(စ)-တောင်ကုတ်မြို့နယ်အတွင်းရှိ နတ်မော်-ကုလားရောင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မင်းလမ်း ချောင်းတံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ပေး ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၂၇.၁.၂၀၂၀)

နတ်မော်ကျေးရွာအုပ်စုမှ ကုလားရောင်ကျေးရွာအုပ်စုအထိ ကျေးရွာချင်းဆက်လမ်းသည် ၁၁ မိုင်ရှိပြီး ၎င်းလမ်းပေါ်ရှိ ကျေးရွာအုပ်စု လေးစု၊ ကျေးရွာပေါင်း ခြောက်ရွာရှိပြီး လူဦးရေ ၆၆၀၀ ကျော် နေထိုင်လျက် ရှိပါကြောင်း၊ ၎င်းလမ်းမကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိဆက်တိုက် ဘတ်ဂျက်များ ထည့်သွင်းပြီး ဖောက်လုပ်လျက် ရှိနေပါကြောင်း၊ သို့သော် ယခု ဖောက်လုပ်လျက်ရှိသည့် လမ်းပိုင်း နှစ်ခုကြားတွင် ပေ ၃၀၀ ကျော်ခန့်ရှိသည့် ချောင်းကူးတံတား တစ်စင်း လိုအပ်လျက် ရှိနေပါကြောင်း၊ လမ်းပိုင်းအားလုံးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အတည်ပြုပြီး ဖြစ်သော်လည်း လမ်းပိုင်း နှစ်ခုကြားတွင် အဓိကဆက်သွယ်ထားသည့် မင်းလမ်းချောင်းတံတား တည်ဆောက်ရန်အပိုင်းသာ ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးအား တံတားအပါအဝင်အားလုံး ဖောက်လုပ်ပြီးစီး မည်ဆိုပါက ရရှိမည့်အကျိုးကျေးဇူးသည် များစွာရှိပါကြောင်း၊ ၎င်းလမ်းမကြီး တစ်လျှောက်လုံးတွင် ရှိသည့် ရွာအားလုံးသည် တောင်ကုတ်မြို့၏ ရေထွက်ပစ္စည်းအများဆုံးထွက်သည့်ရွာများ ဖြစ်သည့် အတွက်  ပြည်သူများ၏ စီးပွားရေးအတွက် များစွာအဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း၊

လမ်းပိုင်းအားလုံးအပြင် တံတားကြီးပါတည်ဆောက်ပေးမည်ဆိုပါက ၎င်းလမ်းမကြီးတွင် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ လမ်းရှိပြီး တံတားမရှိပါက ၎င်းလမ်းကို ဖောက်လုပ် ခြင်းသည် ထူးခြားလာမည် မဟုတ်ပါကြောင်း၊ ရေလမ်းတစ်ခုတည်းကသာ ပုံမှန်အတိုင်း သွားကြရမည် ဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီး တစ်ခုလုံးကို ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်သွားမည်ဆိုပါက ဖော်ပြခဲ့သည့် ကျေးရွာအုပ်စု လေးအုပ်စုအပြင် ကုလားရောင်ကျေးရွာအုပ်စု၏ မြစ်တစ်ဖက်ကမ်းတွင် ရှိသည့် ပုတင်းကျွန်း အရှေ့ဘက်အုပ်စုနှင့် ငမောက်ချောင်း ကျေးရွာအုပ်စု နှစ်ခု၊ ကျေးရွာပေါင်း ၁၈ ရွာ၊ လူဦးရေ ၁၀၀၀၀ ကျော်ကိုပါ ထပ်မံပြီး အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဒီရေအတက်အကျကို စောင့်ပြီး‌ နာရီပေါင်းများစွာကြာမြင့်သည့်အချိန်ကို ကားလမ်းဖြင့် နာရီဝက်ခန့်သာ ကြာမြင့်ပြီး တောင်ကုတ်မြို့ကို မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နတ်မော်-ကုလားရောင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ရှိသည့် ၎င်းတံတားကြီးသည် မဖြစ်မနေ တည်ဆောက် ပေးရမည့် တံတားတစ်စင်းသာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နတ်မော်-ကုလားရောင် ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ တည်ဆောက်ပေးရန် လိုအပ်လျက်ရှိသည့် တံတားကြီးအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ နတ်မော်-ကုလားရောင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မင်း လမ်းချောင်းကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံ ခန့်ခွဲသည့်လမ်းပေါ်တွင် တည်ရှိသောတံတား ဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(B)၊ ဦးစားပေးအဆင့်(၁) လမ်းစာရင်းတွင်ပါဝင်သည့် လမ်းပေါ်တွင်ရှိ သောတံတားဖြစ်ပြီး ကျေးရွာခြောက်ရွာ၊ အိမ်ခြေပေါင်း ၁၁၆၀ ခန့်၊ လူဦးရေ ၅၈၀၀ ခန့်အား အကျိုးပြုသော တံတားဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။