(ခ)မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သော ရေထိန်းကန် (ရွှေလက်ပံ)ရေကန် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၃.၁၂.၂၀၁၉)

 

မကွေးမြို့ပတ်လမ်း၏ ဝဲ/ယာတွင် ရှိသည့် မြေဝိုင်း၊ အိမ်ဝိုင်းများသည် အလွန် ဈေးကောင်းပါကြောင်း၊ တစ်ချိန်က နှစ်ပေါင်းများစွာက လက်ပံရိုးချောင်းကို ရေထိန်းကန် လုပ်ထားသည့် ရေထိန်းကန် ရှိပါကြောင်း၊ ဘေးတွင် ဆည်မြောင်းဝင်း ရှိပါကြောင်း၊ ၎င်းရေထိန်းကန်လေးကို ၂၀၁၀ ခုနှစ်ဝန်းကျင်က အိမ်ဝိုင်းကွက် ရှစ်ကွက် ချခဲ့ပါကြောင်း၊ အိမ်ဝိုင်းကွက်များ ချလိုက်သည့်အတွက် ၎င်းကန်သည် မြေဖို့ပြီး ကျန်သည့် ရေမြောင်း ဖြစ်လာရပါကြောင်း၊ မြေဖို့ပြီး ကန်၏ ဘေးတွင် အိမ်ဝိုင်းကွက်ကို ချပြီး အိမ်ဝိုင်းများ ယူသွားသည့် အခြေအနေဖြစ်ကြောင်း၊ ရေတံခါး ရှိခဲ့ပါကြောင်း၊ သို့သော် ယခု ရေတံခါး မရှိတော့ကြောင်း၊ ဆည်မြောင်း ဝန်ကြီးဌာနက လုပ်ထားသည့် ရေတံခါးဖြစ်ကြောင်း၊ မိုးများ ရွာသည့်အချိန်တွင် ရပ်ကွက်အတွင်းတွင် ရေလျှံသည့်အတွက် အောင်ဇေယျာရပ်ကွက်တွင် နှစ်စဉ်ရေဘေး ဒုက္ခကြုံပြီး လွန်ခဲ့တဲ့ ငါးနှစ်ခန့်က လူအသေအပျောက်တောင် ရှိပါတယ်။ အောင်မင်္ဂလာအုပ်စုဟာ အိမ်ထောင်စု ၆၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀ နီးပါး ရှိပါကြောင်း၊ မိုးသည်းထန်စွာ ရွာသည့်အချိန်တွင် ရေထွက်ပေါက် မရှိသည့်အတွက် အားလုံး ဒုက္ခ တွေ့ကြုံကြရပါကြောင်း၊ ရေလျှံ နေကြောင်း၊ ကန်တွင် ရေထိန်းတံခါး ရှိသည့်အချိန်က အောက်ဘက်တွင် ရှိသည့် ကန်သာကန်ထဲကို တစ်ချိန်တုန်းက ရေဝင်ရန် ရေစစ်ကန် လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မြင့် ကိုယ်တိုင် ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြောင်း၊

၎င်းအခြေအနေများကြောင့် မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ်ကွက်  မြို့ပတ် လမ်းတွင် ရှိသည့် လက်ပံရိုးခေါ်သည့် ရွှေလက်ပံရေထိန်းကန်တွင် ရှေးနှစ်ပေါင်းများစွာက တည်ရှိခဲ့ ပြီး ရေထိန်းတံခါးကို ဆည်မြောင်းဝန်ကြီးဌာနက တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် ပတ်ဝန်းကျင်က ၎င်းရေကန်တွင် အိမ်ဝိုင်းကွက်ရှစ်ကွက် ချထားခဲ့သည့်အတွက် ရေကန်အတွင်း မြေဖို့ပြီး ဝိုင်းကွက်များ ဖန်တီးခဲ့သည့် နောက်ပိုင်းတွင် အောင်ဇေယျရပ်ကွက်တွင် မိုးရာသီရောက်တိုင်း ရေကြီး ရေလျှံ ဖြစ်ခဲ့ရပါကြောင်း၊ ကန်၏ အောက်ဘက်တွင် ရှိသည့် ရန်ကင်းရပ်၊ ရန်မျိုးလုံရပ်၊ ရန်မျိုးနိုင်ရပ်ကွက်တို့တွင် နှစ်စဉ် ရေဘေး ကြုံခဲ့ရပါကြောင်း၊ ဥပဒေနဲ့အညီ ရွှေလက်ပံရေထိန်းကန်ကို ပြန်လည် တူးဖော်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်း ဒေသကြီး၊ မကွေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၏ မကွေးမြို့နယ်၊ အောင်‌မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သည့် ရေထိန်းကန် ရွှေလက်ပံရေကန် ပြန်လည်တူးဖော် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုယ်စား ဖြေကြားတင်ပြသွားမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၃၀-၁၀-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးမှတ်တမ်း အမှတ်စဉ်(၄၁/၂၀၁၉)ဆုံးဖြတ်ချက် အပိုဒ် ၇၇ အရ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သည့် ရေထိန်းကန်(ရွှေလက်ပံ)ရေကန်သည် မြေပြင်အနေအထားအရ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရေစုကန် ချိုင့်ဝှမ်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ ကွင်းအမှတ်(၂၀) ရန်ကင်းတောင်ဧရိယာ ၁.၃၇၉ ဧကခန့်ရှိ ကန်မြေနေရာရှိပါကြောင်း၊

တင်ပြပါ ရန်ကင်းရပ်ကွက်၏ မူလရေထိန်းကန် ရွှေလက်ပံရေထိန်း ကန်နေရာ၏ အထက်မှ ဦးပိုင်အမှတ်၊ C(၁၈/၄၀)၊ C(၁၉/၅၁)၊ C(၃၇/၅၃) အိမ်ဝိုင်းမြေကွက်များကို ၁၉၈၉ ခုနှစ်တွင် မြေကွက်များ ဖော်ထုတ်ရေး တိုင်းကြီးကြပ်မှု ကော်မတီမှ ချထားပေးခဲ့သည့် အိမ်ဝိုင်းမြေကွက်များ ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်းမြေကွက်များသည် ရေကန်ပေါင်၏ နှုတ်ခမ်း အစပ်နေရာများတွင် ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်မှ ချထားပေးခဲ့သည့်  မြေကွက်များ ဖြစ်ပါကြောင်း၊ နောက် ဦးပိုင်အမှတ်၊ C(၁၇/၃၉)နှင့် C(၃၆/၃၈)၊ C(၁၈၂/၄၁)သည် မကွေးတိုင်းဒေသကြီး မြို့ကွက်များ ဖော်ထုတ်ရေး တိုင်းကြီးကြပ်မှု ကော်မတီ၏  ၂၀-၃-၁၉၉၁ ရက်စွဲပါစာအမှတ်၊ ၁၁၀၉/၁-၉/တဝတ(မကွေး)မှ ချထားပေးခဲ့သည့် အိမ်ဝိုင်းမြေကွက်များဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်းမြေကွက်များအနက် C(၃၆/၃၈)နှင့် C(၁၇/၃၉)တို့သည် ကန်ပေါင်အစပ်တွင် တည်ရှိပြီး ကန်အစိတ်အပိုင်း၏ အနည်းငယ် ၁၀ ပုံ တစ်ပုံခန့် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ C(၁၈၂/၄၁)အကွက်သည် ရေကန်၏ အတွင်းပိုင်းကို ရှစ်ပုံခုနစ်ပုံခန့် ရောက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊

ဦးပိုင်အမှတ် (၁၇၅/၄၉)၊ (၁၇၆/၄၇)မြေကွက်များသည် မကွေးတိုင်းဒေသကြီး မြေကွက်များ ဖော်ထုတ်ရေး တိုင်းကြီးကြပ်မှုကော်မတီ၏ ၁၃-၁၁-၁၉၉၇ ရက်စွဲပါ စာအမှတ်၊ ၁၁၁၉/၁-၉/တဝတ(မကွေး)မှ ချထားပေးခဲ့သည့် အိမ်ဝိုင်းမြေကွက်များ ဖြစ်သည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ ၎င်းမြေကွက်နှစ်ကွက်သည် ကန်ဧရိယာအတွင်းကို ရောက်ရှိနေသည့် နေရာများ ဖြစ်ပါကြောင်း၊ ဦးပိုင်အမှတ်(၁၇၇/၄၆)၊ (၁၇၈/၄၈)၊ (၁၇၉/၅၀)၊ (၁၈၀/၅၂)၊ (၁၈၁/၄၂)၊ (၁၈၃/၄၄)၊ (၁၈၄/၄၃) အိမ်ဝိုင်းမြေကွက်များသည် မကွေးတိုင်းဒေသကြီး အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ လမ်းညွှန်ချက်အရ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ကန်ကွက်အတွင်း အိမ်ဝိုင်း မြေကွက်ခုနစ်ကွက်နှင့် (၂)လမ်းမြေနေရာကို ဖော်ထုတ်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်း အထဲတွင် (၁၈၀/၅၂)မြေကွက်သည် ကန်အတွင်း တစ်ဝက်ရောက်ရှိနေပြီး ကျန်ခြောက်ကွက်နှင့် (၂)လမ်းသည် ကန်ဧရိယာအတွင်းတွင်ရှိသည့် မြေနေရာများကို ‌ဖော်ထုတ်ထားသည့် မြေကွက်များ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

အထက်ဖော်ပြပါ အခြေအနေကို သုံးသပ်ကြည့်ခြင်းအားဖြင့် ၁၉၈၉ ခုနှစ်၊ ၁၉၉၂ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် မြို့ကွက်ဖော်ထုတ်‌ရေး တိုင်းကြီးကြပ်မှု ကော်မတီများမှ ကန်နှုတ်ခမ်းစပ် ပတ်ပတ်လည်ကို အိမ်ဝိုင်းမြေကွက်များ ချထားပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ် မကွေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ကန်ကွက် အတွင်း အိမ်ဝိုင်းမြေကွက်များ ချထားပေးရာတွင် ရေကန်အတွင်းမှ မြေကွက်များကို ချထားခြင်း ဖြစ်ပြီး မြေကွက် ချထားပေးသည့် အသေးစိတ် အခြေအနေကို ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း၊

ဦးပိုင်အမှတ်(၁၇၇/၄၆) ဧရိယာ ၀.၁၁၉ ဧကနှင့် ဦးပိုင်အမှတ် (၁၇၈/၄၈) ဧရိယာ ၀.၁၁၉ ဧက တို့ကို တိုင်းရဲမှူးကြီးတစ်ဦးအား ချထားပေးခဲ့ပြီး လက်ရှိမြေပြင် အသုံးချမှုအနေဖြင့် အဆောက်အအုံ ဆောက်လုပ် အသုံးပြုထားခြင်း မရှိကြောင်း၊ ဦးပိုင်အမှတ်(၁၇၉/၅၀) ဧရိယာ ၀.၁၁၉ ဧကအား ဒုတိယရဲမှူးကြီးတစ်ဦးသို့ ချထားပေးခဲ့ပြီး လက်ရှိမြေပြင် အသုံးချမှုအနေဖြင့် အဆောက်အအုံ ဆောက်လုပ် အသုံးပြုထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဦးပိုင်အမှတ် (၁၈၁/၄၂)ဧရိယာ ၀.၁၁၉ ဧကအား ရဲမှူးကြီးတစ်ဦး အမည်ဖြင့်လည်းကောင်း ချထားပေးခဲ့ပြီး ၁၀ နှစ်မြေငှားဂရန် ရရှိထားပြီး လက်ရှိမြေပြင် အသုံးချမှုအနေဖြင့် အဆောက်အအုံ အသုံးပြုခြင်းမရှိဘဲ ဝန်းခြံခတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဦးပိုင်အမှတ်(၁၈၃/၄၄)ဧရိယာ ၀.၁၁၉ ဧကနှင့် ဦးပိုင်အမှတ် (၁၈၄/၄၃) ဧရိယာ ၀.၁၁၉ ဧကတို့ကို ရဲမှူးကြီးတစ်ဦးသို့  ချထားပေးခဲ့ပြီး ၁၀ နှစ်စီ မြေငှားဂရန် ရရှိထားကာ ဒေါ်သန်းသန်းစော အမည်သို့ မူလဂရန်သက်တမ်းအတိုင်း အမည်ပြောင်းထားကြောင်းနှင့် လက်ရှိမြေပြင် အသုံးချမှုအနေဖြင့် အဆောက်အအုံ ဆောက်လုပ်ထားခြင်းမရှိ ခြံဝန်းများ ခတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊

ဦးပိုင်အမှတ် (၁၈၂/၄၁) ဧရိယာ ၀.၁၁၉ ဧကသည် ၁-၈-၁၉၈၉ ရက်နေ့တွင် ဦးသိန်းလှ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအား ချထားပေးခဲ့သော်လည်း အဆိုပါ မြေနေရာကို ရေမြောင်း တံတား တည်ဆောက်ရေး ဆပ်ကော်မတီက မြေသားတမံဖြင့် ရိုးပိတ်ရန် ရေလှောင်ကန် တည်ဆောက်ရမည်ဖြစ်၍ မလွဲမသွေ ပျက်စီးမည်ဖြစ်ပါကြောင်း တင်ပြချက်အရ ၎င်းမြေကို ဦးသိန်းလှအား ပေးထားရာမှ အခြားမြေကွက်ကို အစားထိုး ပြောင်ရွှေ့ပေးခဲ့ကြောင်းကိုလည်း မြေစာရင်း၏ မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ထို့ကြောင့် ၁၉၈၉ ခုနှစ်တွင် ဆောင်ရွက်နေသည့် မြို့ကွက်များ ဖော်ထုတ်ရေး တိုင်းကြီးကြပ်မှု ကော်မတီနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့သည် ၎င်းကန်မြေနေရာကို ကန်ပြန်လည်ဖော်ထုတ်ရန်အတွက် အစီအစဉ်ရှိနေသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ရေထိန်းကန်မြေနေရာတွင် မြေကွက် ချထားပေးခဲ့မှုကြောင့် ရေလမ်းကြောင်းများ ပိတ်ဆို့ပြီး ရေကြီးရေလျှံမှုများ ဖြစ်‌ပေါ်ပြီး ရေဘေးဒုက္ခ ခံစားနေရခြင်း ဖြစ်ပါကြောင်း၊

၂၀၀၈ ခုနှစ်မှာ အိမ်ဝိုင်းမြေကွက်များ ချထား‌ပေးသည့်အပြင်၁၀ နှစ်ဂရန်များ ပေးထားသည့် အကွက်များသည် ယခုထက်တိုင် ခြံဝန်းသာ ခတ်ထားပြီး အဆောက်အအုံ ဆောက်လုပ်ထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာအား ရေထိန်းကန်ပြန်လည် တူးဖော်‌ပေးမည်ဆိုပါက ဂရန်သက်တမ်းများ ထပ်မံတိုးမပေးခြင်း မပြုဘဲ ပြန်လည်သိမ်းယူပြီး ဆက်လက်ဆောင်ရွက်လျှင် ရရှိနိုင်မည်ဟု သုံးသပ်ထား ရှိပါကြောင်း၊ ယခင်က ထိုရေထိန်းကန်မှ ရေတို့သည် အနီးရှိ လယ်ကွက်များသို့ စီးဝင်ကြပါကြောင်း၊ ယခုအခါ လယ်ကွက်များလည်း မရှိတော့ကြောင်း၊ ထို့ကြောင့် ရေလမ်းကြောင်းပိတ်ဆို့၍ ရေကြီးရေလျှံမှု ပြဿနာအား ၎င်းကန်ကို ပြန်လည်မတူး ၎င်းကန်အလယ် နေရာဖြစ်သည့် ယခု (၂)လမ်းနေရာအား ရေမြောင်းကို ကျယ်ကျယ်ပြန့်ပြန့်တူး၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့်လည်း ဖြေရှင်း ဆောင်ရွက်နိုင်မည်ဟု သုံးသပ် ရရှိပါတယ်။ သို့ဖြစ်ပါ၍ ယခုအခါ ဒေသခံပြည်သူ ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး သဘောထား ဖော်ပြထားပါသဖြင့် ပြည်သူတို့၏ ဆန္ဒ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ သဘောထား၊ ပညာရှင်များ၏ အကြံပြုချက်၊ ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်၊ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ် တွက်ချက်တွေ့ရှိမှု၊ ဘဏ္ဍာ‌‌ငွေ ရရှိနိုင်မှု အခြေအနေ စသည်တို့အပေါ်မူတည်၍ သင့်လျော်သည့် နည်းလမ်းတစ်ခုခုကို ရွေးချယ်ပြီး အောင်ဇေယျာရပ်ကွက် ရေကြီးရေလျှံခြင်းဒုက္ခ ကင်းဝေးစေရေးအတွက် အမြန်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဦး(မကွေးမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည့်ပြည့်စုံစုံ ဖြေကြားသွားသည့် အတွက် ကျေးဇူး တင်ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မကွေးမြို့ကို ရောက်ရှိစဉ်က ရပ်ကွက်သူရပ်ကွက်သားများမှ တင်ပြခဲ့ကြသည်များ ရှိပါကြောင်း၊ မိုးတွင်မတိုင်ခင်အချိန်တွင် ယခုကိစ္စကို ဆောင်ရွက်မည်လား ဆိုသည်ကို သိချင်ပါကြောင်း၊ တိုးချဲ့ ရပ်ကွက်များ၊ အိမ်နေရာများ ချထားသည့် အချိန်က သိရှိလိုက်နာရန် အချက်များဆိုပြီး စည်းကမ်းချက်များ ချပေးခဲ့ခြင်းများ ရှိပါကြောင်း၊ မိမိအိမ်ထောင်စုသာ အမှန်နေထိုင်ရမည်။ အိမ်ဝိုင်းကွက်အား ရောင်းစားခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လုံးဝမပြုလုပ်ရ။ စသည့် အချက်များ ပါပါကြောင်း၊ သတ်မှတ် ထားသည့် ကာလအတွင်းတွင် ပြောင်းရွှေ့နေထိုင်ခြင်း မပြုပါက ချထားပေးသည့် အကွက်ကို ပြန်လည် သိမ်းယူမည့်အပြင် ပေးသွင်းထားသည့် ငွေကို ပြန်ထုတ်ပေးမည် မဟုတ်ကြောင်း၊ တိုးချဲ့ရပ်ကွက် စိစစ်နေရာချထားရေး ဆပ်ကော်မတီဟု ညွှန်ကြားချက်များ ထုတ်ထားပါကြောင်း၊ ယခုမေးခွန်းကို မိမိမေးရသည့် အကြောင်းရှိပါကြောင်း၊ အာဏာရပါက စီးပွားဖြစ်ကြောင်း၊ အာဏာရပါက၊ ရာထူးရပါက ၎င်းတို့လုပ်ချင်သည်များကို လုပ်၍ရကြောင်း၊ ထိုကဲ့သို့ စနစ်များ နောက်ထပ် မပေါ်ပေါက်စေရန် မေးရခြင်း ဖြစ်ကြောင်း၊ မိုးမတိုင်ခင် ယခုကိစ္စကို ဆောင်ရွက်ပေးနိုင်၊ မပေးနိုင် သိရှိလိုပါကြောင်းမေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမှ မေးမြန်းထားသည့် မေးခွန်းအနေဖြင့် အချက် (၂) ချက်ကို တွေ့ရှိရပါကြောင်း၊ ပထမတစ်ချက်သည် မြေကွက်များနှင့်ပတ်သက်ပြီး စည်းကမ်းများလိုက်နာမှု အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းထားခြင်းနှင့် နောက်တစ်ချက်သည် မိုးမတိုင်မီ ဆောင်ရွက်ခြင်း ရှိ/မရှိ မေးခွန်းနှစ်ခုကို တွေ့ရှိရပါကြောင်း၊ ပထမတစ်ချက် ဖြစ်သည့် စည်းကမ်းများ လိုက်နာမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြေကွက်ချထားသည့် ကော်မတီများတွင် သက်ဆိုင်သည့် မြေကွက်များ၊ စည်းကမ်းများ ချထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အပိုဒ် ၇ တွင် ရေထိန်းကန် ပြန်လည်တူးဖော်‌ပေးမည် ဆိုပါက ဂရန်သက်တမ်းများ ထပ်မံတိုး မပေးခြင်း မပြုဘဲ ပြန်လည်သိမ်းယူပြီး ဆက်လက် ဆောင်ရွက်လျှင် ရရှိနိုင်မည်ဟု သုံးသပ်ထားသည်ဆိုသည့် အချက်တစ်ချက် ပါရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းအချက်တစ်ချက်ကို ဂရန်များ မပေးဘဲ မြေကွက်ကို ပြန်သိမ်းပြီး ကန်တူးဖော်ရေးအတွက် လုပ်ဆောင်မည်ဆိုသည့် အချက်တစ်ချက်ကိုလည်း တိုင်းဒေသကြီးအစိုးရက မမြင်ခြင်း မဟုတ်ကြောင်း စဉ်းစား ဆောင်ရွက်နေသည်ကို ဖော်ပြထားခြင်းကို တွေ့ရှိရပါကြောင်း၊

ဒုတိယတစ်ချက်သည် ၎င်းတို့အနေဖြင့်  အဓိကသည် ရေကြီးရေလျှံခြင်းကို ဖြေရှင်းရန် ဖြစ်သည့်အတွက် ဒုတိယနည်းလမ်းဖြစ်သည့် မြေကွက်ကို ပြန်မသိမ်းခြင်း မပြုဘဲ (၂)လမ်းနေရာရှိ ရေမြောင်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် တူးမည်ဆိုပါက ရေစီးရေလာကောင်းပြီး ရေကြီးရေလျှံမှု ပြဿနာ ပြေလည်သွားနိုင်မည် ဆိုသည့် အချက်တစ်ချက် ၎င်းနှစ်ချက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စဉ်းစားနေခြင်းဖြစ်သည့်အတွက် ရေကြီးရေလျှံမှု ပြဿနာအတွက်ကို နည်းလမ်း တစ်ခုခုဖြင့် ဆောင်ရွက်ပေးမည်ဆိုသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပြထားကြောင်း ကို ထပ်မံပြီး Height Light လုပ်ပြီး တင်ပြလိုပါကြောင်း၊ ဒုတိယတစ်ချက်ဖြစ်သည့် မိုးရာသီမတိုင်မှီ  ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိဆိုသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည် မေးမြန်း တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။