(ဂ)-ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄)ရပ်ကွက်များအား မြို့ကွက် အဆင့်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာချထား ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ မည်သည့် အချိန်တွင် မူဝါဒဆိုင်ရာအတည်ပြုချက်များရယူခြင်းကိစ္စ ဆောင်ရွက်မည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄) သုံးရပ်ကွက်နှင့်စပ်လျဉ်းပြီး ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မည်သည့်အချိန်တွင်စတင်မည်၊ မည်မျှ အချိန်ကြာမြင့်မည်နှင့် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ ပါကြောင်း၊ သို့သော် အဆိုပါရပ်ကွက်နှင့်စပ်လျဉ်းပြီး ထပ်မံသိရှိလိုသည့်အတွက် ဒုတိယအကြိမ် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အဆိုပါရပ်ကွက်သုံးခုရှိ သိမ်းဆည်းမြေများသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (လ/န ၃၉)ရရှိပြီး မြေဧရိယာအတွင်းတွင်ပါဝင်ကြောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် မြို့ကွက်သစ်ပုံစံအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ အနာဂတ်မြို့ပြဖွံ့ဖြိုးမှုအပေါ်မူတည်၍ Master Plan ရေးဆွဲကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊
မြို့ကွက်သစ်ဖော်ဆောင်ပေးရန်အလိုရှိကြသော မဲဆန္ဒရှင်များ၏ လျှောက်ထားမှုနှင့်ပတ်သက်ပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုဝန်ကြီးကိုယ်စား ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ညှိနှိုင်းအကြောင်းကြား ထားခဲ့ကြောင်း သိရှိနိုင်ပါကြောင်း၊
ထပ်မံဖော်ပြရမည်ဆိုပါက ဒလမြို့နယ်တွင် စက်မှုဖွံ့ဖြိုးနယ်မြေတည်ထောင်နိုင်မည့်နေရာကို မြေပြင်တိုင်းတာစိစစ်ခဲ့ရာတွင် မြေဧရိယာ ၄၃၈.၀၀၅ ဧကအသုံးပြုနိုင်ကြောင်းနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၃-၁၂-၂၀၁၈ နေ့စွဲပါ စာဖြင့် စိစစ်တင်ပြထားခဲ့ပါကြောင်း၊ အဆိုပါအသုံးပြုနိုင်သောမြေဧရိယာပေါ်တွင် ရပ်ကွက်သုံးရပ်ကွက်ရှိ ပြည်သူများအတွက်ထည့်သွင်း၍ မြို့အကွက်အဆင့်မြှင့်တင်နိုင်ရေးအတွက် မြေနေရာ လုံလောက် စွာရှိနေသည်မှာ အသေအချာဖြစ်ပါကြောင်း၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြသောစာအရ အဆိုပါ သုံးရပ်ကွက်တွင် အိမ်ထောင်စု ၃၅၆၀၊ လူဦးရေ ၁၃၅၄၉ ဦးနေထိုင်လျက်ရှိကြောင်းတွေ့ရှိရပါကြောင်း၊ ဒလ မြို့နယ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိသည့်အတွက် ကျန်ဒလ မြို့နယ်ပြည်သူလူထုက ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့၏ ရေနှင့်သန့်ရှင်းရေး၊ လမ်း၊ တံတား၊ ပန်းခြံ ရေစီးရေလာကောင်းမွန်ရေးစသည့်ကိစ္စများတွင် အခွင့်အရေးများရရှိနေသော်လည်း အဆိုပါ သုံးရပ်ကွက်နေပြည်သူများက တစ်မြို့တည်းတွင်နေပြီး လူနေမှုအဆင့်အတန်းနိမ့်ကျနေ သည့်အပြင် မြင်သာမြင်ရ၊ မကြင်ရသည့်ဘဝရောက်ရှိနေသည့်အတွက် မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ၁၉၉၆ ခုနှစ်ကစပြီး မြို့တော်စည်ပင်သို့လွှဲပြောင်းသည့်ဧရိယာတွင် မေးခွန်းပါ သုံးရပ်ကွက်က အထဲတွင်မပါဘဲ အပြင်ရောက်နေသည့်အတွက် စည်ပင်သာယာရေးနှင့် မဆိုင်သလို ဖြစ်နေခြင်းဖြစ်ပါကြောင်း၊ ၁၀-၄-၂၀၁၉ ရက်နေ့က မေးခွန်းပါကိစ္စအတွက် ဒလမြို့နယ်ဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ်များ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ အစည်းအဝေးလုပ်ခဲ့ပြီး ရပ်ကွက်များအတွင်း ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ မြို့ကွက်ချထားပေးနိုင်မည့်နေရာကို ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ပါကြောင်း၊
ပြည်သူ့အခွင့်အရေးဆုံးရှုံးမှုများကိုကုစားနိုင်ရန်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးက ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ မြို့ကွက်အဆင့်မြှင့်တင်ရန် Plan ရေးဆွဲရန်နှင့် ပြန်လည်နေရာချထားရေးအတွက် တင်ပြခဲ့သော်လည်း မေးခွန်းကိုလွှတ်တော်သို့ တင်သည့်အချိန်ထိ မူဝါဒဆိုင်ရာအတည်ပြုချက်မရရှိသေးသည်ကို တွေ့ရသည့်အပြင် ဒလမြို့သစ် စီမံကိန်းကိုလည်း အကောင်အထည်ဖော်တော့မည်ဖြစ်သည့်အတွက် မြို့သစ်ပေါ်လာမည်ဆိုပါက မြို့ဟောင်းနေ အဆိုပါပြည်သူများ အခွင့်အရေးမဆုံးရှုံးစေရန်နှင့် လူမှုဒုက္ခပေါင်းကင်းဝေးစေရန် ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄)ရပ်ကွက်များအား မြို့ကွက် အဆင့်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာချထား ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ မည်သည့် အချိန်တွင် မူဝါဒဆိုင်ရာအတည်ပြုချက်များရယူခြင်းကိစ္စ ဆောင်ရွက်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄) ရပ်ကွက်တို့တွင် အိမ်ခြေ ၃၄၆၈ အိမ်၊ အိမ်ထောင်စုပေါင်း ၃၆၂၉ စုရှိပြီး ဧရိယာ အကျယ်အဝန်း ၁၆၈.၇၄၉ ဧကရှိပါကြောင်း၊ ဒလမြို့နယ်အား ၁၉၉၀-၁၉၉၁ ခုနှစ်တွင် မြို့ကွက်သစ် ဖော်ထုတ် ရေးစီမံချက်အရ မြို့ကွက်ပုံစံ (Town Plan) ရေးဆွဲခဲ့ပြီး မြေပြင်အနေအထားအရ အကောင်အထည် ဖော်နိုင်သည့်ဧရိယာများဖြစ်သော မြေတိုင်းရပ်ကွက်ကိုးခုကို မြို့ကွက်သစ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊
၎င်းမြေတိုင်းရပ်ကွက်များ၏ မြေစီမံခန့်ခွဲမှုများကို ၁၉၉၆ ခုနှစ်၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ် တို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့သော်လည်း ဒလမြို့နယ်တွင် အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်နှင့် (၁၁/၁၄)ရပ်ကွက်တို့အား မြို့ကွက်သစ်ပုံစံ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု မရှိခဲ့ပါကြောင်း၊ အဆိုပါ ရပ်ကွက်သုံးခု၏ နေထိုင်မှုအခြေအနေမှာ နိမ့်ကျလျက်ရှိသဖြင့် မြို့ကွက်အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ မြို့ ကွက် အဆင့်မြှင့်တင်ရေးဆောင်ရွက်ချိန်တွင် အိမ်ရာများစနစ်တကျဖြစ်ပေါ်လာစေရန် လက်ရှိ ရပ်ကွက်အတွင်း ဆက်စပ်လမ်းများဖောက်လုပ်ရန်၊ လူမှုစီးပွားဆိုင်ရာလိုအပ်ချက်များနှင့် အခြေခံ အဆောက်အဦများဖြစ်သည့် ရေ၊ မီးရရှိရေးတို့အတွက် မြေနေရာများလျာထားရန် လိုအပ်မည် ဖြစ်ပါသဖြင့် လက်ရှိမြေဧရိယာ ၁၆၈ ဧကသာမက ရပ်ကွက်သုံးခုနှင့် အနီးဆုံးနေရာများမှာ မြို့ကွက်အဆင့်မြှင့်တင်ရေးစီမံကိန်းပုံစံ (Upgrading Plan) ကို စနစ်တကျရေးဆွဲရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄) ရပ်ကွက်တို့အား မြို့ကွက် အဆင့်မြှင့်တင်အကောင်အထည်ဖော်ဆောင်ရန် ရပ်ကွက်သုံးခု၏ မြေပြင်အခြေအနေစာရင်းအချက် အလက်များကောက်ယူခြင်း၊ မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်းပုံစံရေးဆွဲခြင်း၊ ရပ်ကွက် သုံးခု နေထိုင်သူများအား Upgrading Plan ရေးဆွဲထားမှုအခြေအနေအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဦးစီးကော်မတီနှင့် ဆက်စပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစဉ်များအတိုင်းစီမံဆောင်ရွက်သွားရန် ၂၀-၁၁-၂၀၁၉ ရက်နေ့တွင်ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄၇/၂၀၁၉)ဆုံးဖြတ်ချက်အရ မူအားဖြင့် သဘောတူထားပြီးဖြစ်ပါကြောင်း၊
ဦးစီးကော်မတီ၊ စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့နှင့် မြို့ကွက်အဆင့်မြှင့်တင်ရေးစီမံကိန်း ပုံစံရေးဆွဲရေးလုပ်ငန်းအဖွဲ့များဦးစွာဖွဲ့စည်းပြီး မြေပြင်အခြေအနေ၊ အိမ်ထောင်စု၊ အိမ်ခြေစသော အချက်အလက်များကောက်ယူခြင်းလုပ်ငန်းနှင့် မြို့ကွက်အဆင့်မြှင့်တင်ရေးစီမံကိန်းပုံစံရေးဆွဲခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက် ရာတွင် Land Readjustment နည်းလမ်းဖြင့် ဆောင်ရွက်ရာတွင် လမ်းနှင့်မလွတ်ကင်းသော အိမ်ခြေများကို ရွှေ့ပြောင်း၍ နေရာအစားပေးခြင်း၊ ရွှေ့ပြောင်းရန်မလိုသည့်အိမ်ခြေများကို မူလ နေရာတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် စနစ်တကျအကွက်ချပုံစံရေးဆွဲ၍ Community Land အနေဖြင့်ဖြစ်စေ၊ ပိုင်ဆိုင်မှုပေးသော ဂရန်အမည်ပေါက်ဖြင့်ဖြစ်စေ ပြန်လည် ပေးအပ်ခြင်း၊ အခြားနည်းလမ်းတစ်ခုမှာ အချို့သောနေအိမ်များအား တဲပေါ်မှ တိုက်ပေါ်သို့တင်ခြင်း ကဲ့သို့သောနည်းလမ်းများဖြင့် ဆောင်ရွက်ရန်လျာထားလျက်ရှိပါကြောင်း၊
ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ Land and Housing Cooperation (LH) တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ဒလမြို့သစ်စီမံကိန်း၏ Comprehensive Master Plan ကို မြေအသုံးချမှု၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် ရပ်ကွက်သုံးခုအတွက် အဆင့်မြှင့်တင်ရေး Upgrading အစီအစဉ်များပါဝင်သော Integrated Development ပုံစံဖြစ်စေရန် ရေးဆွဲဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊
ဒလမြို့သစ် Master Plan မှာ အံ့ကြီးအနောက် ရပ်ကွက်၊ (၆)ရပ်ကွက်နှင့် (၁၁/၁၄)ရပ်ကွက်တို့၏ မြို့ကွက်အဆင့်မြှင့်တင်ရေးပုံစံများနှင့် ချိတ်ဆက်ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး၊ ပြန်လည် နေရာချထားရေးစသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအပါအဝင် Stakeholder အားလုံးပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
