(က)-ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ် ရေစီးရေလာ ကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေလျာထား သတ်မှတ်ပေးပြီး လမ်းမကြီး(၁၀)လမ်းကို အုတ်ပါတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ်ရေမြောင်းများ အမြန်ဆုံးပြုလုပ်ပေး၍ဆက်စပ်လျက်ရှိသောသိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ် ဆက်စပ်မြောင်း များကို ရှင်းလင်း ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ်(တောင်ပိုင်း) ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စီမံချက်များရေးဆွဲ၍ ဘဏ္ဍာငွေ လျာထား သတ်မှတ်ပေးပြီး လမ်းမကြီး(၁၀)လမ်းကို အုတ်ပါတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ အမြန်ဆုံး ပြုလုပ်ပေး၍ ဆက်စပ်လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ်ဆက်စပ်မြောင်းများကို ရှင်းလင်းပေး ပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို မေးမြန်းမည့် ဖြစ်ကြောင်း၊
မြို့နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲများတွင် မြို့နယ်နေပြည်သူလူထုမှ အထူးဆောင်ရွက် ပေးစေချင်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည် တည်ထောင်ပြီး နှစ်ပေါင်း ၂၀ ကျော် ၃၀ နှစ် ရှိခဲ့ပြီ ဖြစ်သော်လည်း ရေစီးရေလာ ကောင်းမွန်ရေးသည် နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါကြောင်း၊ နှစ်စဉ် မိုးတွင်း ရောက်သည့်အချိန်များတွင် စာသင်ကျောင်းတချို့ ရေမြုပ်၍ ကျောင်းပိတ်နေရခြင်း၊ ရပ်ကွက်အချို့ လမ်းများ၊ အိမ်အောက်ထပ်များ ရေမြုပ်နေရခြင်း၊ ရေမြောင်းများ ပိတ်ဆို့၍ ရေစီးရေလာ မကောင်းခြင်းတို့ကို ကြုံတွေ့နေရပြီး ၁၀၆၊ ၁၀၇၊ ၁၀၄၊ ၁၀၅ ရပ်ကွက်များသည် နွေရာသီဖြစ်သော်လည်း ရေမြုပ်နေရပါကြောင်း၊ စည်ပင်သာယာအဖွဲ့ မြို့နယ်ပြည်သူများ စုပေါင်း၍ မြောင်းဆယ်ခြင်း၊ မြောင်းဖောက်ခြင်းများ နှစ်စဉ်နှစ်တိုင်း လုပ်နေကြပြီး ၎င်းမြောင်းများမှာလည်း နှစ်စဉ်ပြန်လည် ပိတ်မြဲပိတ်ပြီး လုံးချာလည်နေရသဖြင့် လူပန်း၊ ငွေပန်း ဖြစ်နေရပါကြောင်း၊ အဓိက လမ်းမကြီးများ ဖြစ်သည့် ပြည်ထောင်စု လမ်းမကြီး၊ လှော်ကားလမ်းမကြီး၊ စည်ပင်သာယာ လမ်းမကြီး၊ ရတနာပုံလမ်းမကြီး၊ မောင်းမကန် ကမ်းသာလမ်းမကြီး၊ ကျန်စစ်သားလမ်း၊ ပုဂံလမ်း၊ ရိုးမရိပ်သာလမ်း၊ ဂရုဏလမ်း၊ မင်းရဲကောင်းမွန် လမ်းများကို အုပ်ပါတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ ပြုလုပ်ပြီး အဓိက ရေထွက်ပေါက်များ ဖြစ်သည့် သိမ်ကျောင်းချောင်း ရေထွက်ပေါက်၊ သနက(၃) ခြံစည်းရိုးဝင်းမှတစ်ဆင့် ဘဲတန်းချောင်း ရေထွက်ပေါက်၊ မြယမုံစမ်းရေ ထွက်ပေါက်၊ မဓကကြီး ချောင်းရေထွက်ပေါက်၊ ဧရာဝဏ်လမ်း မြောင်းရေထွက်ပေါက်များကို ရှင်းလင်းပြီး ရေများ ထွက်စေခြင်းဖြင့် ၎င်းရေစီးရေလာ ကိစ္စကို ပြေလည်သွားမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် အုပ်ပါတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ ပြုလုပ်ပေးရန် မြို့နယ်တစ်ခုလုံးအတွက် စီမံချက်ရေးဆွဲပြီး ဘဏ္ဍာနှစ်အလိုက် ခွဲဝေချထားပြီး မည်သည့်ဘဏ္ဍာနှစ် တွင် တစ်မြို့နယ်လုံး ပြီးစီးအောင် ဆောင်ရွက်ပေးသည်ကို ရှင်းရှင်းလင်းလင်း သိချင်ပါကြောင်း၊ ချပြစေချင်ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒသဘောထား ဖြစ်ပါကြောင်း၊ သို့အတွက် ယခုမေးခွန်းကို မေးခြင်းဖြစ်ပါကြောင်း၊ မြို့နယ်၏ ဒေသအလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် သက်ဆိုင်ရာ မြစ်ချောင်း ထွက်ပေါက်များ၊ ပြည်ထောင်စုလမ်းမကြီး၊ စည်ပင်သာလမ်းမကြီး၊ မောင်းမကန် လမ်းမကြီးနှင့် လှော်ကားလမ်းမကြီးများကို အုတ်ပါတ်ကားမြောင်း ပြုလုပ်ပေးခြင်းဖြင့် သိမ်ကျောင်းချောင်းနှင့် မြယမုံစမ်ရေထွက်ပေါက်မှ ငမိုးရိပ်မြစ်ထဲကို စီးဆင်းသွားမည် ဖြစ်ပါကြောင်း၊ ရတနာပုံလမ်း၊ ကျန်စစ်သားလမ်း၊ ရိုးမရိပ်သာလမ်း၊ ဂရုဏာလမ်းများကို အုတ်ပါတ်ကား ရေမြောင်းများ ပြုလုပ်ပေးခြင်းဖြင့် သနက(၃) ခြံစည်းရိုး မှတစ်ဆင့် ဘဲတန်းချောင်းမှတစ်ဆင့် ငမိုးရိပ်မြစ်ထဲကို စီးဆင်းသွားမည် ဖြစ်ပါကြောင်း၊ တခြားလမ်းများသည် မဓမရိုးချောင်း၊ ဧရာဝဏ်မြောင်းများတွင် စီးဝင်သွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တော်ဝန်ကြီး ဦးမောင်စိုးအား ဖိတ်ခေါ်၍ နှစ်ကြိမ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး ညွှန်ကြားပေးခဲ့ခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာမှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးအား ဖိတ်ခေါ်၍ နှစ်ကြိမ်တိုင် လာရောက်ညွှန်ကြား ပေးခဲ့သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ရှစ်ပေမြောင်း ၅၇၀ ပေတစ်ခုနှင့် ခြောက်ပေ မြောင်း ပေ ၁၃၀၀ တစ်ခုကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ရှစ်ပေမြောင်း ပေ ၅၀၀ ချထားပေးခဲ့ပါကြောင်း၊။ ထို့ကြောင့် အမြန်ဆုံး စီမံချက်များ ချမှတ်စီမံ ဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုရခြင်း ဖြစ်ပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေလျာထား သတ်မှတ်ပေးပြီး ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီး၊ စည်ပင်သာယာလမ်းမကြီး၊ ရတနာပုံလမ်းမကြီး၊ မောင်းမကန်ကမ်းသာ လမ်းမကြီး အပါအဝင် လမ်းမကြီး(၁၀)လမ်းကို အုတ်ပါတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ အမြန်ဆုံး ပြုလုပ်ပေး၍ ဆက်စပ်လျက်ရှိသော သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ် ဆက်စပ်မြောင်းများကို ရှင်းလင်းပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်ကို မိမိမှကိုယ်စား ဖြေကြားတင်ပြသွားမည် ဖြစ်ပါကြောင်း၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စီမံချက်ရေးဆွဲ၍ ဘဏ္ဍာငွေ လျာထားသတ်မှတ်ပေးပြီး လမ်းမကြီး(၁၀)လမ်းကို အုတ်ပါတ်ကား ရေမြောင်းများ သို့မဟုတ် ပရီကတ် ရေမြောင်းများ အမြန်ဆုံး ပြုလုပ်ပေးရန်အတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လမ်းမကြီး(၁၀)လမ်းနှင့် ဆက်စပ်လျက်ရှိသည့် သိမ်ကျောင်းချောင်း၊ ဘဲတန်းချောင်း၊ ကွေ့မချောင်း၊ မဓမကြီးရိုးချောင်းနှင့် ဧရာဝဏ် ဆက်စပ်မြောင်းများကို စီမံချက် ရေးဆွဲ၍ ရှင်းလင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်းဖြေကြားပါသည်။
