(ဂ)ရွှေကူမြို့နယ်တွင် လမ်းခင်းကျောက်များ ထုတ်လုပ်လျက်ရှိရာ နှစ်အလိုက် ကျောက်ထုတ်လုပ်မှု မည်မျှ ထုတ်လုပ်ထား သနည်းနှင့် ကျောက်လုပ်ငန်းရှင်များမှ တရားဝင် လျှောက်ထားသော ကျောက်ကျင်း အရေအတွက်နှင့် မြေပြင်တွင် အမှန်တကယ် ထုတ်လုပ်ခဲ့သော ကျောက်ကျင်း အရေအတွက်တို့ ကိုက်ညီမှု ရှိ/မရှိသိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်အနေဖြင့် ကွင်းဆင်းဆောင်ရွက်သည့် နေရာ၌ မြေပြင်တွင် ကျောက်ကျင်း အရေအတွက် ထုတ်လုပ်ထားသည်နှင့် လျှောက်ထားဆဲသည် များစွာ ကွာဟနေပါကြောင်း၊ အမှုတွဲကို သက်ဆိုင်ရာဌာနတွင် တောင်းကြည့်သည့် အချိန်တွင် လျှောက်ထားဆဲ လုပ်ငန်းရှင် ၁၁ ဦး ရှိပါကြောင်း၊ ၁၁ ဦးတွင် လျှောက်ထားဆဲဟု ဆိုပြီး ကျောက်ကျင်း အရေအတွက်ကို ကျင်း ၁၀၀ စီ လျှောက်ထားပါကြောင်း၊ တကယ်တမ်း မြေပြင်တွင် ထုတ်လုပ်သည်များကို ချဉ်းကပ်ပြီးမှ ပြန်လေ့လာသည့်အချိန်တွင် မိမိတို့ ရွှေကူမြို့နယ်၏ သာစည်၊ ညောင်ကုန်းတွင် ရှိသည့် ရေကာတာ လုပ်ငန်းကို မိမိတို့ သွားရောက်ပြီး ချဉ်းကပ်လေ့လာချိန်တွင် ကျောက်ကျင်းရေ ၉၀၀ ၎င်းတို့ ဝယ်ယူထားပါကြောင်း၊ ထို့ပြင် ကျေးလက်လမ်းကို ပြန်ပြီးမှ သွားရောက်လေ့လာသည့်အချိန်တွင် ကျင်းရေ ၈၀၀ ကျော်အထိ ဝယ်ယူထားသည်ကို တွေ့ပါကြောင်း၊ ၎င်းနှစ်ခုပေါင်းကို ကျင်းရေသည် ၁၇၀၀၀ ခန့် ရှိပါကြောင်း၊ ထို့ကြောင့် ၁၁ ဦး ပေါင်းပြီး တွက်ပါက ကျင်းရေ က ၁၁၀၀ သာ ရှိပါကြောင်း၊ ထို့ကြောင့် များစွာ ကွာဟနေသည်ကို တွေ့ရပါကြောင်း၊ ကျောက်ထုတ်လုပ်သည့် နေရာမှာလည်း အရည်အသွေးများ မပြည့်မီကြောင်းကို မိမိတို့ တွေ့ရကြောင်း၊ ကျောက်အရည်အသွေး မပြည့်သည့်အတွက် ဝယ်ယူသည့် တင်ဒါ လုပ်ငန်းရှင်များသည် ဈေးကို နှိမ်ပြီးမှ ဝယ်ကြောင်း၊ နှိမ်ပြီးမှဝယ်သည့်အတွက် တကယ်တမ်း ၎င်းကို အဓိက သုံးစွဲရသည်က မိမိတို့၏ ပြည်သူ့ဘဏ္ဍာငွေ ဖြစ်ကြောင်း၊ အဓိကက ပြည်သူ၏ အကျိုးကို ထိခိုက်စရာ ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်အရည်အသွေးကို ထည့်သွင်းပြီး ပြောကြားခြင်း ဖြစ်ပါကြောင်း၊ ကျောက်ထုတ်လုပ်သည့် နေရာတွင် လျှောက်ထားသည့်အချိန် အင်မတန် ကြန့်ကြာသည့်အတွက် များစွာ အဂတိတရားများ ဖြစ်ပေါ်စေပါကြောင်း၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မိမိတို့ အစိုးရလက်ထက်တွင် တရားဝင်ထုတ်လုပ်သည် ကျောက်ကို လျှောက်ထားသည့် လုပ်ငန်းရှင်များသည် တရားဝင် ဖြစ်သွားခြင်း မရှိ၊ လျှောက်ထားဆဲ ထိုကဲ့သို့ သွားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်က ရသင့်သလောက် မရဘဲ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုသာ ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် မိမိ၏ မေးခွန်းမေးရသည့် ရည်ရွယ်ချက်သည် တရားဝင် လုပ်ငန်းများ ဖြစ်ထွန်းစေပြီးမှ ကျောက်အရည်အသွေးများ ပြည့်မီရန် ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံခန့်ခွဲသည့် ဌာနမှ လုပ်ငန်းရှင်များအကြားတွင် အဂတိမ ဖြစ်ပေါ်စေရေး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာကို ပြည့်မီစွာ ရရှိပြီးမှ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ကျောက်များကို ထုတ်လုပ်သည့် နေရာနှင့် ဝယ်ယူသုံးစွဲသည့် တင်ဒါလုပ်ငန်းရှင်ကြားတွင် ပြန်လည်ပြီးမှ သုံးသပ်စိစစ် သင့်သည်ဆိုသည့်အကြောင်း အကြံပြုလိုပါကြောင်း၊ ဈေးနှုန်း ကွာဟမှုကြောင့် အဂတိတရားများ ဖြစ်ပေါ်စေပြီး လုပ်ငန်းတွင် အရည်အသွေးပိုင်းများ ထိခိုက်ခြင်းဖြစ်သည့်အတွက် အားလုံး မှန်မှန်ကန်ကန်ဖြင့် လည်ပတ်စီးဆင်းနိုင်သည့် အခြေအနေမျိုး ဖြစ်စေရန် ဆောင်ရွက်သင့်သည်ဆိုသည့်အကြောင်း အကြံပြုလိုပါကြောင်း၊ ပြီးခဲ့သည့်ပတ်တွင် ခရိုင် အုပ်ချုပ်ရေးမှူးက ကျောက်လုပ်ငန်းနှင့်ပတ်သက်ပြီး ကွင်းဆင်းမှုများ ရှိပါကြောင်း၊ ၎င်းကို ပွင့်လင်းမြင်သာမှု ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက် ဆောင်ရွက်သင့်သည်ဟု အကြံပြု ဆွေးနွေးလိုပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် လမ်းခင်း ကျောက်များ ထုတ်လုပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျောက်ထုတ်လုပ်မှု ပမာဏများအား ကျင်းအရေအတွက်အားဖြင့် မည်မျှ ထုတ်လုပ်ထားသနည်းနှင့် ကျောက်လုပ်ငန်းရှင် များမှ တရားဝင် ထုတ်လုပ်ရန် လျှောက်ထားသော ကျင်းအရေအတွက်နှင့် မြေပြင်တွင် အမှန်တကယ် ထုတ်လုပ်ခဲ့သော ကျင်းအရေအတွက် ကိုက်ညီမှု ရှိ/မရှိကို သိလိုကြောင်း မေးမြန်းပါသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်အက် ဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(က)၊ ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်းဥပဒေ ပုဒ်မ ၃၁ (၁)၊ (၂)နှင့် ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ(က)အရ တွင်းထွက် စက်မှုကုန်ကြမ်း အဆင့်နှင့် အလှဆင်ကျောက် အဆင့်မှာ ပါဝင်ခြင်း မရှိသည့် ဓာတ်သတ္တုပစ္စည်းများ ထုတ်လုပ်ခွင့် လိုင်စင်များကို ခွင့်ပြုချထားပေးလျက် ရှိကြောင်း၊ မြစ်သဲ၊ ကျောက် တူးဖော်လုပ်ကိုင်ခြင်းနှင့် ပတ်သက်ပြီး ခွင့်ပြုလိုင်စင်များ ထုတ်ပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး၊ မြစ်၊ ချောင်းများ၏ ရေလမ်းကြောင်း ထိခိုက်မှု မရှိစေရေး၊ ခွင့်ပြုသည့် ပမာဏထက် ကျော်လွန်ထုတ်လုပ်မှု မရှိစေရေးအတွက် ဆက်စပ်ဌာနများ၏ သဘောထား မှတ်ချက်၊ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ ရယူဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီသည့် လုပ်ငန်းများအား လိုင်စင် ထုတ်ပေးခြင်း မပြုရန်၊ တရားမဝင် ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်နှင့် မမှန်မကန် ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း လုပ်ထုံးလုပ်နည်း၊ ဝန်ထမ်းစည်းမျည်းနှင့် မညီသည်များကို တိုင်ကြားနိုင်ပါကြောင်း၊ မိမိတို့ ဌာနအပြင် အဂတိတိုက်ဖျက်ရေး ကော်မရှင် ကိုယ်တိုင် စိစစ်ပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြည့်စွက် တင်ပြလိုပါကြောင်း၊ မိမိတို့ အဆင့်ဆင့် ကြပ်မတ်ဆောင် ရွက်သွားရန်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကို ၂၁-၉-၂၀၁၈ ရက်စွဲပါစာဖြင့် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ အဆင့်ဆင့် ထပ်မံပြီး ညွှန်ကြားထားပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်များ၊ ဝန်ကြီးသွားသည့် ခရီးစဉ်များတွင် ဝန်ကြီးက ၎င်းကို ကြပ်မတ်ပြီး ဆောင်ရွက်ရန်နှင့် အဂတိတရား၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းစေရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် လိုင်စင် စည်းကမ်း လိုက်နာဆောင်ရွက်စေရေးနှင့် တရားမဝင် ထုတ်လုပ်မှုများ မရှိစေရေး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး အမြဲမပြတ် စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်းပြီး ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ကျောက်ထုတ်လုပ်မှု အခြေအနေအနေသည် ၂၀၁၅-၂၀၁၆ ခုနှစ် လျှောက်ထားမှု ကျင်း ၇၇၁ ကျင်း ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုကျင်းသည် ၇၇၁ ကျင်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ကျင်း ၈၀၀ လျှောက်ထားပြီး ၈၀၀ ကျင်း ထုတ်လုပ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် လျှောက်ထားမှု ၁၂၆၀ ကျင်း၊ ထုတ်လုပ်မှု ၁၂၆၀ ကျင်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၁၂၀၀ ကျင်း လျှောက်ထားပြီး ခွင့်ပြုသည့်၊ ထုတ်လုပ်သည့် ၁၂၀၀ ကျင်းဖြစ်ကြောင်း၊ ကျောက်ထုတ် လုပ်ငန်းရှင်များ တရားဝင် လျှောက်ထားသည့် ကျောက်ကျင်း အရေအတွက်နှင့် ထုတ်လုပ်မှု ကျောက်ကျင်း အရေအတွက်သည် ကိုက်ညီမှုရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဦးဇာနည်မင်း(ရွှေကူမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီး ဖြေကြားသွားချက်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ကျောက်ကျင်းအရေအတွက်သည် ၁၂၀၀ ဟု ဖြေသွားပြီး လျှောက်ထားချက်နှင့် ထုတ်လုပ်ချက်တို့သည် ကိုက်ညီသည်ဟု ဖြေသွားပါကြောင်း၊ မိမိ ကွင်းဆင်းပြီး လေ့လာသည့် အချိန်တွင် Asia Form ကုမ္ပဏီက သာစည်၊ ညောင်ကုန်း၌ ရေကာတာ တည်ဆောက်ပါကြောင်း၊ ၎င်းနေရာတွင် ကျောက်ကို တစ်ဦးတည်းထံမှ ကျင်း ၈၀၀ ယူပါကြောင်း၊ ထို့ပြင် သုံးပုံ ကျောက်ချောလမ်းတွင် လုပ်သည့် ကိုကိုမြင့်ကုမ္ပဏီသည် ကျင်းပေါင်းက ၇၇၉၂ ကျင်း ဖြစ်နေပါကြောင်း၊ မိမိသည့် ကျန်သည့် Asia CMI တို့ ရေကာတာ လုပ်ငန်းကို သွားရောက်ပြီး မလေ့လာမှု မပြုရသေးကြောင်း၊ ၎င်းနေရာကိုသာ ကြည့်မည်ဆိုပါက ကျင်းပေါင်းသည် အများကြီး ကွာဟနေပါကြောင်း၊ ၎င်းအတွက် ကွာဟနေသည့်အတွက် မိမိ အနေဖြင့် အရေးယူ ဆောင်ရွက်ရန် မဟုတ်ကြောင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာရရှိရန်ကို ပြန်လည်စိစစ်ပြီး လုပ်ငန်းရှင်များမှ ထိုက်သင့်သည့် အခွန်ကို ကောက်ခံသွားရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
လွှတ်တော် ကိုယ်စားလှယ်ကြီး တွေ့ရှိချက်များအပေါ်တွင် Asia Work ကုမ္ပဏီတို့ နောက်ကုမ္ပဏီတစ်ခုတို့မှ ယခုလို ဆောင်ရွက်နေသည်ကို မိမိတို့ တရားဝင် လျှောက်ထားသည့် အထဲတွင် ပါ/မပါ၊ တရားမဝင် ဟုတ်/မဟုတ်ကို အမြန်ဆုံး စိစစ်ပြီး အရေးယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
