မိမိတို့ မင်းကင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူး၊ စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီး နှစ်အလိုက် ကျောင်းအဆင့်တိုးခြင်းများ၊ အန္တရာယ်ရှိကျောင်းဆောင်၊ ဥပဓိရုပ်ကျောင်းဆောင်၊ အသစ်တိုးချဲ့ကျောင်းဆောင်နှင့် ပြင်/ထိန်းဟူ၍ ခွဲခြားကာ တန်းစီဇယားများကို ရေးဆွဲပါကြောင်း၊ မိမိကိုယ်တိုင် လည်း ပါဝင်ရေးဆွဲရသည့်အတွက် ပြည်သူများ တင်ပြတောင်းခံလာသည်များကို မြို့နယ်ပညာရေးမှူးနှင့် တိုင်ပင်နှီးနှောပြီး အချိန်ပေးပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွက် ကျောင်းအဆင့်တိုးခြင်းများကို လွှတ်တော်တွင် ပေးထားသည့်အတိုင်း မဖြစ်ခြင်းများနှင့် တန်းစီ ဇယားအတိုင်း ဖြစ်မလာခြင်းများသည် ဆိုးရွားလှပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်တာဝန်ရှိသူများသည် တန်းစီဇယားတင်ပြထားခြင်းကို ပညာရေးဝန်ကြီးဌာနမှ သိရှိခြင်းရှိ/မရှိ၊ လွှတ်တော်ကိုယ်စား လှယ်များ မေးခွန်းမေးမြန်းမည်ဆိုပါက တိုင်းဒေသကြီးအစိုးရ၏ သဘောထားမှတ်ချက်များကို ကြိုတင်ပြီး တောင်းခံခဲ့ရန် လို/မလို၊ တန်းစီဇယားတွင် ထိပ်ပိုင်း၌ ပါရှိပြီး ဒေသအခက်အခဲနှင့် သက်တမ်းကြာမြင့်နေပြီဖြစ်သောကြောင့် ထုံးကြီးကျေးရွာ အ.လ.က(ခွဲ)မှ အ.လ.က သို့ အဆင့်တိုးခြင်း၊ မောက္ကတော်နှင့် ကံကျေးရွာ အ.လ.က မှ အ.ထ.က(ခွဲ)သို့ အဆင့်တိုးခြင်း၊ မယ်မဲ့ကျေးရွာ အ.ထ.က(ခွဲ)မှ အ.ထ.က သို့ အဆင့်တိုးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြို့နယ်တာဝန်ရှိသူများအား တန်းစီဇယားတင်ပြရန် လမ်းညွှန်မှုကို ပြည်ထောင်စုအဆင့်မှ သိရှိခြင်းရှိ/မရှိနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်မှ သိရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင် ရွက်စေခြင်းဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းတင်ပြလာပါက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထား တောင်းခံရန် လို/မလိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းတင်ပြပါက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားတောင်းခံရန် မလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်သာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် တောင်းခံခြင်းသာ ဖြစ်ပါကြောင်း။
တန်းစီဇယားတွင် ပါရှိသော ကျောင်းအဆင့်တိုးခြင်းနှင့်စပ်လျဉ်း၍ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် အလယ်တန်းအဆင့်သင်ကျောင်းသား ၂၄၀ ဦးနှင့်အထက် ရှိရမည် ဖြစ်ပါ၍ မင်းကင်းမြို့နယ်၊ ထုံးကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တွင် ပဉ္စမတန်း ၄၄ ဦး၊ ဆဋ္ဌမတန်း ၄၉ ဦး၊ သတ္တမတန်း ၄၇ ဦး၊ အဋ္ဌမတန်း ၃၆ ဦး စုစုပေါင်း အလယ်တန်းအဆင့်သင်ကျောင်းသား ၁၇၆ ဦးသာ ရှိသောကြောင့် သတ်မှတ်မူဘောင်နှင့် မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ပေးနိုင်ခြင်း မရှိပါကြောင်း၊ မောက္ကတော် အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် အထက်တန်းအဆင့်သင်ကျောင်းသား ၂၀၀ ဦးနှင့်အထက်တွင် ရှိရမည်ဖြစ်ပါ၍ မယ်မဲ့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် နဝမတန်း ၄၈ ဦး၊ ဒသမတန်း ၆၄ ဦး စုစုပေါင်း အထက်တန်းအဆင့်သင် ကျာင်းသား ၁၁၂ ဦးသာရှိသောကြောင့် သတ်မှတ်မူဘောင်နှင့်မကိုက်ညီပါသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
