(က)ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧကရာချီနှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၃၀.၁.၂၀၂၀)

(က)ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို နောင်အခါကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧကရာချီနှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပေါင်မြို့နယ်အတွင်းတွင် စားကျက်မြေများကို ထပ်မံ ကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့် ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧက ရာချီနှစ်ရှည် လုပ်ပိုင်ခွင့်ပြုထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ စားကျက်မြေများကို ကျေးရွာနေ ပြည်သူများအတွက် ရေရှည် အကျိုးမျှော်ကိုးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျွဲနွားများ စားကျက်မြေ မပပျောက်စေရန်နှင့် တိုးပွားလာသည့် လူဦးရေအတွက်ကို ကျေးရွာတိုးချဲ့ရန် ချန်လှပ်ထားသင့်သည့်အတွက် မေးမြန်းခြင်း ဖြစ်ပါကြောင်း၊  ပေါင်မြို့နယ်အတွင်းတွင် စိုက်ပျိုး မွေးမြူရေးအတွက် မြေလွတ်၊ မြေရိုင်းများ မရှိပါကြောင်း၊ စားကျက်မြေများသာ ရှိပါကြောင်း၊ ကျေးရွာအုပ်စု ၂၃ အုပ်စုတွင် မူလစားကျက် မြေဧရိယာ ၅၅၄၈.၀၈ ဧကရှိသည့် အနက်မှ ဧရိယာ ၅၅၅.၁၈ ဧကကို ထုတ်နုတ်ထားပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် စားကျက်မြေဧက ၄၉၉၂.၈၈ ဧကအနက်မှ ယခုလက်ရှိ မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ်သူ အမည်ခံပြီး ဧက ၁၅၀ ကို ခွင့်ပြုပေးလိုက်ထားပါကြောင်း၊ နောက်ထပ် ကုမ္ပဏီတစ်ခုမှလည်း ဧက ၁၈၀ တောင်းခံထားသည်ကို ကြားသိရပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဧက ၃၈၀ ကို ယူထားပြီး မည်သည့်ကိုမျှ လုပ်ဆောင်ထားခြင်း မရှိပါကြောင်း၊

ကျွဲကော ဧက ၁၅၀ ခွင့်ပြုပေးထားသည့် လက်ပံတော ကျေးရွာရှိ စားကျက်မြေများသည် ခေတ်အဆက်ဆက် စိုက်ပျိုးထားသည့် တောင်သူများ ရှိပါကြောင်း၊ လယ်ယာမြေ တစ်ခုတည်းကို အားထားပြီး လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ဖြစ်ပါကြောင်း၊ အောက်ခြေက တောင်းပြီး ပြည်ထောင်စုအဆင့်က သိရှိခြင်း မရှိ ခွင့်ပြုနေမည်ဆိုပါက တကယ့်လက်ရှိ လုပ်ကိုင်နေသည့် လယ်သမားများသည် လယ်မဲ့ဘဝကို ရောက်ရှိမည် ဖြစ်ပါကြောင်း၊ လက်ရှိ အစိုးရသည် လယ်သိမ်းခံထားရသည့် လယ်သမားများကို လယ်ပြန်ရရှိအောင် ဆောင်ရွက်နေသည်ကို ပြည်သူအများ သိရှိပြီး ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် အောက်ခြေကျေးရွာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီများ၏ မရိုးမသား ဆောင်ရွက်နေသည်ဟု မြင်မိပါကြောင်း၊ လက်ပံတောရှိ စားကျက်မြေကို ကုမ္ပဏီမှ တောင်းခံသည့် အချိန်တွင် လက်ရှိလုပ်ကိုင်နေသည့် လယ်သမား ၆၀ ဦးက ရှေးနှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် လယ်သမားများ ဖြစ်ပါကြောင်း၊ ၎င်းကို ကျေးရွာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီမှ လယ်ယာလုပ်ကိုင်သူ မရှိဘူးဟု အစီရင်ခံစာကို တင်ပြပါကြောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီသည် အောက်ခြေတွင် စိစစ်ခြင်း မပြုဘဲ ပြည်နယ်ဝန်ကြီးချုပ်ထံကို မှားယွင်းသည့် အစီရင်ခံစာများကို တင်ပြခဲ့ကြောင်း၊ ဝန်ကြီးချုပ်နှင့် ပြည်နယ် ဆည်မြောင်း ဝန်ကြီးကလည်း ၎င်းအစီရင်ခံစာအတိုင်း မရှိဘူးဟု  ခွင့်ပြုပါသည်ဟု ပြောကြားထားခြင်း ရှိပါကြောင်း၊

စားကျက်မြေကို တစ်ဦးတစ်ယောက် ဧကရာကျော် လုပ်ကိုင်ခွင့်ပေးခြင်းသည် ယခုလက်ရှိ ကျေးရွာလယ်ယာ လုပ်ကိုင်နေသည့် တောင်သူများနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ လက်ပံတော ကျေးရွာတွင် နေသည့် တောင်သူလယ်သမားများ၏ တိုင်ကြားချက်အရ ကျွဲကောစိုက်ပျိုးသည့် ကုမ္ပဏီက မြေကွက်ဖော်လုပ်ဆောင်ရာတွင် လယ်သမားများ၏ ရေစီး ရေမြောင်းကို ပတ်ဆို့သည့်အတွက် ရေထွက်ပေါက်များ မရှိသည့်အတွက် ရေကြီးရေလျှံမှုကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ မြေသားတမံများ ဧကရာကျော် ကာရန်ထားသည့်အတွက် ကုန်ထုတ်လမ်းများ ပိတ်ဆို့သည့်အတွက် လယ်ယာထုတ်ကုန်တွင် သယ်ထုတ်ရန်အတွက် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ ဒေသခံ တောင်သူများနှင့် အဆင်မပြေမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရင်း များစွာရှိပါကြောင်း၊ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ကျေးရွာပြည်သူများသည် ကျေးရွာကို တိုးချဲ့ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပေါင်မြို့နယ်တွင် မြေလွတ်၊ မြေရိုင်း မရှိသည့်အတွက် စားကျက်မြေကို အားထားရမည် ဖြစ်သည့်အတွက် ရေရှည်အကျိုးကို မျှော်ကိုးပြီး ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို နောင်အခါကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧကရာချီနှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


 

 

ဖြေကြားသူ
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
အဖြေ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ အုပ်စုတွင် စားကျက်မြေ ဧရိယာ ၅၅၄၈.၀၃ ဧကရှိသည့်အနက်မှ ဧရိယာ ၅၅၅.၁၅ ဧကကို စားကျက်မြေအဖြစ်မှ ထုတ်နုတ်ခဲ့ပြီး စားကျက်မြေ ဧရိယာ ၄၉၉.၂၈၈ ဧက ကျန်ရှိပါကြောင်း၊ ၎င်းထုတ်နုတ်ပြီး စားကျက်မြေ ဧရိယာ ၅၅၅.၁၅ ဧကအနက် ဧရိယာ ၄၀၂.၅၀ ဧကမှာ ၂၀၁၁ ခုနှစ်မတိုင်မီက ထုတ်နုတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စားကျက်မြေ နုတ်ပယ်ခွင့် ရရှိထားသည့် ဧရိယာ ၃၆၅.၅ ဧကသည် ၂၀၀၀ ခုနှစ်တွင် ထုတ်နုတ်ခွင့် ရရှိပြီး ဖြစ်ပါကြောင်း၊ စိစစ်ချက်အရ ၎င်းအချိန် ဌာန၏ မူဝါဒများနှင့် ဒေသ အခြေအနေအရ စိုက်ပျိုးရေး ဆောင်ရွက်ရန် စားကျက်မြေကို ထုတ်နုတ်ခွင့် ရရှိခဲ့သော်လည်း မြေပြင်တွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ ဖြစ်သည့်အတွက် တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ပေါင်မြို့နယ်၊ လက်ပံတော ကျေးရွာအုပ်စုတွင် စားကျက်မြေ တည်ရှိမှုသည် ကွင်းအမှတ်(၉၅၁)တွင် စားကျက်မြေ ဧရိယာ ၅၅၂.၈၁ ဧကနှင့် ကွင်းအမှတ်(၉၃၉)မှာ စားကျက်မြေ ဧရိယာ ၁၂၁.၅၅ ဧက စုစုပေါင်း ဧရိယာ ၆၇၄.၃၆ ဧက ရှိပါကြောင်း၊ ကွင်းအမှတ်(၉၅၁)ရှိ စားကျက်မြေ ဧရိယာအားလုံးသည် မြေပြင် အနေအထားအရ မြေနိမ့်ပိုင်း ဖြစ်ပြီး နှစ်စဉ်မိုးရာသီ တစ်လျှောက်လုံးတွင် ရေအနက် ၅ ပေမှ ၁၀ ပေခန့်အထိ နစ်မြုပ်နေသည့် နေရာများဖြစ်သည့်အတွက် ကျွဲ၊ နွား စားကျက်မြေအဖြစ် အကျိုးပြုနိုင်ခြင်း မရှိသည့် ဧရိယာများဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊

၎င်းကွင်းအမှတ်(၉၅၁)ရှိ စားကျက်မြေ ဧရိယာအနက်မှ ဧက ၅၀ ခန့်သည် လက်ပံတော ကျေးရွာမှ တောင်သူအချို့က မိုးနှောင်းရေကျနောက်စိုက်စပါးများကို ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခဲ့ ကြသော်လည်း စပါးမအောင်မြင်၍ အရှုံးပေါ်သူများ ဖြစ်ခြင်းကြောင့် စိုက်ပျိုးကြသူများသည် နှစ်စဉ် စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း၊ တောင်သူအများစု ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်လေ့ရှိသည့် မြေနေရာတွင် ကွင်းအမှတ်(၉၃၉)ရှိ စားကျက်မြေဧရိယာ ၁၂၁.၅၅ ဧကပေါ်တွင် ဖြစ်ပြီး မြန်မာနိုင်ငံ ကျွဲကော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ထုတ်နုတ်ခွင့် ရရှိထားသည့် မြေပေါ်တွင် စိုက်ပျိုးခြင်း မဟုတ်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါ ရေနက်ကွင်း စားကျက်မြေကို မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ နိုင်ငံခြားမျိုး ကျွဲကောများ စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်ရန်အတွက် စားကျက်မြေ ထုတ်နုတ်ခွင့် ရရှိရေး လျှောက်ထားခဲ့မှုအား လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲဖွင့်လှစ်၍ မွန်ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အတူ အဆင့်ဆင့် တင်ပြခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် စားကျက် ပယ်ဖျက်မြေ ၁၈၀ ဧကနှင့်စပ်လျဉ်းပြီး စိစစ်ချက်အရ မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တင်ပြလာမှုအပေါ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၈-၁၁-၂၀၁၈ ရက်စွဲပါ ခွင့်ပြုချက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးချုပ်၏ ၃၀-၁၁-၂၀၁၈ ရက်စွဲပါ ခွင့်ပြုချက်များဖြင့် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၃-၁-၂၀၁၉ ရက်စွဲဖြင့် စားကျက်မြေအဖြစ်မှ ထုတ်နုတ် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထုတ်နုတ်ခွင့်ပြုခဲ့သည့် ဧရိယာတွင် ၁၈၀၀ ဧက မဟုတ်ကြောင်းနှင့် ကွင်းအမှတ်(၉၅၁)ရှိ မူလစားကျက်မြေ ဧရိယာသည် ၅၅၂.၈၁ ဧကအနက်မှ ၁၅၀ ဧကသာဖြစ်ကြောင်း၊

စားကျက်မြေ ထုတ်နုတ်ခွင့် ရရှိထားသည့် မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့် မြေပြင်တွင် လုပ်ငန်းအကောင်အထည်‌ဖော် ဆောင်ရွက်နေခြင်း၊ ရင်းနှီး မြှုပ်နှံမှုငွေ ပမာဏ များပြားခြင်း၊ စီမံကိန်း အောင်မြင်ပါက ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း တို့ကြောင့်လည်းကောင်း၊ ထုတ်နုတ်ခွင့်ပြုခဲ့သည့် ဧရိယာတွင် ရေနက်ကွင်းဖြစ်၍ ကျွဲ၊ နွား စားကျက်အဖြစ် အသုံးပြုနိုင်မှု မရှိခြင်းကြောင့်လည်းကောင်း၊ စားကျက်မြေ အဖြစ်မှ ထုတ်နုတ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထုတ်နုတ် ခွင့်ပြုထားသည့် ဧရိယာ ၁၅၀ ဧကတွင် စားကျက်ကွင်း၏ ရေအများဆုံး နစ်မြုပ်သည့် ဧရိယာဖြစ်၍ စပါးစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသည့် နေရာ မဟုတ်သဖြင့် ဒေသခံတောင်သူများကို အကျိုးပြုနိုင်သည့် နေရာ မဟုတ်သည့်အပြင် လက်ပံတော ကျေးရွာအုပ်စု၌ လက်ရှိအချိန်တွင် နွားကောင်ရေ ၂၀၀ ကျော်သာရှိ၍ လက်ကျန် စားကျက်မြေသည် လက်ရှိနွားကောင်ရေအရ အခက်အခဲ မရှိနိုင်ကြောင်းကို မွန်ပြည်နယ် အစိုးရအဖွဲ့က ထောက်ခံတင်ပြ ထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

စားကျက်မြေအဖြစ်မှ ထုတ်နုတ်ပြီး ထုတ်နုတ် ခွင့်ပြုထားသည့် အမိန့်ကို ပြန်လည် ရုပ်သိမ်းမည်ဆိုပါက တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် စားကျက် မြေအဖြစ်မှ ထုတ်နုတ်ခွင့်ပြု ထားပြီးဖြစ်သည့် ရေနံများနှင့်ပတ်သက်ပြီး မလိုလားအပ်သည့် ရှုပ်ထွေးမှုများ၊ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ခွင့်ပြုခြင်းဖြစ်သည့် စားကျက်မြေ ထုတ်နုတ်ခွင့်ဆိုင်ရာ အမိန့်ကို ပြန်လည်ရုပ်သိမ်းရန် သင့်လျော်မှု မရှိပါသည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ တင်ပြသည့် စားကျက် ပယ်ဖျက်မြေ ၁၈၀ ဧက၊ အမှန်တကယ် ထုတ်နုတ်ခွင့်ပြုမြေ  ၁၅၀ ဧကကို လက်တွေ့တွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် စားကျက်မြေ ပယ်ဖျက်ခွင့် ရုပ်သိမ်းရန် လက်ရှိတွင် အစီအစဉ် မရှိသော်လည်း သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့် စီမံကိန်းများ ဆောင်ရွက်လိုသည့် အချိန်တွင် တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ရုပ်သိမ်းနိုင်ကြောင်းကို စိစစ်တွေ့ရှိ တင်ပြအပ်ပါကြောင်း၊

ယခုအခါ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ တင်ပြချက်၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တိုက်တွန်းချက်၊ သဘောတူညီချက်နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်များဖြင့် စားကျက် မြေဧရိယာများတွင် နှစ်ကာလကြာမြင့်စွာ အတည်တကျ နေထိုင်နေသည့် ပြည်သူများ၏ အိမ်ခြံ မြေနေရာများကို စားကျက်မြေအဖြစ်မှ ထုတ်နုတ် ပယ်ဖျက်ခွင့် ရရှိရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထား ဆောင်ရွက်စေလျက် ရှိရာတွင် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ အိမ်ခြေ ၆၇ လုံး တည်ရှိမှုအတွက် စားကျက်မြေဧရိယာ ၆.၆၂ ဧကကိုလည်းကောင်း၊ မိုးနိုင်းရပ်ကွက်တွင် အိမ်ခြေ ၂၃၃ လုံး တည်ရှိမှုအတွက် စားကျက်မြေ ဧရိယာ ၂၈.၈၈ ဧကကိုလည်းကောင်း၊ ဥတ္တံတား ကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၈၆ လုံး တည်ရှိမှုအတွက် စားကျက်မြေ ဧရိယာ ၃၄.၈၁ ဧကကိုလည်းကောင်း၊ ပန်းကုန်း ကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၇၀ လုံး တည်ရှိမှုအတွက် စားကျက်မြေ ဧရိယာ ၂၉.၈၉ ဧကကို လည်းကောင်း၊ သဲဖြူကုန်း ကျေးရွာအုပ်စုတွင် မြေပြိုကျမှု သဘာဝဘေး ဖြစ်စဉ်ကြောင့် နေအိမ်နှင့် အသက် ဆုံးရှုံးခဲ့ရသူများအတွက် မြေနေရာ အစားထိုး ချထားပေးရန်နှင့် စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် အတွက် စားကျက်မြေ ဧရိယာ ၃၀.၅၁ ဧကကိုလည်းကောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စားကျက်မြေအဖြစ်မှ ထုတ်နုတ်၍ ကျေးရွာမြေနှင့် စိုက်ပျိုးမြေအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယခုအခါ လက်ကျန် စားကျက်မြေ ဧရိယာအားလုံးကို အများပြည်သူ အကျိုးစီးပွားအတွက် နိုင်ငံတော်၏ လိုအပ်ချက် ရှိသည်မှအပ အများပြည်သူနှင့် မသက်ဆိုင်သည့် လုပ်ငန်းများအတွက် စားကျက်မြေအဖြစ်မှ ထုတ်နုတ်ခွင့် မပြုပါကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် စားကျက်မြေများအား အများပြည်သူ အကျိုးစီးပွားအတွက် နိုင်ငံတော်၏ လိုအပ်ချက်ရှိမှသာ ပယ်ဖျက်ပေးလျက်ရှိပြီး တစ်ဦးတစ်ယောက် အကျိုးစီးပွား၊ ကော်မတီ အကျိုးစီးပွားအတွက် လျှောက်ထားမှုများအပေါ် ထပ်မံခွင့်ပြုပေးခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဒေါ်မိကွန်ချမ်း (ပေါင် မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီးဖြေကြားချက်တွင် ယခုကိစ္စကို ခွင့်ပြုရန်အတွက် အချို့ ဆက်ပြီး ခွင့်မပြုဟု ပြောထားသည်ကို ကြားမိပါကြောင်း၊ သို့သော် လက်ပံတောတွင် နောက်ထပ် ဧက ၁၈၀ ကို တောင်းခံထားသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ခွင့်ပြုချက် မရှိဘဲ ယခုအချိန်တွင် မြေများကို တူးဆွပြီး မြေကွက်များ ဖော်ပြီး လုပ်ဆောင်နေခြင်းများကို ကျေးရွာများက တိုင်ကြားထားခြင်း ရှိပါကြောင်း၊ ပေါင်မြို့နယ်ရှိ ကျေးရွာတိုင်း ကျေးရွာတိုင်းသည် စားကျက်မြေပေါ်တွင် အခုအကွက်ချပြီး အိမ်ကွက်များဖော်ပြီး လုပ်ဆောင်နေသည့် အပေါ်တွင် မည်သို့ဆက်ပြီး အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်မိကွန်ချမ်း၏ ဆက်စပ်မေးခွန်းအပေါ်တွင် မိမိတို့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းက ခွင့်ပြုချက် မရဘဲ တူးဆွလုပ်ကိုင်နေမှု မှန်ကန်ခဲ့ပါက လိုအပ်သည့် တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ ၎င်းအပေါ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အနေဖြင့် မသိရှိသေးသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးမေးခွန်းကို မိမိတို့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို ထပ်မံစိစစ်ပြီးမှ တရားမဝင် လုပ်ကိုင်နေပါက ခုချိန်ထိ စိစစ်ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးယူ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး တင်ပြချက် ပါအတိုင်း ၎င်းစားကျက်မြေများကို အများပြည်သူ အကျိုးငှာသာ ပယ်ဖျက်ပေးလျက် ရှိပါကြောင်း၊ ပုဂ္ဂလိက တစ်ယောက်အတွက် ဖြစ်ပေါ်လာပါက တိုင်ကြားလာသည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဝန်ထမ်းများကို အရေးယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။