ခေါင်ဖျားသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ဒေသစရိတ် မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ ဖြစ်ပါကြောင်း၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါစာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ စာနှစ်စောင်ကို ရည်ညွှန်းပြီး လူမှုရေးသင့်တင့် သည့် မြို့/ကျေးရွာ အုပ်စုများ စာရင်းကို ဖော်ပြခဲ့ပါကြောင်း၊ ဝန်ထမ်းများ ဒေသစရိတ် ရရှိခြင်းကို ဝမ်းသာရမည် ဖြစ်သော်လည်း ရသင့်သည့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်ကြသည့် ဆရာဆရာမများက ၎င်းတို့ ဒေသစရိတ် မရရှိကြခြင်းကို မိမိ၏ ခရီးစဉ်များတွင် ငိုယိုပြီး တိုင်တန်းကြပါကြောင်း၊ ဒေသစရိတ် ရသည့်သူက မရသည့်သူနှင့် ယေဘုယျအားဖြင့် လစဉ်ငွေကျပ် ၇၀၀၀၀ ခန့် ကွာခြားပြီး တစ်နှစ်လုံးဆိုပါက ကိုးသိန်းခန့် ဖြစ်သည့်အတွက် ၎င်းတို့တွင် နှစ်စဉ် ရွှေတစ်ကျပ်သားခန့် ကျပျောက်နေသည့် ပုံစံ ဖြစ်နေပါကြောင်း၊ ဒေသစရိတ် ရရှိရေးအတွက် စိစစ်ရမည့် အခြေခံအချက် (၁၁)ချက်ကို ပြည်ထောင်စု ဝန်ကြီးဌာနက ချမှတ်ပေးထားခြင်း ဖြစ်ပြီး ၎င်းသည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်း ဆက်သွယ်မှု ခက်ခဲခြင်း၊ ဆက်သွယ်ရေး စနစ် ခက်ခဲမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစနစ် ဖွံ့ဖြိုးမှု၊ လျှပ်စစ်ဓာတ်အား လုံလောက်မှု၊ စီးပွားရေး လုပ်ငန်းများ ဖြစ်ထွန်းမှု၊ ရာသီဥတု အခြေအနေ၊ လူမှုပတ်ဝန်းကျင် ခက်ခဲမှုနှင့် စက်သုံးဆီ ဖြန့်ဖြူးပေးနိုင်မှု စသည်တို့ ဖြစ်ပါကြောင်း၊ ၎င်းအချက်များကို အမှတ်ပေးစနစ်နှင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ နယ်မြေကျွမ်းကျင်သူများက စိစစ်အကဲဖြတ်ပြီး မြို့နယ်တစ်ခုလုံး ရရှိသင့်သည်ဟု တင်ပြခဲ့သည်ကို သိရပါကြောင်း၊ သို့သော် ပြည်ထောင်စုအစိုးရက သတ်မှတ် ပေးသည့်အချိန်တွင် တစ်မြို့နယ်လုံး အနေဖြင့် မရရှိကြောင်း၊ အထူးသဖြင့် ရရှိသင့်သည့် ကျေးရွာအုပ်စုများ ကျန်နေခဲ့ပါကြောင်း၊
ဥပမာ မေက္ကတော် ချောင်းဖျားဒေသသည် ခေါင်ဖျားပါကြောင်း၊ မြစ်ဘက်မှ သွားမည်ဆိုပါက ဝေးကြောင်း၊ ရေဦး-ကလေးဝ ကားလမ်းသည်လည်း ဝေးကြောင်း၊ ကြားထဲတွင် ဖြစ်နေသည့် အခေါင်ဆုံး ဆိုသည့် စမြင်အုပ်စုက ရွာတော်နှင့် ရွာမ နှစ်ရွာလည်း ကွက်ပြီး ကျန်နေပါကြောင်း၊ ထို့အတူ တောင်တွင်း ဒေသွင် ၁၅ အုပ်စု ရှိပြီး ၁၀ အုပ်စုသာ ရကြောင်း၊ ငါးအုပ်စုသည် မရပါကြောင်း၊ ၎င်းမရသေးသည့် အထဲတွင် ထုံးကြီးဆိုသည့် အုပ်စုသည် မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး သွားလာရေး ခက်ခဲသော်လည်း စာရင်းတွင် ကျန်နေပါကြောင်း၊ ထို့အတူ မြေနီ၊ မြို့မ၊ ကြာပင်၊ မယ်မဲ အုပ်စုများသည်လည်း ရသင့်သည့် ကျေးရွာအုပ်စုများသာ ဖြစ်ပါကြောင်း၊ မြစ်ရိုး အထက်ပိုင်းဒေသတွင် ကျေးရွာအုပ်စု ၁၁ ခုဖြစ်ပြီး ကိုးအုပ်စုက ရသော်လည်း ကျန်နေသည့် ကြွေနှင့် ရှားတောတို့သည် မြို့နှင့် အဝေးဆုံးဖြစ်သည့်အတွက် ပိုပြီး ရသင့်သည့် နေရာများ ဖြစ်ပါကြောင်း၊ တောင်တန်း ဒေသတွင် လောင်းတည်အုပ်စုသည် ပုထိုးလုံးချောင်း၏ အခြားတစ်ဖက်တွင် ရှိပြီး သွားလာရေး ပိုမိုခက်ခဲသည့်အတွက် ပေးသင့်သည့် အုပ်စုဖြစ်ပါကြောင်း၊ သို့သော် မရသေးပါကြောင်း၊ ဆရာဆိုသည် ပီတိကို စားပြီး အားရှိအောင် နေရသည့် ဘဝများ ဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ ရှားပါးစရိတ်ရရှိပါက မနီးမဝေးတွင် Criteria တူသည့် နေရာတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဆရာမများသည် ရှားပါးစရိတ် လိုချင်သည့်ကိစ္စသည် လောဘတက်ခြင်း မဟုတ်ကြောင်း၊ Right ကို မရသည့်အတွက် တောင်းဆိုခြင်းသာ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များ၏ Mismanagement နှင့် Misconduct ကြောင့် အခုလို နစ်နာနေရသည့် ဝန်ထမ်းများ၏ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တင်ပြခြင်း၊ တစ်နည်းအားဖြင့် Check and Balance လုပ်ပေးခြင်းသည် အစိုးရကို အတိုက်အခံ လုပ်နေခြင်း မဟုတ်ဘူးဆိုသည်ကို နားလည် ပေးစေချင်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ကဲ့သို့ အခြားမဲဆန္ဒနယ်များတွင် မှားယွင်းမှုများ ရှိနေနိုင်သည်ကို သတိပြုစေလိုပါကြောင်း၊ ထို့ကြောင့် နိဂုံးချုပ်အားဖြင့် မင်းကင်းမြို့နယ်တွင် ဒေသစရိတ် ရသင့်သော်လည်း ကျန်ရှိနေသည့် ကျေးရွာအုပ်စု ကိုးခုဖြစ်သည့် စမြင်၊ ထုံးကြီး၊ မြေနီ၊ မြို့မ၊ ကြာပင်၊ မယ်မဲ၊ ကြွေ၊ ရှားတောနှင့် လောင်းတည်အုပ်စုတို့ကို ဝေးလံခေါင်သီပြီး လူမှုရေး ခက်ခဲသော ဒေသများအဖြစ်ဖြင့် ထပ်မံပြီး ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ပါသည်။
ဒေသစရိတ် ခံစားခွင့်နှင့် ပတ်သက်ပြီး ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၈-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄၄/၂၀၁၉)ဖြင့် ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများအဖြစ် ပြင်ဆင်သတ်မှတ်ပေးခဲ့သည့် မြို့ပေါ် ၁၂၄ မြို့၊ ကျေးရွာအုပ်စု ၃၀၇၁ အုပ်စုနှင့် ကျေးရွာနှစ်ရွာတို့မှာ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများသည် ၈-၅-၂၀၁၉ ရက်နေ့မှ စပြီး ဒေသစရိတ်များ ခံစားခွင့် ရရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်း မြို့နယ်တွင် ကျေးရွာအုပ်စု ၆၁ အုပ်စုအနက်မှ လူမှုရေး သင့်တော်သည့် ဒေသအဆင့်တွင် ကျေးရွာအုပ်စု ၂၇ အုပ်စုကို ဒေသစရိတ် ခံစားခွင့် ပြုခဲ့ပါကြောင်း၊ ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသည့် ဒေသများအဖြစ် သတ်မှတ်နိုင်ရေး စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့သည် ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီကိုလည်းကောင်း၊ ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အဆင့် စိစစ်ရေး ကော်မတီများကိုလည်းကောင်း ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီက ဆောင်ရွက်ရမည့် အချက်များတွင် ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများနှင့် မြို့နယ်၊ ကျေးရွာအုပ်စုများ နှစ်နှစ်လျှင် တစ်ကြိမ် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေကိုစိစစ်၍ ဒေသစရိတ် ခံစားခွင့်ရှိသည့် ဒေသအဖြစ်မှ ပယ်ဖျက်ခြင်း၊ အဆင့်လျှော့ချခြင်း၊ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသအဖြစ် ထပ်မံ သတ်မှတ်ပေးနိုင်ရန် တင်ပြလာပါက အခြေခံ အချက်(၁၁)ချက်နှင့်အညီ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြဆွေးနွေးသည့် အတိုင်း ညီညွတ်မှု ရှိ/မရှိကို ပြည်ထောင်စု အဆင့် စိစစ်ရေး ကော်မတီက စိစစ်ပြီး ဆောင်ရွက်ပေးရသည်ကို တင်ပြအပ်ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး စိစစ်ရေး ကော်မတီအနေဖြင့် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်းများနှင့်အညီ စိစစ် တွေ့ရှိချက်များကို ၂၅-၇-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၃/၆-၁(၁၅)(၅၈၃) အထွေထွေဖြင့် ပြည်ထောင်စု အစိုးရအဆင့် စိစစ်ရေး ကော်မတီသို့ တင်ပြခဲ့ရာတွင် မင်းကင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများနှင့် လူမှုရေး သင့်တော်သော ဒေသအဆင့်တွင် ကျေးရွာအုပ်စု ၂၇ အုပ်စုကိုသာ ဒေသစရိတ် ခံစားခွင့် ပြုနိုင်ရေး အချက်အလက်များနှင့် အကျုံးဝင်ကြောင်း တင်ပြလာခဲ့ပြီး ကျန် ၃၄ အုပ်စုကို တင်ပြလာခြင်း မရှိသည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများ သတ်မှတ်ခြင်း၊ အဆင့်တိုးခြင်း၊ လျှော့ချခြင်း လုပ်ငန်းများကို နှစ်နှစ်လျှင် တစ်ကြိမ် ပြန်လည် စိစစ်ဆောင်ရွက်မည် ဖြစ်သည့်အတွက် မင်းကင်းမြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ ဒေသများတွင် တာဝန် ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအတွက် ဒေသစရိတ် မညီမျှမှုများ ဖြစ်ပေါ်နေသည်ဟု ယူဆရသည့် ကျေးရွာများကို စစ်ကိုင်း တိုင်းဒေသကြီး စိစစ်ရေး ကော်မတီက လွှတ်တော်ကိုယ်စားလှယ်ကြီး ဖတ်ကြားတင်ပြသွားသည့် အခြေခံ အချက်(၁၁)ချက်နှင့် ကိုက်ညီသည့် ဒေသဖြစ်ကြောင်း စိစစ်တင်ပြလာပါက ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီက ထပ်မံစိစစ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးအတွက်ကို ဆောင်ရွက်သည့်အချိန်တွင် ၎င်းဒေသများသည် ဒေသစရိတ် ခံစားခွင့်များ ရရှိမည်ဖြစ်ပါကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၏ ဖြေကြားချက်နှင့် ဝန်ကြီးဌာန၏ ဖြေကြားချက်များ ပေါင်းစပ် ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒုတိယဝန်ကြီး ဖြေကြားသွားသည့်အချက်တွင် မူလသတ်မှတ်ပေးသည့် အထဲတွင် အဆင့် လျော့ကျသွားသည့်အတွက် ၎င်းကို လျော့ချခြင်း။ အဆင့်မြှင့်တက်လာသည့်အတွက် ၎င်းကို အဆင့်မြှင့်တင်ပေးခြင်း။ ၎င်းကို နှစ်နှစ်တစ်ခါ လုပ်ရမည် ဖြစ်ပါကြောင်း၊ ယခု မိမိတင်ပြသည်က မူလက စသတ်မှတ်ကတည်းက အုပ်ချုပ်ရေးအဖွဲ့များ၏ Mismanagement, Misconduct ကြောင့် ကျန်နေခဲ့သည့် နေရာများ။ ၎င်းနေရာများကို Exceptional Case အနေဖြင့် စဉ်းစားရန် လိုကြောင်း တင်ပြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Routine Work ကို မိမိတို့သည် လွှတ်တော်တွင် လာပြီး တင်ပြစရာ အကြောင်းမရှိကြောင်း၊ ယခုကိစ္စသည် ချွတ်ချော်မှုကြောင့် ကျန်နေခဲ့သည့် ကိစ္စများ ဖြစ်ကြောင်း၊ ၎င်းတို့ကို အထူးကိစ္စရပ်အနေဖြင့် စဉ်းစားပေးရန် လိုသည်ကို မိမိက တင်ပြချင်ခြင်းဖြစ်ကြောင်း၊ လက်ရှိအစိုးရကို တော်တော်များများ လူများက ပြောနေကြသည့် အတွက် ပြည်သူ့အစိုးရ၊ ပြည်သူအတွက် မိမိတို့က တင်ပြနေခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် ကျန်နေခဲ့သည့်အတွက် မိမိတို့ ပြောခြင်း၊ နစ်နာသည့် သူများအတွက် တင်ပြနေခြင်းဖြစ်ကြောင်း၊ ၎င်းကို သတ်မှတ်ထားသည့် နှစ်နှစ်ဆိုသည့် Regulation ဖြင့် လာမတိုင်းသင့်ကြောင်း၊ လာတိုင်း ပါက နစ်နာသည့် ပြည်သူများသည် နှစ်နှစ်အတွင်းတွင် သေဖို့သာ ရှိကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စသည် ချွတ်ချော်မှုများအတွက် မိမိတို့သည် နှစ်နှစ်ဆိုသည်ကို မစောင့်နိုင်ကြောင်း၊ မစောင့်နိုင်သည့်အတွက် ၎င်းကို ပြန်လည်ပြီး စဉ်းစားပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ထပ်ဆင့်မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းကို ယခင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၏ တင်ပြချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ၎င်းသည် ယခင် အုပ်ချုပ်ရေးအဖွဲ့များ၏ အားနည်းချက်၊ ချွတ်ချော်ချက်များနှင့် ပတ်သက်ပြီး ရှိမည်ဆိုပါက ရှိနိုင်ကြောင်း၊ မရှိမည်ဆိုပါက မရှိနိုင်ကြောင်း၊ သို့သော် တင်ပြခဲ့သည့်အတိုင်း ပြည်သူ့အစိုးရ ယနေ့နိုင်ငံတော်တွင် ပြည်သူ့အစိုးရသည်သာ မိမိတို့ပြည်သူ အများအတွက် ဝေးလံခေါင်သီသည့် ဝန်ထမ်းများ အားလုံးအတွက် စဉ်းစားဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး သတ်မှတ်သည့် နှစ်နှစ်တာကာလ တစ်ကြိမ် ပြန်လည်စိစစ် ဆောင်ရွက်မည်ဆိုသည့် ကိစ္စသည် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၎င်းအပေါ်တွင် ၎င်းကို ချက်ချင်း ပြန်လုပ်ပေးမည့်အစား သက်ဆိုင်ရာ မိမိတို့ ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရနှင့် ယနေ့ နိုင်ငံတော်အနေဖြင့် အားလုံးသည် ပြည်သူ့အတွက်နှင့် နိုင်ငံဝန်ထမ်းများအတွက် အားလုံးကို ဝေးလံခေါင်သီဒေသများကို အထူးစဉ်းစားပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
