​​​​​​​(ဃ)-ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာမှ ဖောင်တော်သီရွာ မကျေးရွာသို့ သွားသော ရွာလယ်မကြီးအား ကွန်ကရစ်လမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၂၇.၁.၂၀၂၀)

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍ တစ်ရပ် ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် မိမိတို့လူသားများအတွက် အကျိုးပြုလုပ်ငန်းများ များစွာ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး/ခရိုင် /မြို့နယ်/ရပ်ကွက် ကျေးရွာအုပ်စု/ကျေးရွာငယ်မှအစ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကောင်းမွန်ရန် အထူးလိုအပ်သည့်အတွက် ကြောင့် လက်ရှိ မိမိတို့ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် လမ်း၊ တံတားများကို ရေတို/ရေရှည် အထူးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ပြီး ဆောင်ရွက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည့်အချိန် ဖြစ်ပါကြောင်း၊

ဒိုက်ဦးမြို့၏ တောင်ဘက် ခုနစ်မိုင်ခန့် အကွာအဝေးတွင်ရှိပြီး ယခင်ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းလမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ ဖော်တော်သီ ကျေးရွာကြီးနှင့် တစ်မိုင်ခန့် ကွာဝေးပြီး အိမ်ခြေပေါင်း ၇၀၀ ကျော် အိမ်ထောင်စုပေါင်း ၇၃၀ ကျော်ရှိပါကြောင်း၊ လူဦးရေအားဖြင့် ၃၀၀၀ ကျော်နေထိုင်လျက်ရှိသော ကျေးရွာကြီး ဖြစ်ပါကြောင်း၊ ဖောင်တော်သီကျေးရွာ ကျေးရွာကြီးနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ကျေးရွာလည်း ဖြစ်ပါကြောင်း၊ မကြာခင်အချိန်ကာလတွင် ဖောင်တော်သီ ကျေးရွာကြီးသည်မြို့အဖြစ် အဆင့် မြှင့်တင်ရန် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ဖောင်တော်သီ ကျေးရွာကြီးသည် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းများခင်းထားပြီး ဖြစ်ပါ ကြောင်း၊ ကျန်ရှိနေသော တစ်စိတ်တစ်ပိုင်းခန့်သာကျန်သည့် ၎င်းရွာလယ်လမ်းမကြီးအား ထပ်မံ၍ ဆက်ခင်းမည်ဆိုပါက ၎င်းကျေးရွာရှိ ဒေသခံမဲဆန္ဒရှင် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး အစရှိသည့် လူမှုကိစ္စအဝဝနှင့် ဖွံ့ဖြိုးရေး ကိစ္စအဝဝကို အဆင်ပြေချောမွေ့လာမည် ဖြစ်ပါကြောင်း၊

မိမိမေးမြန်းသည့် လမ်းမကြီးသည် ယခင်ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် တည်ရှိပြီး ၎င်းလမ်းမကြီးတစ်လျှောက် ကျေးရွာများသည်လည်း လမ်းမကောင်းသောကြောင့် လူမှုဘဝများ နိမ့်ကျလျက် ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသည့်အတွက် ကုန်စည်စီးဆင်းမှု မကောင်းသည့်အပြင် ကုန်ထုတ်စွမ်းအားစုလည်းမရှိ ဖြစ်နေပါကြောင်း၊ ၎င်းလမ်းမကြီးကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်၍ ခင်းပေးမည်ဆိုပါက ဒေသဖွံ့ဖြိုးရေး ကိစ္စအဝဝနှင့် လူမှု ကိစ္စအဝဝ အဆင်ပြေချောမွေ့လာမည် ဖြစ်သည့်အတွက် ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာမှ ဖောင်တော်သီရွာ မကျေးရွာသို့ သွားသော ရွာလယ်မကြီးအား ကွန်ကရစ်လမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


 

 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဖောင်တော်သီရွာမသို့ ဆက်သွယ်သည့် ရွာလယ်လမ်းအရှည် ၁ မိုင် ၆ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး ၎င်းလမ်း၏ လက်ရှိအခြေအနေသည် မြေသားလမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(B) ဦးစားပေးအဆင့်(၂) လမ်းစာရင်းတွင် ပါဝင်ပြီး ကျေးရွာ နှစ်ရွာ၊ လူဦးရေ ၁၀၀၀၀ ခန့်ကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါသဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။