ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ မန်ကတ်ကျေးရွာ အုပ်စု၊ မန်ကောင်းကျေးရွာအနီး နမ့်မိုက်ချောင်းပေါ်တွင် တောင်သူများမှ ကိုယ်ထူကိုယ်ထနှစ်စဉ် ဆောက်လုပ်လာခဲ့သည့် လယ်ရေသွင်း ဆည် တစ်ခုရှိပါကြောင်း၊ ၎င်းဆည်သည် အလျားပေ ၂၀ x အမြင့် ၁၀ ပေ အရှေ့ဘက်ဘေးနံရံ ၆၀ ပေ၊ အနောက်ဘက်ဘေးနံရံ ၇၀ ပေခန့်ရှိပြီး ဒေသထွက် သစ်၊ ဝါးများ အသုံးပြု တည်ဆောက်ထားရသဖြင့် နှစ်စဉ်ပြန်လည် ပြုပြင်တည်ဆောက် ရပြီး မိုးများ ရေကြီးသည့် နှစ်များတွင် နှစ်ကြိမ် ပြန်လည်ပြုပြင်တည်ဆောက်ရခြင်းများ ရှိခဲ့ပါကြောင်း၊ ၎င်းဆည်သည် လယ်ဧက ၁၀၀ ကျော် ရေရရှိရေးအတွက် အားထားနေရသဖြင့် ကွန်ကရစ်ဆည်အဖြစ် တည်ဆောက်လိုသည့်အတွက် ကျေးရွာလယ်သမားများက တင်ပြလာပါကြောင်း၊ သို့ဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်း ကျေးရွာအနီး နမ့်မိုက်ချောင်းပေါ်တွင် လယ်ရေသွင်း ဆည်ကို သံကူကွန်ကရစ်ဆည်အဖြစ် တည်ဆောက်နိုင်ရန် ရန်ပုံငွေ လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါက မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့် မေးမြန်းသည့် တန်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာအနီး နမ့်မိုက်ဆည်ကို RC ကွန်ကရစ်နှင့် အပြီးသတ်တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မန်ကတ် ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာအနီး နမ့်မိုက်ချောင်းပေါ်တွင် ဒေသနေတောင်သူများအနေဖြင့် ၎င်းတို့၏ အစီအစဉ်ဖြင့် သစ်၊ ဝါးများ အသုံးပြုပြီး ယာယီရေလွှဲဆည် တစ်ခုကို တည်ဆောက် ထားပါကြောင်း၊ ၎င်းယာယီ ရေလွှဲဆည်မှ လယ်မြေ ဧက ၁၂၀ ခန့်အတွက် စိုက်ပျိုးရေ ရယူလျက် ရှိပါကြောင်း၊ နှစ်စဉ် မိုးရာသီတွင် ချောင်းရေ တိုက်စားသည့်အတွက် အဆိုပါ ယာယီ ရေလွှဲဆည် ကျိုးပေါက်ပျက်စီးပြီး စိုက်ပျိုးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် အခိုင်အမာ ရေလွှဲဆည် တည်ဆောက်ရန်အတွက် လိုအပ်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ အခိုင်အမာ ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးနိုင်ရန်အတွက် လိုအပ်သည့် ကွင်းဆင်းစူးစမ်း တိုင်းတာမှု လုပ်ငန်းများကို စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့် ဧရိယာတွင် နယ်မြေလုံခြုံရေး ထိန်းသိမ်း ဆောင်ရွက်နေရသည့် ဒေသဖြစ်သည့်အတွက် လတ်တလောအားဖြင့် အစီအစဉ် မရှိသေးပါကြောင်း၊ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ မရှိသေးပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေ ကောင်းမွန်လာသည်နှင့်အမျှ ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ဖြစ်မြောက်နိုင်စွမ်း အခြေအနေကို အသိပေး တင်ပြပေးသွားပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးစိုင်းမောင်ပွင့်(တန့်ယန်းမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
၎င်းမန်ကတ် ကျေးရွာအုပ်စုသည် မန်ပန်ပြည်သူ့စစ်၊ ဌာနေပြည်သူ့စစ် လုံခြုံရေးယူထားသည့် နေရာဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံရေး မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးအနေဖြင့် ပြန်လည်စဉ်းစားပေးရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ပြန်လည် စိစစ်ပါမည်၊ ပြန်လည်စိစစ်ပြီးသည်နှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
