ်ပါ၍ ကျွဲကူးအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်း အလယ်တန်းအဆင့်သင် ကျောင်းသား ၁၀၇ ဦး စုစုပေါင်း အလယ်တန်းအဆင့်သင်ကျောင်းသား ၂၂၁ ဦးသာရှိသောကြောင့် သတ်မှတ်မူဘောင်နှင့်မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိပါကြောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အလယ်တန်းအဆင့်သင် ကျောင်းသား ၂၀၀ ဦးနှင့်အထက် ရှိရမည်ဖြစ်ပါသဖြင့် ဒေါင့်ကြီးအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စုစုပေါင်း အလယ်တန်းအဆင့်သင်ကျောင်းသား ၆၁ ဦးနှင့် ရခိုင်ရိုးလေးအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စုစုပေါင်းအလယ်တန်းအဆင့်သင်ကျောင်းသား ၁၁၀ ဦးသာရှိပါသောကြောင့် သတ်မှတ်မူဘောင်နှင့် မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိပါကြောင်း၊ အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် မူလတန်းအဆင့်သင်ကျောင်းသား ၂၅၀ ဦးနှင့်အထက် ရှိရမည်ဖြစ်ပါ၍ သဘော့ချောင်းအခြေခံပညာ မူလတန်းကျောင်းတွင် စုစုပေါင်း မူလတန်းအဆင့်သင်ကျောင်းသား ၁၀၄ ဦးသာရှိသောကြောင့် သတ်မှတ်မူဘောင်နှင့် မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ကရင်ချောင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းအား အခြေခံပညာမူလတန်းကျောင်းအဖြစ် ၃၁-၅-၂၀၁၅ ရက်နေ့တွင် အဆင့်တိုးမြှင့်ပေးပြီးဖြစ်ပါကြောင်း၊ အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် မူလတန်းအဆင့်သင်ကျောင်းသား ၅၅ ဦးနှင့်အထက်ရှိရမည်ဖြစ်ပါ၍ ဘေးမခ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းတွင် စုစုပေါင်းမူလတန်းအဆင့်သင်ကျောင်းသား ၂၉ ဦး သာရှိပါသောကြောင့် သတ်မှတ်မူဘောင်နှင့်မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းရီ (ထန်းတပင်) က ဆက်စပ်မေးခွန်း မေးမြန်ပါသည်။
မြစ်ကူး၊ ချောင်းကူး၍ အသက်အန္တရာယ်နှင့် ယှဉ်ပြီး ကျောင်းတက်နေရသော ကျောင်းသူကျောင်းသားများအား မိုးရာသီတွင် ဆရာအငှားသင်ကြားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် တင်သည့်အခါ မူလနီးစပ်ရာ အ.ထ.က များက အောင်ချက်ရာခိုင်နှုန်း ထိခိုက်မည်စိုးသဖြင့် ဝင်ခွင့်အခက်အခဲဖြစ်နေခြင်းအား မည်သို့စီမံပေးနိုင်မည်နှင့် အောင်ချက်ရာခိုင်နှုန်း တွက်ချက်ရာတွင် မူလကျောင်း၏ ဖြေဆိုမှုအင်အားအပေါ် တွက်ချက်ခြင်းနှင့် အခြားကျောင်းများမှ ဖြေဆိုမှုအင်အားအပေါ် တွက်ချက်ခြင်းအား သီးခြားစီ ဖော်ပြတွက်ချက်မှုမျိုး စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း က သီးခြားဖြေပေးပါ့မည်ဟု ပြောကြားသွားပါသည်။
