(င)-ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာအနီးတစ်ဝိုက်တွင် ခွင့်ပြုထားသော သတ္တုတူးဖော်ရေး ကုမ္ပဏီများကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေခြင်းရှိ/မရှိ စိစစ်၍ ဥပဒေနှင့် မညီ သည်များကို စိစစ်အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကောလင်းမြို့နယ်သည့် ရွှေထွက်ရာအရပ်ဒေသဖြစ်သည့်အတွက် ရွှေကုမ္ပဏီများ၊ ဒေသခံ လက်လုပ်လက်စားများနှင့် အိမ်ဝိုင်းလေးနှင့် လုပ်ကိုင်နေသူများကအစ ရှိသည့် အရပ်ဒေသ ဖြစ်ပါကြောင်း၊ ယခုနှစ်အစောပိုင်းတွင် ရှမ်းကလုံးဒေသတစ်ဝိုက်က ကုမ္ပဏီ များကို လေ့လာကြည့်ခဲ့ပါကြောင်း၊ ယင်းသို့လေ့လာကြည့်ရာတွင် တရုတ်ပြည်က နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့အနေဖြင့် တရားဝင်နေထိုင်ခွင့် ရှိ/မရှိမေးမြန်းရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ခွင့်ပြုချက်တောင်းထားသည်ဟု ဖြေဆိုကြပါကြောင်း၊
နောက်တစ်ချက်တွေ့ရှိရသည်မှာ ကြေးနီစမ်းသပ်ရှာဖွေလုပ်ကွက်ရထားသည့် အကြီးစား လုပ်ငန်းများတွင် ရွှေချက်လုပ်ငန်းများ လုပ်ကိုင်နေသည့် စက်ရုံအသေးစားလေးများကို တွေ့ပါကြောင်း၊ ရွှေကို Fine Product ရအောင် ပြုလုပ်ခြင်း မဟုတ်ဘဲ အမြှုပ်အဆင့်ထိ အောင်ပြုလုပ်ကာ အမြှုပ်ဖြစ်ပြီဆိုပါက တရုတ်ပြည်ကို တိုက်ရိုက်ပို့ပါသည်ဟုဆိုပါကြောင်း၊ အဆိုပါအမြှုပ်ကို ပို့ခွင့်ရှိ/မရှိ မေးမြန်းရာတွင် ရှိသည့်ကုမ္ပဏီနှင့်ပူးပေါင်း ပို့ခြင်းဖြစ်ကြောင်းကို ပြန်လည်ဖြေကြားပါကြောင်း၊
ထို့ကြောင့် အမြှုပ်ကို ပို့သည်ဆိုပါက နံပါတ်(၁) ချက်လုပ်ခွင့်ရှိ/မရှိ၊ နံပါတ်(၂) ချက်လုပ်ခွင့်ရှိပါက အဆိုပါစက်ရုံ ပုံစံနှင့်လုပ်ခွင့်ရှိ/မရှိ၊ ယင်းကဲ့သို့ အမြှပ်များကို နိုင်ငံခြားကိုတိုက်ရိုက်ပို့မည်ဆိုပါက အဆိုပါအမြှပ်တွင် ရွှေမည်မျှ၊ ကြေးနီမည်မျှ ပါသည်ကို မသိနိုင်သည့်အတွက် မိမိတို့နိုင်ငံအတွက် အခွန်ဘယ်လိုရမည်မျှရမည်ဆိုသည့် မေးခွန်းများ ရှိလာပါကြောင်း၊
ထို့ကြောင့် ကောလင်းမြို့နယ်၊ ရှမ်းကလုံး ကျေးရွာအနီးတစ်ဝိုက်တွင် ခွင့်ပြုထားသော သတ္တုတူးဖော်ရေးကုမ္ပဏီများကို သတ်မှတ်ချက်အတိုင်း ဆောင်ရွက်နေခြင်းရှိ/မရှိ စိစစ်၍ ဥပဒေနှင့်မညီသည်များကို စိစစ်အရေးယူပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
ကောလင်း မြို့နယ်၊ ရှမ်းကလုံးကျေးရွာအနီးတစ်ဝိုက် ကြေးနီ၊ ရွှေနှင့်ဆက်စပ် သတ္တုများ ရှာဖွေးရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Reserves Development Co.,Ltd.၊ ရွှေနှင့် ဆက်စပ်သတ္တု ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံ Sichuan Chuandi(Myanmar)Co.,Ltd. နှင့် (ပြည်တွင်း) Maharsan Group Co.,Ltd. တို့ရှိပါကြောင်း၊ တူးဖော်ရေးလုပ်ငန်းများအနေဖြင့် အမှတ်(၂)သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားလုပ်ဆောင်နေသည့် ကုမ္ပဏီသုံးခု၏ လုပ်ကွက် ၁၁ ကွက်ရှိပါကြောင်း၊ အဆိုပါ လုပ်ကွက် ၁၁ ကွက်လုံးသည် သက်တမ်းကုန်လုပ်ကွက်များ ဖြစ်ပြီး အလတ်စားကို ကူးပြောင်းဆောင်ရွက်မည့် လုပ်ငန်းများဖြစ်ပါကြောင်း၊
အချို့ ကုမ္ပဏီများသည် ရွှေ သို့မဟုတ် ကြေးနီကို အမြှုပ်ပြုလုပ်ကာ နိုင်ငံခြား တင်ပို့ နေသဖြင့် တင်ပို့ခွင့်ရှိ/မရှိသိလိုခြင်းနှင့် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ ကုမ္ပဏီအနေနှင့် ကြေးနီသတ္တုသန့်စင်ရရှိရန် အမြှုပ်ဖော်နည်းစဉ် (Floatation Method)ကိုအသုံးပြုရပြီး သတ္တုသန့်စင်အနေဖြင့် အောက်ပါအတိုင်း တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ပင်လယ် နေကြယ် သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီသည် ကြေးနီသတ္တုရိုင်းကို သန့်စင်ပြီး ကြေးနီ သတ္တုသန့်စင်အနေဖြင့် ပြည်ပတင်ပို့လျက်ရှိရာ အရည်အသွေးမှာ ကြေးနီ ၁၉.၀၁ ရာခိုင်နှုန်း၊ ငွေ ၂၃.၅၈ ppm၊ အခွန်ကောက်ခံမှု ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်း၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းဝေစု ၃၀ ရာခိုင်နှုန်းကောက်ခံရရှိပါကြောင်း၊ ဒုဋ္ဌဝတီကြေးနီကုမ္ပဏီ သည် ကြေးနီသတ္တုသန့်စင်(Concentrate) အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပြီး ကြေးနီသတ္တုသန့်စင်အရည်အသွေးမှာ ကြေးနီ ၆ ရာခိုင်နှုန်း၊ အခွန်ကောက်ခံမှု ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်း၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းဝေစု ၃၀ ရာခိုင်နှုန်း ကောက်ခံ ရရှိပါကြောင်း၊ ဂိုးလ်ရယ်ဒီ ကုမ္ပဏီက ကြေးနီ သတ္တုသန့်စင်(Concentrate)တွေကိုလည်း ပြည်ပတင်ပို့ရောင်းချလျက်ရှိပြီး ကြေးနီ ၅.၅၄၆ ရာခိုင်နှုန်း၊ ရွှေ ၁၀.၈၇ ppmနှင့် ငွေ ၆၀ ppm၊ အခွန်ကောက်ခံမှု ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းနှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု ၃၀ ရာခိုင်နှုန်းကောက်ခံရရှိပါကြောင်း၊
ကြေးနီနှင့် အခြားသတ္တုများအတွက် အခွန်မှန်ကန်စွာပေးသွင်းခြင်းရှိ/မရှိနှင့် စပ်လျဉ်း၍ ကြေးနီသတ္တုများကို ပြည်ပသို့ တင်ပို့ရောင်းချရရာတွင် အခွန်အပြည့်အဝ ပေးသွင်းပြီးမှသာ ရောင်းချခွင့်ပြုပါကြောင်း၊ ကြေးနီခွင့်ပြုထားသော်လည်း ရွှေထွက်ရှိမှု ပမာဏများကြောင်း ကြားသိရခြင်းပတ်သက်၍ အဆိုပါကုမ္ပဏီများသည် ကြေးနီသတ္တု ထုတ်လုပ်မှု လျှောက်ထား သည့် ကုမ္ပဏီများဖြစ်ပြီး စမ်းသပ်တိုင်းတာမှု အစီရင်ခံစာအရ ကြေးနီသတ္တုပါဝင်မှု စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် ပမာဏရှိခြင်းကြောင့် ကြေးနီသတ္တုထုတ်လုပ် ခွင့်ပြုထားခြင်း ဖြစ်သော်လည်း ဈေးနှုန်းတွက်ချက်ရာတွင် ဓာတ်ခွဲစမ်းသပ်မှုအရပါဝင်သော ဓာတ်သတ္တု အားလုံးအတွက် ကောက်ခံလျက် ရှိပါကြောင်း၊ ခွင့်ပြုချက်မရှိသော နိုင်ငံခြားသားများ ဝင်ရောက်မှုနှင့်ပတ်သက်ပြီး အရေးယူရန်နှင့် စပ်လျဉ်း၍ လုပ်ကွက်အတွင်း နိုင်ငံခြားသားပညာရှင် ဝင်/ထွက်သွားလာခြင်းကို ဝန်ကြီးဌာနက(တရားဝင်) ခွင့်ပြုချက် ရရှိရသည့် အပြင် သက်ဆိုင်ရာဦးစီးဌာန/လုပ်ငန်းများမှလည်း Observer များ လိုက်ပါ ဆောင်ရွက်ရပါကြောင်း၊ ခွင့်ပြုချက်မရရှိဘဲ လုပ်ကွက်အတွင်း ဝင်ရောက်နေထိုင်မှု မရှိစေရန် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဌာနမှလည်းနိုင်ငံခြားသား ဝင်ရောက်မှုကို လစဉ်စစ်ဆေးလျက်ရှိပါကြောင်း၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများရှိပါက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဒေသအာဏာပိုင်တို့မှ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း ဝန်ကြီးဌာန လုပ်ကွက်စိစစ်ရေးအဖွဲ့များက စစ်ဆေး ဆောင်ရွက်လျက်ရှိကာ ခွင့်ပြုမိန့်နှင့် စာချုပ်စည်းကမ်းချက်များအပေါ် လိုက်နာ ဆောင်ရွက် မှုမရှိပါက သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြား ချက်များနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
