ကျေးလက်ဒေသရှိ ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ဆရာ/ဆရာမ အရေအတွက် ပြည့်မီကြောင်းနှင့် ကျောင်းသားနှင့် ဆရာအချိုးမျှတမှုမရှိကြောင်း၊ မြို့ပေါ်ကျောင်း များနှင့် နှိုင်းယှဉ်ကြည့်လျှင် များစွာ ကွာဟနေပါကြောင်း၊ အချို့ကျောင်းများတွင် ဆရာ/ဆရာမ ၁ ဦး၊ ၂ ဦးသာ ရှိနေသေးပါကြောင်း၊ စီမံခန့်ခွဲမှု ချို့ယွင်းအားနည်းချက်များကြောင့် ကျောင်းသားဦးရေများပြားပြီး ဆရာ/ဆရာမ လုံလောက်မှုမရှိခြင်း၊ အချို့ကျောင်းများတွင် ကျောင်းသားဦးရေ နည်းပါးသော်လည်း ဆရာ/ဆရာမဦးရေ သတ်မှတ်ချက်ထက် များပြားနေခြင်း၊ နှစ်စမှ ပြောင်းရွှေ့သွားသော ဆရာ/ဆရာမများနေရာတွင် စာသင်နှစ်ကုန်သည်အထိ အစားထိုးခန့်အပ်ပေးနိုင်ခြင်း မရှိခြင်းတို့ကြောင့် ကျေးလက်ဒေသရှိ ကျောင်းသား/ သူများ ပညာသင်ကြားရေး အခက်အခဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများ စီမံခန့်ခွဲထားမှု မညီမျှခြင်းများ၊ ပြောင်းရွှေ့သွားသော ဆရာ/ဆရာမများ အချိန်မီအစားထိုးပေးနိုင်ခြင်း မရှိသဖြင့် ကျေးလက်ဒေသရှိ ကျောင်းသား/သူများ ပညာသင်ကြားရေးအခက်အခဲများ၊ နစ်နာမှုများနှင့် စပ်လျဉ်းပြီး မည်သို့ စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဧရာတတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် အထက်တန်းပြဆရာ/ဆရာမ ခွဲဝေ ၁၇၈ ဦး၊ ခန့်ထား ၁၂၄ ဦး၊ လစ်လပ် ၅၄ ဦး၊ အလယ်တန်းပြဆရာ/ဆရာမ ခွဲဝေ ၈၃၆ ဦး၊ ခန့်ထား ၆၈၆ ဦး၊ လစ်လပ် ၁၅၀ ဦး၊ မူလတန်းပြဆရာ/ဆရာမ ခွဲဝေ ၁၆၅၄ ဦး၊ ခန့်ထား ၁၃၄၉ ဦး၊ လစ်လပ် ၃၀၅ ဦးရှိပါကြောင်း၊ အဆိုပါ လစ်လပ်နေရာများအတွက် နှစ်စဉ် မေလနှင့် အောက်တိုဘာလတို့တွင် တစ်နှစ်လျှင် ၂ ကြိမ် စိစစ် ဆောင် ရွက်ပေးရပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရန် နှစ်စဉ် ဒီဇင်ဘာလတွင် သက်ဆိုင်ရာ ရာထူးအလိုက် ရာထူးတိုး/အပြောင်း အရွှေ့ဆန္ဒပြုလျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ အကြောင်းကြားထားပြီး ဆန္ဒပြုလျှောက်လွှာများကို စုစည်း၍ လုပ်သက် များ/နည်းအလိုက် တန်းစီဇယား ပြုစုဆောင်ရွက်ပြီး ကာယကံရှင်၏ ဆန္ဒပြုမှု၊ လစ်လပ်မှု၊ ဘာသာရပ် ကိုက်ညီမှုများကို စိစစ်လျက် ရာထူးတိုးပေးခြင်း၊ ပြောင်းရွှေ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခြေခံပညာကျောင်းများရှိ အထက်တန်းပြဆရာ/ဆရာမ လစ်လပ်နေရာများတွင် B.Ed ဘွဲ့ရများအား အထက်တန်းပြအဖြစ် တိုက်ရိုက်ခန့်ထားခြင်း၊ B.Ed စာပေးစာယူတက်ရောက်ဆဲများအား အထက်တန်းပြ ယာယီခန့်ထားပြီး B.Ed ဘွဲ့ရပါက အမြဲတမ်းခန့်ထားခြင်း၊ Ph.D ဘွဲ့ ရများအား အထက်တန်းပြ ယာယီခန့်ထားပြီး B.Ed ဘွဲ့ရပါက အမြဲတမ်းခန့်ထားခြင်း၊ မဟာဘွဲ့ရများအား အလယ်တန်းပြလုပ်သက် ၆ လပြည့်ပါက အထက်တန်းပြ ယာယီခန့်ထားပြီး B.Ed ဘွဲ့ရရှိပါက အမြဲတမ်းခန့်ထားခြင်း၊ ဘာသာရပ်ကိုက်ညီသည့် အငြိမ်းစား အထက်တန်းပြဆရာ/ဆရာမများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆရာအတတ်ပညာသင်ယူပြီး ဌာနကင်းကွာ၍ အလုပ်မှ အနားယူသွားသည့် ဆရာ/ဆရာမများကိုလည်း စိစစ်ပြီး စာချုပ်ချုပ်ဆို၍ ခန့်ထားခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အလယ်တန်းပြဆရာဆရာမများ လစ်လပ်နေရာများတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်း (DTEd) ၂ နှစ် သင်တန်းဆင်းများအား အလယ်တန်းပြအဖြစ် ဘွဲ့တစ်ခုခုနှင့် မူလတန်းပြ ဆရာဖြစ်သင်တန်းဆင်းလက်မှတ် ရရှိပြီး မူလတန်းပြလုပ်သက် ၂ နှစ်ရှိသူများအား အလယ်တန်းပြသို့ တိုးမြှင့်ခန့်ထားခြင်းဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းပြဆရာ/ဆရာမ လစ်လပ်နေရာများတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းဆင်း (DTEd)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်တန်း (PPTT) သင်တန်းဆင်းများအားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ မူလတန်းဆရာဖြစ် သင်တန်းဆင်းများအားလည်းကောင်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆရာလိုအပ်နေသော ကျောင်းများအတွက် ဘွဲ့ရများအား နေ့စားလပေး မူလတန်းပြများအဖြစ် ခန့်ထားပေးခြင်းဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
